နယူးယော့ခ်မြို့ရှိ လူနေတိုက်ခန်း အဆောက်အအုံ မီးလောင်မှု


နယူးယော့ခ်မြို့ရှိ လူနေတိုက်ခန်းများ ပါဝင်တဲ့ အဆောက်အအုံတစ်ခုမှာ ဒီဇင်ဘာ ၂၈ ရက် ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး အခြား ၄ ဦး ဒဏ်ရာပြင်းထန်စွာရခဲ့ကြောင်း သိရပါတယ်။

ယခု မီးလောင်မှုဟာ နယူးယော့ခ်မှာ ၂၅ နှစ်အတွင်း လူသေဆုံးမှုအများဆုံး ဖြစ်တယ်လို့ မြို့တော်ဝန် ဘီလ်ဒီဘလာစီယိုက ပြောပါတယ်။

play


လူနေတိုက်ခန်း အဆောက်အအုံ မီးလောင်မှုအတွင်း သေဆုံးခဲ့သူတွေအနက် အသက်တစ်နှစ်အရွယ် အပါအဝင် ကလေးငယ် ၄ ဦးလည်း ပါဝင်ခဲ့ပါတယ်။ Fordham တက္ကသိုလ်နဲ့ Bronx တိရစ္ဆာန်ရုံတို့အနီး တည်ရှိတဲ့ Porspect Avenue မှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုဟာ ကလေးများ မီးဖိုနဲ့ဆော့ကစားရာမှ ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ယုံကြည်နေပါတယ်။

play


မီးသတ်တပ်ဖွဲ့ဝင် ၁၆၀ ကျော်ဖြင့် မီးလောင်မှုကို ငြှိမ်းသတ်ခဲ့ရပါတယ်။ အထပ်ငါးထပ်ပါ အဆောက်အအုံမှာ ဒီဇင်ဘာ ၂၈ ရက် ဒေသစံတောချိန် ည ၇ နာရီဝန်းကျင်က မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းပေးပို့မှု လက်ခံရရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

play
နယူးယော့ခ်မြို့တော်ဝန် ဘီလ်ဒီဘလာစီယို


မီးလောင်မှုဖြစ်ခဲ့တဲ့ အဆောက်အအုံမှာ နေထိုင်ကြသူတွေကို အနီးအနားရှိ စာသင်ကျောင်းမှာ ရွှေ့ပြောင်းပေးထားတယ်လို့ ဆိုပါတယ်။ မီးလောင်မှုဖြစ်ခဲ့တဲ့ အဆောက်အအုံဟာ သက်တမ်း နှစ် ၁၀၀ ကျော်ရှိပြီဖြစ်ကာ လူနေအိမ်ခန်း ၂၀ ကျော် ပါဝင်တယ်လို့ New York Times သတင်းက ဖော်ပြပါတယ်။

play


၉/၁၁ ကုန်သွယ်ရေးဗဟိုဌာန အမြွှာအဆောက်အအုံ အကြမ်းဖက်တိုက်ခိုက်မှုကို ထည့်မတွက်ပါက ယခုဖြစ်ရပ်ဟာ ၁၉၉၀ ပြည့်နှစ်က Bronx ရှိ ဆိုရှယ်ကလပ်မှာ လူ ၈၇ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်နောက်ပိုင်း နယူးယော့ခ်မြို့မှာ လူသေဆုံးမှုအများဆုံး ဖြစ်ခဲ့တယ်လို့ AP သတင်းက ပြောပါတယ်။

ယခုလအစောပိုင်းကလည်း နယူးယော့ခ်မြို့ ဘရွတ်ကလင်းမှာ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ခဲ့ပြီး မိခင်ဖြစ်သူနဲ့ ၎င်းရဲ့ ကလေးသုံးဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video