AD
AD
AD

အမေရိကန်အထက်လွှတ်တော် (United States Senate) က နိုင်ငံမှာ ဆယ်စုနှစ်သုံးခုကျော် ကျင့်သုံးလာခဲ့တဲ့ အခွန်ကောက်ခံမှုစနစ်ကို အလုံးစုံနီးပါး ပြုပြင်ပြောင်းလဲရန် အတည်ပြုလိုက်ကြောင်း သိရပါတယ်။

play
အထက်လွှတ်တော်မှ မစ်ခ်ျ မာ့ခ်ကွန်နယ်က ရှင်းလင်းပြောကြားစဉ်


ရီပတ်ဘလစ်ကင် လွှတ်တော်အမတ်တွေက ကော်ပိုရေးရှင်းများ၊ အသေးစား စီးပွားရေးလုပ်ငန်းများနဲ့ တစ်ဦးချင်းစီအတွက် အခွန်အခများ လျှော့ချခြင်းဖြင့် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်မယ်လို့ ပြောထားပါတယ်။

အခွန်ကောက်ခံမှုစနစ် ပြုပြင်ပြောင်းလဲရေးကို ကန့်ကွက်မဲပေးခဲ့ကြတဲ့ ဒီမိုကရက်တစ်တွေကတော့ အခွန်အခများ လျှော့ချခြင်းဟာ ချမ်းသာသူတွေကို အကျိုးဖြစ်ထွန်းစေပြီး နိုင်ငံတော်လိုငွေ မြင့်တက်လာနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။

အခွန်ကောက်ခံမှုစနစ် ပြုပြင်ပြောင်းလဲရေး အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၅၁ မဲနဲ့ ကန့်ကွက်မဲ ၄၈ မဲ ရလဒ်ထွက်ပေါ်ခဲ့ကြောင်း သိရပါတယ်။

play
မစ်ခ်ျ မာ့ခ်ကွန်နယ်နှင့် သမ္မတထရန့်


သမ္မတဒေါ်နယ်ထရန့် အစိုးရက တင်သွင်းထားတဲ့ အခွန်ကောက်ခံမှုစနစ် ပြုပြင်ပြောင်းလဲရေးကို နောက်ဆုံး အတည်ပြုချက်ရယူပြီး ဥပဒေပြုနိုင်ရန်အတွက် အမေရိကန်အောက်လွှတ်တော် (United States House of Representatives) သို့ ယနေ့ (ဒီဇင်ဘာ ၂၀ ရက်) ပြန်လည်တင်သွင်းသွားမှာ ဖြစ်ပါတယ်။

အမေရိကန်လွှတ်တော်နှစ်ရပ်အနက် အောက်လွှတ်တော်က ဥပဒေပြုအာဏာ ပိုမိုကျယ်ပြန့်စွာ ချုပ်ကိုင်ထားကြောင်းလည်း သိရပါတယ်။

play
သမ္မတထရန့်က Twitter မှာ ရေးသားထားမှု


အကယ်၍ အခွန်ကောက်ခံမှုစနစ် ပြုပြင်ပြောင်းလဲမှု အပြီးသတ် အတည်ပြုနိုင်ခဲ့ပါက သမ္မတထရန့်ရဲ့ ပထမဆုံး ဥပဒေပြုမှုဆိုင်ရာ အောင်မြင်မှုလည်း ဖြစ်လာမယ်လို့ ဆိုပါတယ်။

အထက်လွှတ်တော်မှာ အခွန်ကောက်ခံမှုစနစ် ပြုပြင်ပြောင်းလဲရေး အတည်ပြုခဲ့ပြီးနောက် ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ကြောင်းလည်း သိရပါတယ်။

 

အခွန်ကောက်ခံမှုစနစ် အဓိက အပြောင်းအလဲအချို့

  • ကော်ပိုရေးရှင်းတွေကို အခွန် ၃၅ ရာခိုင်နှုန်း ကောက်ခံနေရာမှ ၂၁ ရာခိုင်နှုန်းသို့ လျှော့ချပြောင်းလဲမည်။
  • တစ်ဦးချင်းစီကို ကောက်ခံနေတဲ့ အခွန်နှုန်းထားကိုလည်း ယာယီအားဖြင့် လျှော့ချသွားမည်။
  • အမွေဆက်ခံမှုဆိုင်ရာ အခွန်ကောက်ခံမှုနှုန်း လျှော့ချမည်။
  • ကလေးငယ်ဆိုင်ရာ အခွန်သက်သာခွင့်ကို တိုးမြှင့်မည်။
  • နိုင်ငံရပ်ခြားမှ ရရှိလာတဲ့ အမြတ်အစွန်းအပေါ် အခွန်ကောက်ခံမှုနှုန်း လျှော့ချမည်။
Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD