အိန္ဒိယနိုင်ငံက ၂၀၁၈ ခုနှစ်မှာ ဗြိတိန်နဲ့ပြင်သစ်ကို ဖြတ်ကျော်ကာ ကမ္ဘာ့ ပဉ္စမမြောက် စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံ ဖြစ်လာမယ်လို့ လတ်တလော ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာတစ်စောင်က ဖော်ပြထားပါတယ်။

play
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တော် မြင်ကွင်းတစ်ခု


လက်ရှိမှာ ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံစာရင်းရဲ့ သတ္တမမြောက်နေရာမှာ ရပ်တည်နေတဲ့ အိန္ဒိယဟာ ၂၀၁၈ ခုနှစ်မှာ ပဉ္စမမြောက်နဲ့ ၂၀၃၂ ခုနှစ်မှာ တတိယမြောက် စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံဖြစ်လာမယ်လို့ ဒီဇင်ဘာ ၂၆ ရက်က ထုတ်ပြန်လိုက်တဲ့ လန်ဒန်အခြေစိုက် Centre for Economics and Business Research (CEBR) ရဲ့ အစီရင်ခံစာက ဆိုပါတယ်။

၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီက တန်ဖိုးကြီးငွေစက္ကူတွေကို ရုတ်တရက် ပယ်ဖျက်ခဲ့ပြီးနောက် အိန္ဒိယစီးပွားရေးဟာ ယခု ဘဏ္ဍာနှစ်ရဲ့ ပထမသုံးလပတ်မှာ ကျဆင်းခဲ့သေးပါတယ်။

play
အိန္ဒိယနိုင်ငံမှာ လုပ်ငန်းခွင်တစ်ခု


ယခုနှစ် ဇွန်လကုန်အထိ အိန္ဒိယရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ၅.၇ သို့ ကျဆင်းခဲ့ပေမဲ့ တတိယ သုံးလပတ်အကုန်ဖြစ်တဲ့ စက်တင်ဘာလကုန်မှာတော့ ၆.၃ ရာခိုင်နှုန်းအဖြစ် အနည်းငယ် ပြန်လည် တိုးတက်လာခဲ့ပါတယ်။

"အိန္ဒိယစီးပွားရေးက ယာယီကျဆင်းမှုတွေ ရှိနေပေမဲ့ ဗြိတိန်နဲ့ပြင်သစ်ကို အမီလိုက်နိုင်ဆဲဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ အဲဒီ ၂ နိုင်ငံလုံးကို ဖြတ်ကျော်ပြီး ကမ္ဘာ့ ပဉ္စမမြောက် စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာမှာပါ" လို့ CEBR ရဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်ကလပ်စ် မက်ဝီလီယံက ပြောပါတယ်။

စွမ်းအင်ဈေးနှုန်းသက်သာမှုနဲ့ ဒီစ်ဂျစ်တယ်စနစ် ပြောင်းလဲမှုတို့က ကမ္ဘာတစ်ဝှမ်း စီးပွားရေးတိုးတက်မှုကို အထောက်အပံ့ ဖြစ်စေကြောင်း CEBR အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

play
အိန္ဒိယဝန်ကြီးချုပ် မိုဒီ


ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို အိန္ဒိယ၊ တရုတ်နဲ့ ဂျပန် အပါအဝင် အာရှနိုင်ငံတွေက အဓိကျတဲ့ အခန်းကဏ္ဍကနေ လွှမ်းမိုးချုပ်ကိုလာမယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

လက်ရှိမှာ ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး ဖြစ်နေတဲ့ အမေရိကန်ရဲ့နေရာကို ၂၀၃၀ ခုနှစ်မှာ တရုတ်နိုင်ငံ ရယူသွားလိမ့်မယ်လို့ CEBR အစီရင်ခံစာက ခန့်မှန်ထားကြောင်းလည်း သိရပါတယ်။

အိန္ဒိယနိုင်ငံက ယခု ရာစုနှစ်ရဲ့ ဒုတိယကာလမှာ ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံဖြစ်လာနိုင်တယ်လို့ အဆိုပါ အစီရင်ခံစာက ပြောထားပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video