အီရန်နိုင်ငံ မြို့ကြီးတွေမှာ လူဦးရေ ထောင်နဲ့ချီပါဝင်တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ပျံ့နှံ့ပေါ်ပေါက်ခဲ့ကြောင်း သိရပါတယ်။

အီရန် ဆန္ဒပြမှုများ


ကြာသပတေးနေ့ (ဒီဇင်ဘာ ၂၈ ရက်) က အီရန်မှာ စတင်ခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေဟာ နိုင်ငံတစ်ဝန်းရှိ မြို့ကြီးတွေကို ပျံ့နှံ့သွားခဲ့ပါတယ်။ အီရန်မြောက်ပိုင်းရှိ Rasht မြို့၊ အနောက်ပိုင်းရှိ Kermanshas မြို့တွေမှာ ကြီးမားတဲ့ ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပြီး Isfahan, Hamadan နဲ့ အခြား မြို့တွေမှာလည်း ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပါတယ်။

ကုန်ဈေးနှုန်းကြီးမြင့်မှုကို စတင်ဆန္ဒပြခဲ့ရာက ဘာသာရေးခေါင်းဆောင်တွေ အုပ်ချုပ်မှုနဲ့ အစိုးရမူဝါဒတွေကို ဆန္ဒပြမှုတွေပါ ဆက်လက် ပေါ်ပေါက်လာခဲ့ပါတယ်။ ဆန္ဒပြမှုများအတွင်း တီဟီရန်မြို့တော်မှာ ဆန္ဒပြသူတွေကို ဖမ်းဆီးထိန်းသိမ်းမှု​ရှိခဲ့တယ်လို့ ဆိုပါတယ်။

play


တီဟီရန်မြို့ ရင်ပြင်မှာ စုဝေးခဲ့တဲ့ လူ ၅၀ မှာ ပါဝင်သူအချို့ကို ဖမ်းဆီးခဲ့ကြောင်း လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူက Iranian Labour သတင်းဌာနကို ပြောပါတယ်။

အမေရိကန်အစိုးရက ဆန္ဒပြသူတွေကို ဖမ်းဆီးမှုအား ရှုတ်ချလိုက်ပြီး အီရန်ပြည်သူတွေနဲ့ ၎င်းတို့ရဲ့ အခြေခံအခွင့်အရေး တောင်ဆိုးမှုများနဲ့ အကျင့်ပျက်ခြစားမှု အဆုံးသတ်ရေးအတွက် ကမ္ဘာ့နိုင်ငံတွေက လူသိရှင်ကြား ထောက်ခံအားပေးကြရန် တိုက်တွန်းလိုက်ပါတယ်။

play


အီရန်နိုင်ငံရဲ့ ဒုတိယ လူဦးရေအထူထပ်ဆုံး မြို့တစ်မြို့ဖြစ်တဲ့ အရှေ့မြောက်ပိုင်းရှိ Mashhad မြို့မှာ ဒီဇင်ဘာ ၂၈ ရက်က ဆန္ဒပြမှုတွေ စတင်ပေါ်ပေါက်ခဲ့ပါတယ်။ အဆိုပါမြို့မှာ ကုန်ဈေးနှုန်းမြင့်တက်မှုကို ဒေါသထွက်နေသူတွေက လမ်းမများပေါ်ထွက်ပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေက သမ္မတ ဟတ်ဆန်ရိုဟာနီကို ဒေါသတကြီး ဝေဖန်ခဲ့ကြပါတယ်။ ဆန္ဒပြမှုအတွင်း ကြမ်းတမ်းပြင်းထန်တဲ့ အသုံးအနှုန်းများဖြင့် အော်ဟစ်ကြွေးကြော်ခဲ့မှုဖြင့် လူ ၅၂ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

play
အီရန်သမ္မတ ဟတ်ဆန် ရိုဟာနီ


ထို့နောက် ဆန္ဒပြမှုတွေဟာ အီရန် အရှေ့မြောက်ပိုင်းရှိ အခြားမြို့တွေကို ပျံ့နှံ့သွားခဲ့ပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ပိုမိုကျယ်ပြန့်လာခဲ့ပါတယ်။ ဆန္ဒပြသူတွေက နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရေးနဲ့ ရဲတပ်ဖွဲ့က ရိုက်နှက်နေမှုတွေ အဆုံးသတ်ရေး တောင်းဆိုခဲ့ကြပါတယ်။

သောကြာနေ့ (ဒီဇင်ဘာ ၂၉ ရက်) မှာတော့ အာဏာပိုင်တွေက သတိပေးမှုတွေ ရှိနေပေမဲ့လည်း အီရန်နိုင်ငံ မြို့ကြီးအချို့မှာ ဆန္ဒပြမှုတွေ ပျံ့နှံ့ပေါ်ပေါက်လာခဲ့ပါတယ်။

အီရန်မှာ ယခု ပေါ်ပေါက်ခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေဟာ ၂၀၀၉ ခုနှစ်က ရွေးကောက်ပွဲကို ဆန္ဒပြမှု အကြီးအကျယ် ဖြစ်ခဲ့ပြီးနောက်ပိုင်း ပြည်သူလူထုက အပြင်းအထန်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆန္ဒပြခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video