AD
AD
AD

အမေရိကန်က ဂျေရုဆလင်မ်မြို့ကို အစ္စရေးနိုင်ငံရဲ့ မြို့တော်အဖြစ် အသိအမှတ်ပြုခြင်းကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မဲခွဲဆုံးဖြတ်ပြီး ပယ်ချလိုက်ကြောင်း သိရပါတယ်။

ဂျေရုဆလင်မ်အရေး ကုလသမဂ္ဂ အထွေထွေညီလာခံ မဲခွဲဆုံးဖြတ်မှု


ဒီဇင်ဘာ ၂၁ ရက်က ပြလုပ်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အမေရိကန်က ဂျေရုဆလင်မ်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုခြင်းကို ပြန်ရုပ်သိမ်းရန် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၁၂၈ မဲ၊ ကန့်ကွက်မဲ ၉ မဲနဲ့ အခြား ၃၅ နိုင်ငံက မဲမပေးခဲ့ဘူးလို့ ဆိုပါတယ်။

ဂျေရုဆလင်မ်ကိစ္စကို မဲခွဲခြင်းမပြုမီ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံမဲပေးတဲ့ နိုင်ငံတွေအပေါ် အကူအညီပေးမှု ရပ်ဆိုင်းခြင်း အပါအဝင် တုံ့ပြန်မှုတွေ ပြုလုပ်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ခြိမ်းခြောက်ထားခဲ့ကြောင်းလည်း သိရပါတယ်။

play
ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပပြုလုပ်စဉ်


ကုလသမဂ္ဂမှာ မဲခွဲခြင်းမပြုမီ ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီးက အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ အကျပ်ကိုင် ခြိမ်းခြောက်မှုကို လက်မခံကြရန် တိုက်တွန်းခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နက်တန်ယာဟူကတော့ ကြိုတင်မျှော်မှန်းထားပြီးသား ရလဒ်ကို လက်မခံကြောင်းနဲ့ ကုလသမဂ္ဂဟာ အလိမ်အညာတွေနဲ့ နေရာတစ်ခုသာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

play
ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီး ရီယတ် အယ်လ်မာကီ


အမေရိကန်သမ္မတ ထရန့်က အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကြား အငြင်းပွားမှုတွေ အစဉ်အဆက် ရှိနေခဲ့တဲ့ ဂျေရုဆလင်မ်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုသွားမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် အဆိုပါကိစ္စကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မဲခွဲဆုံးဖြတ်လာခဲ့ရပါတယ်။

play
ကုလသမဂ္ဂ အထွေထွေညီလာခံ မဲခွဲမှုရလဒ်


ယခု မဲခွဲမှုအရ ဂျေရုဆလင်မ်ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန်က အသိအမှတ်ပြုမှုကို ပြန်ရုပ်သိမ်းရန် ကုလသမဂ္ဂအဖွဲ့ဝင် ၁၂၈ နိုင်ငံက ထောက်ခံခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဂျေရုဆလင်မ်မြို့အရေးဟာ အစ္စရေးနဲ့ ပါလက်စတိုင်း ပဋိပက္ခမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေခဲ့တာလည်း ဖြစ်ပါတယ်။

အစ္စရေးက ၁၉၆၇ ခုနှစ် အရှေ့အလယ်ပိုင်း စစ်ပွဲအတွင်း မြို့ရဲ့အရှေ့ပိုင်းကို သိမ်းပိုက်ခဲ့ပြီးနောက် ဂျေရုဆလင်မ်ကို နှစ်ပိုင်းခွဲခြားမရနိုင်တဲ့ ၎င်းတို့ရဲ့မြို့တော်အဖြစ် မှတ်ယူထားခဲ့ပါတယ်။

play
ကုလသမဂ္ဂ အထွေထွေညီလာခံမှာ နိုင်ငံအလိုက် မဲပေးမှုစာရင်း


ပါလက်စတိုင်းတို့ကလည်း အရှေ့ဂျေရုဆလင်မ်ကို အနာဂတ် ပါလက်စတိုင်းနိုင်ငံရဲ့ မြို့တော်အဖြစ် ပြောဆိုထားပြီး ဂျေရုဆလင်မ်အရေးကို ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ထည့်သွင်းဆွေးနွေးရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဂျေရုဆလင်မ်ဟာ အစ္စရေးရဲ့ အချုပ်အခြာဖြစ်ကြောင်းကို နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံထားခြင်းမရှိဘဲ နိုင်ငံအားလုံးက ၎င်းတို့ရဲ့ အစ္စရေးနိုင်ငံဆိုင်ရာ သံရုံးတွေကိုလည်း တဲလ်အဗစ်မြို့မှာသာ ထားရှိကြတာ ဖြစ်ပါတယ်။

play
သမ္မတထရန့် ဇနီးမောင်နှံနှင့် အစ္စရေးဝန်ကြီးချုပ်စုံတွဲ


သို့သော် သမ္မတထရန့်ကတော့ အမေရိကန်အစိုးရ အနေနဲ့ အမေရိကန်သံရုံး ပြောင်းရွှေ့မယ့်ကိစ္စကို စတင်လုပ်ဆောင်သွားမယ်လို့ မကြာသေးမီက ပြောခဲ့ပါတယ်။

ထရန့်က ဂျေရုဆလင်မ်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုမယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပြီးနောက် အာရပ်နဲ့ မွတ်ဆလင်မ်နိုင်ငံတွေရဲ့ တောင်းဆိုမှုအရ အဖွဲ့ဝင် ၁၉၃ နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ခေါ်ယူကျင်းပခဲ့ပြီး မဲခွဲဆုံးဖြတ်မှု ပြုလုပ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

play
ဂျေရုဆလင်မ်မြို့ မြင်ကွင်း


အမေရိကန်က ဂျေရုဆလင်မ်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုခြင်းကို ဂွာတီမာလာ၊ ဟွန်ဒူးရပ်စ်၊ တိုဂို၊ မိုက်ခရိုနက်စီယာ၊ နာအူယူ၊ ပါလာအူနဲ့ မာရှယ်ကျွန်းစုတို့က ထောက်ခံခဲ့ကြပါတယ်။

မဲခွဲဆုံးဖြတ်ရာမှာ မဲမပေးခဲ့ကြတဲ့ ၃၅ နိုင်ငံအနက် အာဂျင်တီနား၊ သြစတြေးလျ၊ ကနေဒါ၊ ခရိုအေးရှား၊ ချက်ရီပတ်ဘလစ်၊ ဟန်ဂေရီ၊ လတ်ဗီးယား၊ မက္ကစီကို၊ ဖိလစ်ပိုင်၊ ရိုမေးနီးယားနဲ့ ရဝမ်ဒါ အစရှိတဲ့ နိုင်ငံတွေ ပါဝင်ခဲ့ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မဲခွဲဆုံးဖြတ်မှုကို ယူကရိန်းနိုင်ငံ အပါအဝင် နိုင်ငံ ၂၁ နိုင်ငံက တက်ရောက်ခဲ့ခြင်း မရှိကြောင်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD