AD
AD
AD

၂၀၁၇ ခုနှစ်အတွင်းမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့တဲ့ ကမ္ဘာ့သတင်းဖြစ်ရပ် အများအပြား ရှိခဲ့ပါတယ်။ ဒီသတင်းဖြစ်ရပ်တွေထဲက အထင်ရှားဆုံး ၁၀ ခုကို Duwun က ကောက်နုတ်ဖော်ပြထားပါတယ်။

လှုပ်လှုပ်ခတ်ခတ် ဒေါ်နယ်ထရန့်

ဇန်နဝါရီလ ၂၀ ရက်မှာ အမေရိကန်ရဲ့ ၄၅ ယောက်မြောက် သမ္မတဖြစ်လာခဲ့တဲ့ အသက် ၇၀ အရွယ် ရီပတ်ဘလစ်ကင်ပါတီမှ ဘီလျံနာကြီး ဒေါ်နယ်ထရန့်က ၂၀၁၇ မှာ သတင်းအဖြစ်ဆုံး ကမ္ဘာ့ခေါင်းဆောင်လို့ ဆိုနိုင်ပါတယ်။

ထရန့်က အိမ်ဖြူတော်ကို တရားဝင်ရောက်ရှိပြီး ရက်ပိုင်းအတွင်းမှာပင် ရွေးကောက်ပွဲမဲဆွယ်စဉ်က ပြောဆိုထားခဲ့တဲ့အတိုင်း ပစိဖိတ်ကုန်သွယ်ရေး သဘောတူညီမှုမှ အမေရိကန်နိုင်ငံ နုတ်ထွက်ရန် သမ္မတအမိန့်ညွှန်ကြားချက်ကို လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

play


သမ္မတထရန့်က အမေရိကန်သာ ပထမဦးစားပေးလို့ ကြွေးကြော်ထားတဲ့ ၎င်းရဲ့မူဝါဒအတိုင်း ယခင်သမ္မတလက်ထက်က ဆောင်ရွက်ထားမှုတွေကို ပြောင်းလဲပစ်ခဲ့ပါတယ်။ ရွှေ့ပြောင်းအခြေချသူများအရေး၊ ပါရီရာသီဥတုသဘောတူညီချက် အစအရှိတဲ့ ကိစ္စရပ်တွေမှာ ထရန့် အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။

ရွှေ့ပြောင်းအခြေချသူများအရေးနဲ့ ပတ်သက်ပြီး ထရန့်ရဲ့ သမ္မတအမိန့်ညွန်ကြားချက်ကို ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ ဥပဒေအရ စိန်ခေါ်မှုတွေကလည်း လှုပ်ခတ်ခဲ့တဲ့ သတင်းတွေဖြစ်ခဲ့ပါတယ်။ မက္ကစီကိုနဲ့နယ်စပ်ဒေမှာ တံတိုင်းတည်ဆောက်ရေး မက္ကစီကိုနိုင်ငံက အကုန်အကျခံပေးရမယ်လို့လည်း သမ္မတထရန့်က အခိုင်အမာ တောင်းဆိုခဲ့ပါတယ်။

play


မြောက်ကိုရီးယားအရေးမှာလည်း ထရန့်က ပြင်းထန်တဲ့ သတိပေးမှု၊ စကားလုံးဖြင့် တိုက်ခိုက်ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ရာ လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ပါတယ်။

ယခုနောက်ဆုံး ထရန့်နဲ့ပတ်သက်ပြီး လှုပ်ခတ်ခဲ့တဲ့ သတင်းကတော့ အစ္စရေးနဲ့ပါလက်စတိုင်းတို့ကြား ကာလရှည်ကြာ အငြင်းပွားမှုတွေရှိနေခဲ့တဲ့ ဂျေရုဆလင်မ်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုမယ်လို့ ဆုံးဖြတ်ခဲ့မှု ဖြစ်ပါတယ်။

ဒီလို ဆုံးဖြတ်ခဲ့မှုအပေါ် ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပပြုလုပ်ပြီး မဲခွဲပယ်ချမှုတွေ ဖြစ်လာခဲ့ပါတယ်။ ကုလသမဂ္ဂက ဂျေရုဆလင်မ်အရေးကိစ္စမှာ​ ၎င်းရဲ့ ဆုံးဖြတ်ချက်ကို မဲခွဲပယ်ချခဲ့ပြီးနောက် သမ္မတထရန့်က ကုလသမဂ္ဂကို အမေရိကန်က ရံပုံငွေထောက်ပံ့နေမှု လျှော့ချသွားရန် လုပ်ဆောင်လာခဲ့ပါတယ်။

မြောက်ကိုရီးယားအရေး တင်းမာမှုများ

စက်တင်ဘာ ၃ ရက်မှာ မြောက်ကိုရီးယားနိုင်ငံက ဟိုက်ဒရိုဂျင်ဗုံးတစ်လုံးကို အောင်မြင်စွာ စမ်းသပ်ခဲ့မှုနဲ့ ယခုနှစ်အတွင်း ဒုံးကျည်စမ်းသပ်မှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့မှုတွေအပေါ် အမေရိကန်နဲ့ နိုင်ငံရေးတင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။

အမေရိကန်မှာ ဒေါ်နယ်ထရန့် သမ္မတဖြစ်လာပြီးနောက် မြောက်ကိုရီးယားအရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုတွေက အလုပ်မဖြစ်ဘူးလို့ ပြောဆိုမှုတွေလည်း ရှိလာခဲ့ပါတယ်။

play


မြောက်ကိုရီးယားက ဒုံးကျည်နည်းပညာကို အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုရဲ့ မည်သည့်နေရာကိုမဆို နျူကလီးယားထပ်ဖူး သယ်ဆောင်ပစ်ခတ်နိုင်တဲ့ ဒုံးကျည်ပိုင်ဆိုင်နေပြီလို့ ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ အမေရိကန် နှစ်နိုင်ငံကြား စကားလုံးစစ်ပွဲများ၊ အပြန်အလှန် ခြိမ်းခြောက်မှုများနဲ့အတူ တင်းမာမှုတွေ မြင့်တက်ခဲ့တဲ့ သတင်းကလည်း ၂၀၁၇ မှာ ကမ္ဘာက စိတ်ဝင်တစား စောင့်ကြည့်စရာ ဖြစ်ခဲ့ပါတယ်။

ကတ်တလိုနီးယားဒေသအရေး

စပိန်နိုင်ငံမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားတဲ့ ကတ်တလိုနီးယားဒေသမှ ခေါင်းဆောင်တွေက အောက်တိုဘာ ၂၇ ရက်မှာ စပိန်လက်အောက်မှ လွတ်လပ်ရေးကြေညာခဲ့ပြီးနောက် အဆိုပါဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရုပ်သိမ်းလိုက်တဲ့ ကတ်တလိုနီးယားအရေး သတင်းကလည်း ၂၀၁၇ မှာ လှုပ်ခတ်ခဲ့ပါတယ်။

ကတ်တလိုနီးယားမှာ ခွဲထွက်ရေးအတွက် လူထုဆန္ဒခံယူပွဲ ပြုလုပ်ခဲ့ရာ ထောက်ခံမှုရရှိခဲ့ပြီးနောက် ဒေသဆိုင်ရာလွှတ်တော်က မဲခွဲဆုံးဖြတ်ပြီး လွတ်လပ်ရေးကြေညာခဲ့တာ ဖြစ်ပါတယ်။ ကတ်တလိုနီးယား လွတ်လပ်ရေးကြေညာမှုကို စပိန်ဗဟိုးအစိုးရက လက်မခံဘဲ ထိုဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရုပ်သိမ်းခဲ့ပါတယ်။

play


ထို့နောက် ကတ်တလိုနီးယားခေါင်းဆောင်နဲ့ လုပ်ဖော်ကိုင်ဖက် ၄ ဦး ဘယ်လ်ဂျီယံကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး အခြား ခေါင်းဆောင် ၉ ဦးကို စပိန်ဗဟိုအစိုးရက ထိန်းသိမ်းခဲ့ပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရုပ်သိမ်းလိုက်တဲ့ ကတ်တလိုနီးယား ဒေသဆိုင်ရာ ကြားဖြတ်ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ရာမှာ စပိန်လက်အောက်မှ ခွဲထွက်ရေးလိုလားတဲ့ ပါတီတွေက လွှတ်တော်အမတ်နေရာ အများစုမှာ အနိုင်ရခဲ့ပါတယ်။ ထိုအခြေအနေက စပိန်နိုင်ငံရေး အကျပ်အတည်းကို ဆယ်စုနှစ်များအတွင်း အဆိုးဆုံးအခြေအနေ ဖြစ်လာစေနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။

