AD
AD
AD

ကတ်တလန် ကြားဖြတ်ရွေးကောက်ပွဲမှာ ခွဲထွက်ရေးလိုလားသူများ အနိုင်ရ


စပိန်နိုင်ငံ ကတ်တလိုနီးယားဒေသဆိုင်ရာ ကြားဖြတ်ရွေးကောက်ပွဲမှာ ခွဲထွက်ရေးလိုလားတဲ့ ပါတီတွေက လွှတ်တော်အမတ်နေရာအများစု အနိုင်ရရှိခဲ့ကြောင်း သိရပါတယ်။

ဒီဇင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ စပိန်လက်အောက်မှ ခွဲထွက်ရေးလိုလားသူတွေက အနိုင်ရရှိခဲ့မှုက ကတ်တလိုနီးယားဒေသကို လွတ်လပ်ရေးကြေညာမှု မအောင်မြင်ခဲ့ပြီးနောက်ပိုင်း စပိန်နိုင်ငံရေး အကျပ်အတည်းကို ဆယ်စုနှစ်များအတွင်း အဆိုးဆုံးအခြေအနေ ဖြစ်လာစေနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

play
ကတ်တလိုနီးယား ခေါင်းဆောင်ဟောင်း ကားလက်စ် ပူဒီမောင့်


မဲအရေအတွက် ၉၉.၆ ရာခိုင်နှုန်းကို ရေတွက်ပြီးစီးချိန်မှာ ခွဲထွက်ရေးလိုလားတဲ့ Together for Catalonia (JxCat), Republican Left of Catalonia (ERC) နဲ့ Popular Unity (CUP) ပါတီတို့က ကတ်တလိုနီးယားလွှတ်တော်ရဲ့ အမတ်နေရာ ၇၀ မှာ အနိုင်ရရှိခဲ့ပါတယ်။

play
အောင်ပွဲခံနေသည့် ခွဲထွက်ရေးလိုလားသူများ


ခွဲထွက်ရေးကိုဆန့်ကျင်တဲ့ Ciudadanos ပါတီက လွှတ်တော်အမတ် ၃၇ နေရာမှာ အနိုင်ရခဲ့ပေမဲ့ လွှတ်တော်မှာ သြဇာလွှမ်းမိုးနိုင်မှာ မဟုတ်ကြောင်းလည်း သိရပါတယ်။ ယခု ရွေးကောက်ပွဲရလဒ်အရ ခွဲထွက်ရေးလိုလားသူတွေက အမတ်နေရာ ၁၃၅ နေရာရှိတဲ့ ကတ်တလိုနီးယား ဒေသဆိုင်ရာလွှတ်တော်ကို ဆက်လက် ထိန်းချုပ်လာနိုင်မှာလည်း ဖြစ်ပါတယ်။

မဲရလဒ်များထွက်ပေါ်လာပြီးနောက် ရာထူးမှဖယ်ရှားခံခဲ့ရတဲ့ ကတ်တလိုနီးယား ခေါင်းဆောင်ဟောင်း ကားလက်စ် ပူဒီမောင့်က ဒေသဆိုင်ရာ ကြားဖြတ်ရွေးကောက်ပွဲမှာ စပိန်အစိုးရ ရှုံးနိမ့်ခဲ့ပြီလို့ ကြေညာပါတယ်။

play
Ciudadanos ပါတီခေါင်းဆောင်နှင့် လုပ်ဖော်ကိုင်ဖက်များ အောင်ပွဲခံစဉ်


လက်ရှိမှာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ရောက်ရှိနေတဲ့ ကားလက်စ်က ကြားဖြတ်ရွေးကောက်ပွဲရလဒ်ဟာ ကတ်တလန်ပြည်သူတွေရဲ့ အောင်ပွဲဖြစ်ကြောင်း ဂုဏ်ပြုပြောကြားလိုက်ပါတယ်။

ကတ်တလိုနီးယားဒေသ လွတ်လပ်ရေးကြေညာမှု မအောင်မြင်ခဲ့ပြီးနောက် အဆိုပါဒေသခေါင်းဆောင် ကားလက်စ် ပူဒီမောင့်နဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် ၄ ဦးတို့ဟာ ဘယ်လ်ဂျီယံနိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။

ထို့နောက် ဘယ်လ်ဂျီယံ အာဏာပိုင်များထံမှာ ၎င်းတို့ကိုယ်တိုင် လာရောက်အဖမ်းခံခဲ့ပြီး ဘယ်လ်ဂျီယံအစိုးရက ခြွင်းချက်ဖြင့် ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

play
စပိန်ဝန်ကြီးချုပ် မာရီယာနိုရာဂျွိုင်း


ကတ်တလိုနီးယားဒေသကို လွတ်လပ်ရေးကြေညာခဲ့မှုဖြင့် ဒေသဆိုင်ရာအစိုးရအဖွဲ့ကို စပိန်ဗဟိုအစိုးရက ဖျက်သိမ်းခဲ့ပြီး ခွဲထွက်ရေးလိုလားတဲ့ ကတ်တလိုးနီးယားခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

ကတ်တလိုနီးယား ဝန်ကြီးဟောင်းတွေကို နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အား အကြည်ညိုပျက်စေမှုနဲ့ ပြည်သူ့ရန်ပုံငွေများ အလွဲသုံးစားပြုမှုတို့ဖြင့် စွပ်စွဲထားခဲ့ကြောင်း သိရပါတယ်။

play
ခွဲထွက်ရေးလိုလားသူများ အောင်ပွဲခံနေစဉ်


အောက်တိုဘာ ၂၇ ရက်မှာ ကတ်တလိုနီးယား လွတ်လပ်ရေးကြေညာခဲ့ပြီးနောက် ထိုနေ့မှာပင် စပိန်ဗဟိုအစိုးရက အဆိုပါဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရုပ်သိမ်းပြီး ဒေသဆိုင်ရာအစိုးရအဖွဲ့ကို ဖယ်ရှားကာ တိုက်ရိုက်အုပ်ချုပ်မှု စတင်လုပ်ဆောင်ခဲ့ပါတယ်။

play
ကတ်တလိုနီးယား ဒေသဆိုင်ရာ ကြားဖြတ်ရွေးကောက်ပွဲ မဲပေးမှုမြင်ကွင်း


စပိန်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ကတ်တလိုနီးယားဒေသမှာ လူဦးရေ ၇.၅ သန်း နေထိုင်ကြပြီး ကိုယ်ပိုင် ဘာသာစကားနဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေ ရှိတယ်လို့ ဆိုပါတယ်။ အဆိုပါဒေသဟာ ကိုယ်ပိုင်အုပ်ချုပ်ရထားပေမဲ့ စပိန်နိုင်ငံ အခြေခံဥပဒေအရ သီးခြားနိုင်ငံအဖြစ် ခွဲထွက်ခွင့်မပြုထားကြောင်းလည်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD