play


တရုတ်စစ်တပ်က ၁၉၈၉ ခုနှစ် တီအန်မင်ရင်ပြင် အရေးအခင်းမှာ ဆန္ဒပြသူတွေကို ဖြိုးခွင်းခဲ့မှုအတွင်း သေဆုံးသူအရေအတွက်ဟာ ၁၀,၀၀၀ ထက်မနည်း ဖြစ်တယ်လို့ ဗြိတိန်အစိုးရက အသစ်ထုတ်ပြန်လိုက်တဲ့ စာရွက်စာတမ်း မှတ်တမ်းတွေအရ သိရပါတယ်။

တီအန်မင်အရေးအခင်းမှာ သေဆုံးခဲ့သူအရေအတွက်ကို ထိုစဉ်က တရုတ်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ် အလန်ဒေါ်နယ် ပေးပို့ခဲ့တဲ့ သံတမန်ဆိုင်ရာ လျှို့ဝှက်ကြေးနန်းမှာ ဖော်ပြထားခဲ့တယ်လို့ ဆိုပါတယ်။

play


တီအန်မင်အရေးအခင်းမှာ လူသေဆုံးမှုအရေအတွက် သတင်းရင်းမြစ်ဟာ တရုတ်အစိုးရကောင်စီအဖွဲ့ဝင် မိတ်ဆွေတစ်ဦး ဖြစ်တယ်လို့လည်း ဗြိတိန်သံအမတ်က ပြောပါတယ်။

မူလက ခန့်မှန်းမှုတွေအရ တီအန်မင်ရင်ပြင် အရေးအခင်းမှာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူ ရာဂဏန်းကနေ ၁,၀၀၀ ကျော်အထိ သေဆုံးခဲ့ကြောင်း နိုင်ငံတကာက သိထားခဲ့ကြတာ ဖြစ်ပါတယ်။

တရုတ်အစိုးရက တီအန်မင်အရေးအခင်းနဲ့ ပတ်သက်ပြီး ၁၉၈၉ ခုနှစ် ဇွန်လကုန်မှာ သတင်းထုတ်ပြန်ခဲ့ရာ အရပ်သား ၂၀၀ နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ဒါဇင်နဲ့ချီပြီး သေဆုံးခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

play
ဗြိတိန်သံအမတ်၏ ကြေးနန်းစာ


တရုတ်စစ်တပ်က တော်လှန်ပုန်ကုန်မှု တန်ပြန်ဖြိုခွင်းမှုတွေကို ၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်မှာ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ထိုစဉ်က ဗြိတိန်သံအမတ် အလန်ဒေါ်နယ်ထံက ဇွန်လ ၅ ရက်မှာ လန်ဒန်ကို ကြေးနန်းပေးပို့ခဲ့ခြင်းဖြစ်ပြီး ၎င်းရဲ့ သတင်းရင်းမြစ်ဟာ တရုတ်နိုင်ငံတော်ကောင်စီ အဖွဲ့ဝင်တစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

ဗြိတိန်သံအမတ်ရဲ့ တီအန်မင်အရေးအခင်း ကြေးနန်းပေးပို့မှုကို လန်ဒန်မှာ လျှို့ဝှက်အဆင့်ဖြင့် ထိန်းသိမ်းထားခဲ့ရာက ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း လျှို့ဝှက်အဆင့်မှ ပယ်ဖျက်ခဲ့ပြီးနောက် ဟောင်ကောင်သတင်းဝက်ဘ်ဆိုက် HK01 မှာ စတင်ဖော်ပြခဲ့ပါတယ်။

play


ဗြိတိန်သံအမတ် အလန်ဒေါ်နယ်က ၎င်းရဲ့ သတင်းရင်းမြစ်ဟာ ယုံကြည်စိတ်ချရပြီး ထင်ကြေးပေးပြောဆိုမှုနဲ့ ကောလာဟလတွေကို ဂရုတစိုက် ဝေဖန်ပိုင်းခြားခဲ့တယ်လို့ ပြောပါတယ်။

တီအန်မင်ရင်ပြင်မှာ နေရာယူထားတဲ့ ကျောင်းသားတွေက ၎င်းတို့ကို ထွက်ခွာကြရန် တစ်နာရီ အချိန်ပေးထားတယ်လို့ နားလည်ထားခဲ့ကြပေမဲ့ ၅ မိနစ်မျှသာကြာပြီးနောက် တရုတ်စစ်တပ်က တင့်ကားများဖြင့် ဖြိုခွင်းတိုက်ခိုက်ခဲ့တယ်လို့ ဗြိတိန်သံအမတ်ရဲ့ ကြေးနန်းမှာ ဖော်ပြခဲ့ပါတယ်။

ကျောင်းသားတွေက တစ်ဦးနဲ့တစ်ဦး လက်မောင်းချင်းချိတ်ထားခဲ့ကြပေမဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရာက စစ်သားများအပါအဝင် ပြိုလဲကျခဲ့ကြတယ်လို့ ဆိုပါတယ်။

play


ထို့နောက် တင့်ကားတွေက လဲကျနေသူတွေကို ပြားချပ်သွားတဲ့အထိ အကြိမ်ကြိမ် တက်ကြိတ်ခဲ့ပြီးနောက် အလောင်းတွေကို မြေထိုးစက်ဖြင့် ကောက်ယူသိမ်းဆည်းသွားခဲ့ကြောင်း သိရပါတယ်။

မြေထိုးစက်ဖြင့် စုဆောင်းကောက်ယူထားတဲ့ အလောင်းတွေကို မီးရှို့ဖျက်ဆီးပြီးနောက် ကျန်ရှိတဲ့ပြာတွေကို ရေထဲသို့စွန့်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။

တီအန်မင်အရေးအခင်းမှာ ဒဏ်ရာရနေတဲ့ ကျောင်းသူ ၄ ဦးက ၎င်းတို့ကိုမသတ်ရန် တောင်းပန်ခဲ့ကြပေမဲ့ စစ်သားတွေက လှံစွပ်ဖြင့်ထိုးသတ်ခဲ့ကြောင်းလည်း ဗြိတိန်သံအမတ်ရဲ့ ကြေးနန်းပေးပို့မှုမှာ ဖော်ပြထားခဲ့ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video