မလေးရှားရဲတပ်ဖွဲ့က အကြမ်းဖက်သမားအဖြစ် သံသယရှိသူ ၂၀ ဦးကို နိုင်ငံတစ်ဝှမ်း နေရာဒေသတွေကို ဝင်ရောက်စီးနင်းမှုအတွင်း ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သူတွေအနက် ဖိလစ်ပိုင် ၇ ဦး၊ အင်ဒိုနီးရှား ၅ ဦးနဲ့ မြောက်အာဖရိက တစ်ဦးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။

play


သံသယရှိမှုဖြင့် ဖမ်းဆီးခဲ့သူတွေအနက် အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တောင်ပိုင်းမှ အကြမ်းဖက်အုပ်စုတွေရဲ့ ခေါင်းဆောင်တွေလည်း ပါဝင်ကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောပါတယ်။

အကြမ်းဖက်သမားအဖြစ် သံသယရှိသူတွေကို နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အတွင်း ဂျိုဟာ၊ ဆီလန်ဂေါ၊ ကွာလာလမ်ပူနဲ့ ဆဘားတို့မှာ ဖမ်းဆီးခဲ့ခြင်း ဖြစ်တယ်လို့ မလေးရှားရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၂ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖမ်းဆီးခဲ့သူ ၁၆ ဦးဟာ ဖိလစ်ပိုင်တောင်ပိုင်းမှ အကြမ်းဖက်အုပ်စုများထံ ဝင်ရောက်ပူးပေါင်းရန် ကြိုးပမ်းနေခဲ့ကြောင်း သိရပါတယ်။

play


အရှေ့အလယ်ပိုင်းဒေသမှာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေတွေ လက်လွှတ်ဆုံးရှုံးလာခဲ့ရပြီးနောက် ဖိလစ်ပိုင်တောင်ပိုင်းရှိ မင်ဒါနာအိုကျွန်းဟာ စစ်သွေးကြွတွေရဲ့ အစွန်းရောက်ဝါဒလွှမ်မိုးရာ နယ်မြေသစ် ဖြစ်လာနိုင်တယ်လို့ အစောပိုင်းက သတိပေးမှုတွေ ထွက်ပေါ်ခဲ့ပြီးနောက် မလေးရှားမှာ ယခု ဖမ်းဆီးမှုတွေ လုပ်ဆောင်လာခဲ့တာလည်း ဖြစ်ပါတယ်။

"အိုင်အက်စ်အကြမ်းဖက်အုပ်စုက နယ်မြေသစ် ရှာဖွေနေတာကြောင့် မင်ဒါနာအိုဟာ ဂျီဟတ်နယ်မြေသစ်တစ်ခု ဖြစ်လာနိုင်ပါတယ်၊ မင်ဒါနာအိုဟာ သူတို့အတွက် ရွေးချယ်စရာတစ်ခုပါ" လို့ မလေးရှားရဲတပ်ဖွဲ့မှ စုံစမ်းရေးမှူးအကြီးအကဲ မိုဟမ်မက် ဖူဇီဟာရွန်က ပြောပါတယ်။

play


မလေးရှားမှာ ဖမ်းဆီးခဲ့သူ အများစုဟာ ဖိလစ်ပိုင်တောင်ပိုင်းမှာ ခြေကုပ်ရယူထားတဲ့ အဘူဆေယက်ဖ်အဖွဲ့ထံ ဝင်ရောက်ရန် ပြင်ဆင်နေခဲ့ကြတယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင်တောင်ပိုင်းရှိ အကြမ်းဖက်အုပ်စုထံ သွားရောက်ပူးပေါင်းရန် ကြိုးပမ်းနေခဲ့ကြောင်း သံသယရှိသူ ၁၅ ဦးထက်မနည်းကို စန်ဒါကန်နဲ့ ဆဘားတို့မှာ ဖမ်းဆီးနိုင်ခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောပါတယ်။ စန်ဒါကန်ဟာ မင်ဒါနာအိုကျွန်းကို သွားရောက်ရန်အတွက် အစွန်းရောက်တွေ ဖြတ်သန်းနေတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

play


စန်ဒါကန်မှာ ဒီဇင်ဘာ ၄ ရက်က အသက် ၃၁ နှစ်နဲ့ ၃၈ နှစ်အတွင်းရှိ အင်ဒိုနီးရှား ၄ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ ထို့နောက် ဒီဇင်ဘာ ၁၀ ရက်ကလည် စန်ဒါကန်မှာပင် အသက် ၁၆ နှစ်နဲ့ ၄၇ နှစ်အတွင်းရှိ မလေးရှား ၆ ဦးနဲ့ ဖိလစ်ပိုင် ၅ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သူတွေအနက် အသက် ၄၆ နှစ်အရွယ် မလေးရှားကျောင်းဆရာဟောင်းတစ်ဦးလည်း ပါဝင်ခဲ့ပြီး ၎င်းကို ဖိလစ်ပိုင်တောင်ပိုင်းရှိ အကြမ်းဖက်အုပ်စုများထံ သွားရောက်ပူးပေါင်းရန် ကြိုးပမ်းနေစဉ် ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ်မှာ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါတယ်။

မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့ ဖိလစ်ပိုင်တစ်ဦးဟာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို ထောက်ခံတဲ့ အဘူဆေယက်ဖ်အုပ်စုခေါင်းဆောင် အစ်နီလွန် ဟာပီလွန်နဲ့ အဆက်အသွယ်ရှိသူ ဖြစ်တယ်လို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video