ပြင်သစ်နိုင်ငံရေးအာဏာ အပြောင်းအလဲ

ယခုနှစ် ပြင်သစ်သမ္မတရွေးကောက်ပွဲမှာ ဥရောပသမဂ္ဂနဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်လိုတဲ့ အသက် ၃၉ နှစ်အရွယ် အီမန်နျူရယ် မက်ခ်ရွန်က ပြိုင်ဘက်ဖြစ်သူ လက်ယာစွန်းဝါဒီ လီပင်းကို အနိုင်ရရှိပြီး ပင်သစ်နိုင်ငံရဲ့ အသက်အငယ်ဆုံး သမ္မတအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ပြင်သစ်လွှတ်တော်ရွေးကောက်ပွဲမှာလည်း သမ္မတမက်ခ်ရွန်ရဲ့ ပါတီက အမတ်နေရာအများစု အနိုင်ရခဲ့ပြီး လွှတ်တော်မှာ အစဉ်အဆက်လွှမ်မိုးကာ နိုင်ငံရေးအာဏာကို ချုပ်ကိုင်လာခဲ့တဲ့ ရီပတ်ဘလစ်ကင်နဲ့ ဆိုရှယ်လစ်ပါတီတို့ကို အာဏာချုပ်ကိုင်မှု ဆုံးရှုံးစေခဲ့ပါတယ်။

အိုင်အက်စ်အကြမ်းဖက်အဖွဲ့ အရေးနိမ့်မှု

၂၀၁၇ ခုနှစ်အတွင်းမှာ အီရတ်နဲ့ ဆီးရီးယားရှိ ပိုင်နက်နယ်မြေတွေကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ဟာ အမေရိကန်နဲ့မဟာမိတ်တွေရဲ့ အကူအညီဖြင့် သက်ဆိုင်ရာ နိုင်ငံတွေက တိုက်ထုတ်မှုများကြောင့် ထိန်းချုပ်နယ်မြေတွေ လက်လွှတ်ရပြီး အရေးနိမ့်လာခဲ့ပါတယ်။

အီရတ်အစိုးရက အိုင်အက်စ်တို့ အဓိက ထိန်းချုပ်ထားတဲ့ ဒုတိယအကြီးဆုံး မိုဆူးလ်မြို့ကို ပြန်လည်သိမ်းပိုက်ခဲ့ပါတယ်။

play


အိုင်အက်စ်အုပ်စုက အီရတ်နဲ့ဆီးရီးယားမှာ ထိန်းချုပ်နယ်မြေများ လက်လွှတ်ခဲ့ရတာကြောင့် အရှေ့တောင်အာရှဒေသရှိ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကို ၎င်းတို့ရဲ့ ထိန်းချုပ်နယ်မြေသစ်အဖြစ် ခြေကုပ်ရယူသွားနိုင်ကြောင်း ခန့်မှန်းသတိပေးမှုတွေလည်း ရှိခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံမှာလည်း အိုင်အက်စ်မြို့တော်အဖြစ် သတ်မှတ်ထားတဲ့ ရက်ကာမြို့ကို အမေရိကန် ကျောထောက်ခံပြုထားတဲ့ ဆီးရီးယားမဟာမိတ်တပ်ဖွဲ့က အပြည့်အဝ ပြန်လည်သိမ်းပိုက်ခဲ့ပါတယ်။

အိုင်အက်စ်အကြမ်းဖက်အဖွဲ့ဟာ တူရကီ၊ အီဂျစ်၊ ဗြိတိန် အပါအဝင် ကမ္ဘာတစ်ဝှမ်း လူသေဆုံးမှုများပြားတဲ့ တိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့ကြောင်း ပြောထားပါတယ်။

