AD
AD
AD

အိန္ဒိယနိုင်ငံတောင်ပိုင်း ဟိုက်ဒါရာဘတ်မြို့မှာ အချေအတင် စကားများရာက အမျိုးသမီးတစ်ဦး မီးရှို့အသတ်ခံခဲ့ရကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ပြောပါတယ်။

play


ဧည့်ကြိုတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်တဲ့ အသက် ၂၅ နှစ်အရွယ် ဆင်းဂ်ရာ ရာနီဟာ သူမရဲ့အိမ်ကို အပြန်လမ်းမှာ ဒီဇင်ဘာ ၂၁ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီဝန်းကျင်က မီးရှို့အသတ်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။

အနီးပတ်ဝန်းကျင်ရှိ လူတွေက သူမကို ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့ပေမဲ့ လမ်းမှာတင် သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

အမျိုးသမီးကို မီးရှို့သတ်ခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် ကာသစ်ခ် ဗန်ဂါဟာ သူမရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းဖြစ်ပြီး ရဲတပ်ဖွဲ့က ၎င်းကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

ကာသစ်ခ်ဟာ ရာနီ ဧည့်ကြိုဝန်ထမ်းအဖြစ် အလုပ်လုပ်တဲ့ ကုမ္ပဏီမှာပင် လွန်ခဲ့တဲ့ လအနည်းငယ်အထိ အလုပ်လုပ်ခဲ့သူဖြစ်ကြောင်း ရဲတပ်ဖွဲ့က BBC သတင်းဌာနကို ပြောပါတယ်။

play


ဒီဇင်ဘာ ၂၁ ရက် ညနေက ရာနီထံကို ကာသစ်ခ်က ချဉ်းကပ်ခဲ့ပြီးနောက် ၎င်းတို့နှစ်ဦး အချေအတင် စကားများခဲ့ကြတယ်လို့ ဆိုပါတယ်။ ထို့နောက် ကာသစ်ခ်က အသင့်ပါရှိလာတဲ့ ရေနံဆီကို ရာနီရဲ့ ကိုယ်ပေါ်သို့လောင်းချကာ မီးရှို့ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

အတည်မပြုနိုင်သေးတဲ့ ပြောဆိုမှုတွေအရ ၎င်းတို့နှစ်ဦးဟာ ပတ်သက်မှုရှိခဲ့ပြီး ကာသစ်ခ်က ရာနီကို လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက လက်ထပ်ခွင့်တောင်းထားခဲ့ကြောင်းနဲ့ ရာနီက အကြိမ်ကြိမ် ငြင်းပယ်ခဲ့တယ်လို့ ဆိုပါတယ်။ ကာသစ်ခ်ကို စွဲချက်တင်မှုနဲ့ ပတ်သက်ပြီး အတိအကျ မပြောနိုင်သေးကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

၂၀၁၂ ခုနှစ်က ဒေလီဘတ်စ်ကားတစ်စီးပေါ်မှာ ကျောင်းသူတစ်ဦးကို အုပ်စုဖွဲ့မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အိန္ဒိယမှာ အမျိုးသမီးများအား အကြမ်းဖက်မှုတွေအပေါ် အလေးထား တုံ့ပြန်မှုတွေ ရှိလာခဲ့ပြီး အလားတူ ကျူးလွန်တိုက်ခိုက်မှုတွေအတွက် ပိုမိုပြင်းထန်တဲ့ ဥပဒေများ သတ်မှတ်ပြဌာန်းခဲ့ပါတယ်။

သို့သော် အိန္ဒိယနိုင်ငံတစ်ဝှမ်း အမျိုးသမီးများနဲ့ ကလေးသူငယ်များကို လူမဆန်စွာ ကျူးလွန်တိုက်ခိုက်မှု သတင်းတွေ ထွက်ပေါ်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ အစိုးရက ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ နှစ်စဉ် ရာနဲ့ချီတဲ့ အမျိုးသမီးတွေဟာ အက်စစ်ဖြင့် အပက်ခံရမှု အပါအဝင် ကျူးလွန်တိုက်ခိုက်ခံနေကြရပါတယ်။

အမျိုးသမီးများ အကြမ်းဖက်ခံရမှု ဆန့်ကျင်ရေး စည်းရုံးလှုပ်ရှားသူတွေရဲ့ အဆိုအရ အမျိုးသမီးတွေကို သဝန်တိုတဲ့ ၎င်းတို့ရဲ့ လက်တွဲဖော်တွေနဲ့ တိတ်တခိုး ချစ်ကြိုက်နေသူတွေက မကြာခဏ ကျူးလွန်တိုက်ခိုက်မှုတွေ ရှိနေကြောင်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD