ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ အပူပိုင်းမုန်တိုင်း တမ်ဘင် (Tembin) တိုက်ခတ်ခဲ့မှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၂၄၀ အထိ မြင့်တက်လာကြောင်းနဲ့ လူအများအပြား ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အာဏာပိုင်တွေက ယနေ့ (ဒီဇင်ဘာ ၂၅ ရက်) ပြောပါတယ်။

ဖိလစ်ပိုင်မှာ မုန်တိုင်းကြောင့် ရေကြီးမြေပြိုမှုများဖြစ်


အပူပိုင်းမုန်တိုင်း တမ်ဘင်ဟာ သောကြာနေ့ (ဒီဇင်ဘာ ၂၂ ရက်) က ဖိလစ်ပိုင်တောင်ပိုင်း အဓိက ကျွန်းမကြီးတစ်ခုဖြစ်တဲ့ မင်ဒါနာအိုကို ဝင်ရောက်တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာ နှစ်စဉ် မုန်တိုင်း ၂၀ ခန့် တိုက်ခတ်လေ့ရှိပေမဲ့ မင်ဒါနာအိုကို ဝင်ရောက်တိုက်ခိုက်မှု ရှားပါးကြောင်းလည်း သိရပါတယ်။

ယခုမုန်တိုင်းကြောင့် မင်ဒါနာအိုရှိ ဇမ်ဘိုအန်ဂါကျွန်းဆွယ်ဒေသမှာ သေဆုံးသူအရေအတွက် ၇၈ ဦးအထိ မြင့်တက်ခဲ့ကြောင်းနဲ့ လာနာအိုဒယ်လ်ဆာဒေသမှာ ၂၇ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

play


အပူပိုင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် မင်ဒါနာအိုကျွန်းရဲ့ မြောက်ဘက်ဒေသတွေမှာ ၁၃၅ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုထားပါတယ်။ မုန်တိုင်းတိုက်ခတ်ခဲ့ရာ ဒေသများအတွင်း ပျောက်ဆုံးနေသူ ၁၀၇ ဦးကို ကယ်ဆယ်ရေးအဖွဲ့က လိုက်လံရှာဖွေနေဆဲ ဖြစ်ပါတယ်။

အပူပိုင်းမုန်တိုင်း တိုက်ခတ်ခဲ့စဉ် ရွှံ့နွံပြိုကျမှုနဲ့ ရုတ်တရေ ရေကြီးမှုတွေကြောင့် လူအများအပြား သေဆုံးခဲ့ဖွယ်ရှိကြောင်းနဲ့ ရာနဲ့ချီတဲ့ နေအိမ်တွေဟာ ရေကြီးမှုအတွင်း မျောပါသွားခဲ့တာကြောင့်လည်း လူသေးဆုံးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

play


ပြည်သူ့ကာကွယ်ရေးဌာန တာဝန်ရှိသူတွေရဲ့ ပြောကြားမှုအရ လူဦးရေ ၅၂,၀၀၀ ပါဝင်တဲ့ မင်ဒါနာအို အိမ်ထောင်စု ၁၃,၀၀၀ ဟာ ယာယီခိုလှုံရေးစခန်းမှာ ရွှေ့ပြောင်းနေရကြောင်း သိရပါတယ်။

အပူပိုင်းမုန်တိုင်း တမ်ဘင်ဟာ တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၂၄ ရက်) အစောပိုင်းက တောင်တရုတ်ပင်လယ်ပြင်အတွင်း ရွေ့လျားသွားခဲ့ပြီး ဗီယက်နမ်တောင်ပိုင်းကို ဒီဇင်ဘာ ၂၅ ရက် နှောင်ပိုင်းမှာ ဝင်ရောက်တိုက်ခတ်နိုင်တယ်လို့ မိုးလေဝသဌာနတွေက ခန့်မှန်းထားပါတယ်။

play


ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုကျွန်း အရှေ့ပိုင်းဒေသတွေမှာ ၂၀၁၂ ခုနှစ်က တိုင်ဖွန်းမုန်တိုင်းဘိုဖာ (Typhoon Bopha) တိုက်ခတ်မှုကြောင့် လူ ၁,၉၀၀ သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ပါတယ်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလကလည်း မင်ဒါနာအို မြောက်ဘက်ကမ်းရိုးတန်းကို တိုင်ဖွန်းမုန်တိုင်း ဝါရှီ (Typhoon Washi) ဝင်ရောက်တိုက်ခတ်ခဲ့ရာ လူ ၁,၀၈၀ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

play


ဖိလစ်ပိုင်မှာ လူသေဆုံးမှုအများဆုံး ဖြစ်စေခဲ့တဲ့ မုန်တိုင်းတိုက်ခတ်မှုမှာ ၂၀၁၃ ခုနှစ်က တိုင်ဖွန်းမုန်တိုင်း ဟိုင်ယန်း (Typhoon Haiyan) တိုက်ခတ်ခဲ့မှုဖြစ်ပြီး လူပေါင်း ၇,၃၅၀ ကျော် သေဆုံးခဲ့ပါတယ်။ တိုင်ဖွန်းဟိုင်ယန် တိုက်ခတ်မှုကြောင့် ဖိလစ်ပိုင်အလယ်ပိုင်းရှိ မြို့ငယ်များ မြို့လုံးကျွတ် ပျက်စီးခဲ့ကြောင်း သိရပါတယ်။

ယခင်သတင်း - ဖိလစ်ပိုင်မှာ အပူပိုင်းမုန်တိုင်းတိုက်ခတ်မှု လူ ၂၀၀ နီးပါး သေဆုံး

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video