အီရန်-အီရတ်နယ်စပ် ငလျင်လှုပ်ခတ်မှုကြီး

နိုဝင်ဘာ ၁၂ ရက်က အီရန်နဲ့အီရတ် နှစ်နိုင်ငံနယ်စပ်ဒေသမှာ လှုပ်ခတ်ခဲ့တဲ့ ရစ်ခ်ျတာစကေး ၇.၃ အဆင့်ရှိ ငလျင်ကြီးဟာ ၂၀၁၇ ခုနှစ်မှာ လူသေဆုံးမှုအများဆုံး ငလျင်ကြီးဖြစ်ခဲ့ပါတယ်။

အဆိုပါ ငလျင်ကြီးကြောင့် လူ ၆၃၀ ထက်မနည်း သေဆုံးခဲ့ပြီး ၈,၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသူ အများစုဟာ အီရန်နိုင်ငံမှဖြစ်ပြီး အီရတ်နိုင်ငံဘက်မှာလည်း လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ငလျင်ကြောင့် လူပေါင်း ၇၀,၀၀၀ ကျော် နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

တောင်ကိုရီးယားသမ္မတ ပက်ဂွမ်ဟေး အဂတိလိုက်စားမှု အရှုပ်တော်ပုံ

တောင်ကိုရီးယားမှာ သမ္မတပက်ဂွမ်ဟေးက သူမရဲ့သူငယ်ချင်းနဲ့ ပူးပေါင်းကာ အဂတိလိုက်စားမှု အရှုပ်တော်ပုံ စစ်ဆေးပေါ်ပေါက်ခဲ့မှုကလည်း ၂၀၁၇ မှာ လှုပ်ခတ်တဲ့သတင်း ဖြစ်ခဲ့ပါတယ်။

play


အဂတိလိုက်စားမှု အရှုပ်အထွေးနဲ့ ပတ်သက်ပြီး ပက်ဂွမ်းဟေးရဲ့ သူငယ်ချင်းနဲ့ နာမည်ကြီး အီလက်ထရောနစ်ကုမ္ပဏီ ဆမ်ဆောင်းရဲ့ အကြီးအကဲတို့လည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

ပက်ဂွမ်ဟေးဟာ တောင်ကိုရီးယားနိုင်ငံသမိုင်းတစ်လျှောက်မှာ သမ္မတရာထူးကနေ ဖိအားပေးဖယ်ရှားခံရတဲ့ ပထမဆုံးသမ္မတလည်း ဖြစ်လာခဲ့ပါတယ်။ လက်ရှိအချိန်အထိ ပက်ဂွမ်ဟေး အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး တရားရုံးကြားနာစစ်ဆေးမှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

ကိုလံဘီယာ FARC သူပုန်များ လက်နက်စွန့်မှု

ကိုလံဘီယာမှာ အစိုးရနဲ့ နှစ်ပေါင်း ၅၀ ကျော်ကြာ လက်နက်ကိုင်တိုက်ခိုက်ခဲ့တဲ့ FARC သူပုန်အဖွဲ့က လက်နက်စွန့်လွှတ်ပြီး ငြိမ်းချမ်းရေးရယူကာ နိုင်ငံရေးနယ်ပယ်ကို ဝင်ရောက်လာခဲ့မှုကလည်း ၂၀၁၇ မှာ ထူးခြားတဲ့သတင်း ဖြစ်ခဲ့ပါတယ်။

FARC က ဇွန်လ ၂၇ ရက်မှာ လက်နက်စွန့်လွှတ်ပြီးနောက် သြဂုတ် ၃၁ ရက်မှာ နိုင်ငံရေးပါတီသစ် တရားဝင် တည်ထောင်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

ကိုလံဘီယာမှာ အစိုးရနဲ့ FARC တို့ ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့မှုကြောင့် ကိုလံဘီယာသမ္မတ ဂျူအန်မန်နျူရယ် ဆန်းတို့စ်ကို ငြိမ်းချမ်းရေးနိုးဘယ်ဆု ချီးမြှင့်ခဲ့ပါတယ်။ ကိုလံဘီယာမှာ အစိုးရနဲ့ FARC သူပုန်တို့ကြား နှစ်ပေါင်း ၅၀ ကျော်ကြာ တိုက်ပွဲများကြောင့် လူပေါင်း ၂၂၀,၀၀၀ သေဆုံးခဲ့ကြောင်း သိရပါတယ်။

