ဝါရှင်တန်မှာ ဖြစ်ပွားခဲ့တဲ့ ခရီးသည်တင်ရထား လမ်းချော်မှု


အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်မှာ လမ်းကြောင်းအသစ်သုံးပြီး ပထမဆုံးအကြိမ် ပြေးဆွဲခဲ့တဲ့ Amtrak ကုမ္ပဏီပိုင် ခရီးသည်တင်ရထားတစ်စင်း လမ်းချော်မှုဖြစ်ခဲ့ရာ လူသုံးဦးထက်မနည်း သေဆုံးခဲ့ပြီး အခြား ၇၂ ဦးကို ဆေးရုံသို့တင်ပို့ခဲ့ရပါတယ်။

ဒေသစံတော်ချိန် တနင်္လာနေ့ (ဒီဇင်ဘာ ၁၈ ရက်) မနက်ပိုင်း အသွားအလာများပြားချိန် ကားလမ်းဖြတ် တံတားတစ်စင်းပေါ်မှ ခုတ်မောင်းနေစဉ် ရထားလမ်းချော်မှုဖြစ်ကာ ရထားတွဲအချို့ဟာ အောက်ဘက်ရှိလမ်းမပေါ်ကို ထိုးကျခဲ့ကြောင်း သိရပါတယ်။

play


လမ်းချော်မှုဖြစ်ခဲ့တဲ့ ရထားပေါ်မှာ ခရီးသည် ၇၇ ဦးနဲ့ အမှုထမ်း ၇ ဦး လိုက်ပါလာလာခဲ့တယ်လို့ ဆိုပါတယ်။ ဆေးရုံတင်ခဲ့ရသူတွေအနက် ဒဏ်ရာပြင်းထန်သူတွေလည်း ပါဝင်ကြောင်း သတင်းတွေက ပြောပါတယ်။

လမ်းချော်ခဲ့တဲ့ ခရီးသည်တင်ရထားဟာ အမြန်နှုန်း တစ်နာရီလျှင် မိုင် ၃၀ ဖြင့် ခုတ်မောင်းရန်သတ်မှတ်ထားတဲ့ အကွေ့အကောက်နေရာမှာ တစ်နာရီလျှင် မိုင် ၈၀ အထိဖြင့် ခုတ်မောင်းခဲ့တယ်လို့လည်း သိရပါတယ်။

play


လမ်းချော်မှုဖြစ်ခဲ့တဲ့ ခရီးသည်တင်ရထားရဲ့ တွဲအားလုံးကို ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်းနဲ့ သေဆုံးသူအရေအတွက် တိုးမြင့်လာခြင်းမရှိကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ရထားလမ်းချော်မှုဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှု စတင်ဆောင်ရွက်နေပြီးဖြစ်ပြီး အဖြေရှာတွေ့နိုင်ရန် သီတင်းတစ်ပတ် သို့မဟုတ် ၁၀ ရက် ကြာနိုင်ကြောင်း National Transportation Safety Board (NTSB) မှ ပြောခွင့်ရအမျိုးသမီးက ဆိုပါတယ်။

play


လမ်းချော်မှုဖြစ်ခဲ့တဲ့ ခရီးသည်တင်ရထားမှာ တွဲ ၁၂ တွဲပါဝင်ပြီး ရထားအရှေ့ဘက်နဲ့ အနောက်ဘက်တို့မှာ အင်ဂျင်တွေ ပါရှိကြောင်း သိရပါတယ်။

အနောက်ဘက် အင်ဂျင်ရဲ့ အချက်အလက် မှတ်တမ်းတင်ကိရိယာကို ပြန်လည် စစ်ဆေးနိုင်ခဲ့ပြီး ရထားဟာ အမြန်နှုန်း တစ်နာရီလျှင် မိုင် ၃၀ သတ်မှတ်ထားတဲ့ လမ်းကြောင်းမှာ အမြန်နှုန်း တစ်နာရီလျှင် မိုင် ၈၀ ဖြင့် ခုတ်မောင်းခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။

လမ်းချော်မှုဖြစ်ခဲ့တဲ့ ခရီးသည်တင်ရထား

  • Amtrak ကုမ္ပဏီမှ ခရီးသည်တင်ရထားဖြစ်ပြီး ဒေသစံတော်ချိန် မနက် ၆ နာရီမှာ Point Defiance Bypass ရထားလမ်းကြောင်းသစ်ကနေ ပထမဆုံးအကြိမ် ပြေးဆွဲခဲ့ပါတယ်။
  • ခရီးသည်တင်းရထားမှာ တွဲပေါင်း ၁၄ တွဲပါဝင်ပြီး ၂ တွဲမှာ စက်ခေါင်းတွဲများ ဖြစ်ပါတယ်။
  • ရထားတွဲတစ်တွဲစီမှာ ခရီးသည် ၃၆ ဦး လိုက်ပါစီးနင်းနိုင်ပြီး လမ်းချော်မှုဖြစ်ခဲ့စဉ် ခရီးသည် ၇၇ ဦး လိုက်ပါလာခဲ့ပါတယ်။

လတ်တလောနှစ်များအတွင်း အမေရိကန် ရထားမတော်တဆမှုများ

  • မတ်လ၊ ၂၀၁၇ - မစ္စစ္စပီပြည်နယ် ဘီလော့ဇီမှာ ဘတ်စ်ကားတစ်စီးက ရထားလမ်းမပေါ်မှာ ချို့ယွင်းရပ်တန့်သွားရာက ရထားဝင်တိုက်ခဲ့မှုကြောင့် ဘတ်စ်ကားပေါ်မှာ လိုက်ပါလာသူ ၄ ဦး သေဆုံးခဲ့ပါတယ်။
  • မေလ၊ ၂၀၁၅ - ပင်ဆယ်လ်ဗေးနီးယားပြည်နယ် ဖီလာဒဲလ်ဖီးယားမှာ ခရီးသည်တင်ရထားတစ်စင်း လမ်းချော်ခဲ့မှုကြောင့် လူ ၈ ဦး သေဆုံးခဲ့ပါတယ်။
  • ဇန်နဝါရီလ၊ ၂၀၁၅ - တက္ကဆက်ပြည်နယ် အော်စတင်မှာ အကျဉ်းသား ၁၂ ဦးနဲ့ ရဲအရာရှိ ၃ ဦး လိုက်ပါလာတဲ့ အချုပ်ကားတစ်စီး တံတားပေါ်မှ လမ်းချော်ကာ ရထားတစ်စင်းနဲ့ တိုက်မိခဲ့ရာ အချုပ်ကားပေါ်မှ လူ ၁၀ ဦး သေဆုံးခဲ့ပါတယ်။
  • ဒီဇင်ဘာလ၊ ၂၀၁၃ - နယူးယော့ခ်မြို့ Bronx မှာ ခရီးသည်တင်ရထားမောင်းသူ အိပ်ငိုက်သွားခဲ့ရာမှ တစ်နာရီလျှင် မိုင် ၃၀ ခုတ်မောင်းရမယ့် အကွေ့နေရာမှာ ၈၂ မိုင်နှုန်းဖြင့် ခုတ်မောင်းခဲ့မိပြီး လမ်းချော်ခဲ့မှုကြောင့် လူ ၄ ဦး သေဆုံးခဲ့ပါတယ်။
  • ဇွန်လ၊ ၂၀၁၁ - နီဗားဒါးပြည်နယ် မီရီယမ်မှာ ကုန်တင်ကားတစ်စီးနဲ့ ခရီးသည်တင်ရထားတစ်စင်းတို့ လမ်းဖြတ်နေရာမှာ တိုက်မိခဲ့ကြရာ ကားမောင်းသူနဲ့ ရထားမောင်းသူ အပါအဝင် လူ ၆ ဦး သေဆုံးခဲ့ပါတယ်။
  • ဇွန်လ၊ ၂၀၀၉ - ဝါရှင်တန်ဒီစီမှာ မြေအောက်ရထားက ၎င်းရဲ့အရှေ့ဘက်မှ ရပ်နားထားတဲ့ ရထားကိုဝင်တိုက်ခဲ့ရာ ရထားမောင်းသူ အပါအဝင် လူ ၉ ဦး သေဆုံးခဲ့ပါတယ်။
  • စက်တင်ဘာလ၊ ၂၀၀၈ - လော့စ်အိန်ဂျလိစ်မှာ ရထားနှစ်စင်း ခေါင်းချင်းဆိုင်တိုက်မိခဲ့မှုကြောင့် လူ ၂၅ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးခဲ့သူတွေထဲမှာ ပါဝင်ခဲ့တဲ့ ရထားမောင်းသူဟာ ရထားချင်း မတိုက်မိခင် ၎င်းရဲ့ဖုန်းမှာ မက်ဆေ့ခ်ျပေးပို့ရန် စာရိုက်နေခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။
Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video