အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ လူ ၅၀ ဦး လိုက်ပါလာတဲ့ ဘတ်စ်ကားတစ်စီး တံတားပေါ်မှထိုးကျသွားခဲ့ရာ ၃၃ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

play


အဆိုပါ ဘတ်စ်ကားကို အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦးက မောင်းနှင်လာခဲ့ကြောင်းနဲ့ အရှိန်မထိန်းနိုင်ဖြစ်ပြီးနောက် ပေ ၁၀၀ အမြင့်ကနေ တံတားအောက်ဘက်ရှိ ဘန်နက်စ်မြစ်အတွင်း ထိုးကျသွားခဲ့တာ ဖြစ်ပါတယ်။

မြစ်အတွင်းထိုးကျသွားတဲ့ ဘတ်စ်ကားပေါ်မှာ ဆာဝီမတ်ဟိုပူးရ်ဒေသရှိ ရမ်ဒက်ဗ်ဂျီဟိန္ဒူဘုရားကျောင်းကို သွားရောက်ကြတဲ့ ရာဂျက်စတန်ပြည်နယ်မှ ခရီးသည်များ လိုက်ပါလာခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာတွေက ဖော်ပြပါတယ်။

သေဆုံးသူတွေရဲ့ ရုပ်အလောင်းအများစုကို ပြန်လည် ဆယ်ယူနိုင်ခဲ့ပြီး ဒဏ်ရာရသူတွေကို နီးစပ်ရာ ဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

play


သေဆုံးသူတွေအနက် ဘတ်စ်ကားမောင်းသူလည်း ပါဝင်ခဲ့ပြီး ၎င်းဟာ ကားမောင်းသင်တန်း တက်ရောက်ထာခြင်းမရှိဘဲ ကားမောင်းလိုင်စင်အတွက်လည်း အသက်မပြည့်သေးသူဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ကိုးကားပြီး Hindustan Times သတင်းက ဖော်ပြခဲ့ပါတယ်။

ဒေသစံတော်ချိန် သောကြာနေ့ (ဒီဇင်ဘာ ၂၂ ရက်) ညပိုင်းက ဖြစ်ပွားခဲ့တဲ့ အဆိုပါ ယာဉ်မတော်တဆမှုအတွင်း သေဆုံးခဲ့သူအများစုဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ကယ်ဆယ်ရေးအဖွဲ့က မြစ်အတွင်း နစ်မြုပ်နေတဲ့ ဘတ်စ်ကားထဲမှာ ပိတ်မိနေသူအချို့ကို ကယ်ဆယ်နိုင်ခဲ့ပြီး နောက်ပိုင်းမှာ ဘတ်စ်ကားကို မြစ်ကမ်းနားပေါ်သို့ ပြန်လည်ဆယ်ယူခဲ့ကြောင်း သိရပါတယ်။

အိန္ဒိယနိုင်ငံမှာ ယာဉ်မတော်တဆမှုများ ဖြစ်ပွားမှုများပြီး ၄ မိနစ်တိုင်းမှာ ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ မတော်တဆမှု အများစုဟာ မော်တော်ယာဉ်များကို ပြုပြင်ထိန်းသိမ်းမှုနည်းခြင်း၊ မဆင်မခြင်မောင်းနှင်ခြင်းနဲ့ လမ်းမကောင်းခြင်းတို့ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video