မူဂါဘီ အာဏာစွန့်လွှတ်ရမှု

ဇင်ဘာဘွေနိုင်ငံမှာ ၃၇ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ သမ္မတ ရောဘတ်မူဂါဘီ ရာထူးမှနုတ်ထွက်ခဲ့ရမှုကလည်း ၂၀၁၇ မှာ ထင်ရှားတဲ့ သတင်းဖြစ်ရပ် ဖြစ်ခဲ့ပါတယ်။ မူဂါဘီက ဒုတိယသမ္မတ အမ်မာဆန် အမ်နန်ဂါဝါကို ရားထူးမှ ထုတ်ပယ်ခဲ့ရာက ဇင်ဘာဘွေမှာ နိုင်ငံရေးအကျပ်အတည်း စတင်ပေါ်ပေါက်လာခဲ့ပါတယ်။

မူဂါဘီက ၎င်းရဲ့ဇနီးဖြစ်သူ ဂရေ့စ်ကို သမ္မတနေရာဆက်ခံနိုင်ရန် စီစဉ်လာခဲ့တာလည်း ဖြစ်ပါတယ်။ ဒုတိယသမ္မတကို ထုတ်ပယ်ခဲ့ပြီးနောက် စစ်တပ်က ကြားဝင်လာခဲ့ပြီး ဇင်ဘာဘွေကို ထိန်းချုပ်ခဲ့ပါတယ်။

play


ထို့နောက် မူဂါဘီရဲ့ အာဏာရပါတီက ၎င်းကို ပါတီခေါင်းဆောင်အဖြစ်မှ ထုတ်ပယ်ခဲ့ပြီး သမ္မတရာထူးမှ ချက်ချင်းနုတ်ထွက်ရန်နဲ့ ထိုသို့မဟုတ်ပါက စွပ်စွဲပြစ်တင်မှု ပြုလုပ်ပြီး ရာထူးမှဖယ်ရှားမယ်လို့ သတိပေးခဲ့ပါတယ်။

သမ္မတမူဂါဘီက အစောပိုင်းမှာ ရာထူးမှ ချက်ချင်းနုတ်ထွက်ရန် ငြင်းဆန်နေခဲ့ပေမဲ့ ပါတီရဲ့သတိပေးမှု ထွက်ပေါ်လာခဲ့ပြီးနောက် လွှတ်တော်ဥက္ကဋ္ဌထံ စာရေးသားပေးပို့ကာ သမ္မတရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။

မူဂါဘီ နုတ်ထွက်သွားပြီးနောက် ဇင်ဘာဘွေသမ္မတနေရာကို ဒုတိယသမ္မတဟောင်း အမ်နန်ဂါဝါက လွှဲပြောင်းရယူခဲ့ပါတယ်။

Mandalay Bay တိုက်ခိုက်မှု

အောက်တိုဘာ ၁ ရက်က အမေရိကန်နိုင်ငံ လက်စ်ဗီးဂက်စ်မြို့ရှိ Mandalay Bay ဟိုတယ်အနီး ပြုလုပ်နေတဲ့ ဂီတဖျော်ဖြေပွဲ လာရောက်ကြည့်ရှုနေသူတွေကို ဟိုတယ်အခန်းတွင်းမှ အကြမ်းဖက်ပစ်ခတ်မှုကြောင့် လူ ၅၉ ဦးကျော် သေဆုံးပြီး ၅၂၇ ဒဏ်ရာရခဲ့ပါတယ်။

ဟိုတယ်ရဲ့ ၃၂ ထပ်ရှိ အခန်းကနေ လူအုပ်စုကို သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သူဟာ အသက် ၆၄ နှစ်အရွယ် စတီဖင် ပက်ဒေါ့ခ် အမည်ရှိ အမျိုးသားဖြစ်ပြီး ၎င်းဟာ လက်စ်ဗီးဂက်စ်မြို့မှ မိနစ် ၉၀ ကြာ ကားမောင်းသွားရတဲ့ မက်စ်ကွိုက်ရက်စ်မြို့မှာ နေထိုင်သူဖြစ်ပါတယ်။

Mandalay Bay တိုက်ခိုက်မှုဟာ အမေရိကန်သမိုင်းမှာ လူတစ်ဦးတည်းက ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးမှုအများဆုံးဖြစ်ရပ်လည်း ဖြစ်ခဲ့ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD