နယူးဇီလန်နိုင်ငံကနေ အမေရိကန်နိုင်ငံ ဟာဝိုင်အီကို ပျံသန်းတဲ့ လေကြောင်းခရီးစဉ်တစ်ခုမှာ လိုက်ပါခဲ့တဲ့ ခရီးသည်တွေဟာ ရုပ်ရှင်တွေထဲကအတိုင်း အချိန်နောက်ပြန် ခရီးသွားခဲ့သလို ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

လေယာဉ်ပျံသန်းမှု စောင့်ကြည့်ဝက်ဘ်ဆိုက် Flightradar24 က အချိန်နောက်ပြန် ခရီးသွားခဲ့တဲ့ လေကြောင်းခရီးစဉ် လမ်းကြောင်းကို တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၃၁ ရက်) က ဆိုရှယ်မီဒီယာမှာ လွှင့်တင်ဖော်ပြခဲ့ပါတယ်။

play


ဟာဝိုင်အီလေကြောင်းလိုင်းမှ လေကြောင်းခရီးစဉ် HA446 ဟာ နယူးဇီလန်နိုင်ငံ အုတ်ကလန်မြို့ကနေ ဟာဝိုင်အီမြို့တော် ဟိုနိုလူလူကို ပျံသန်းခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်ထွက်ခွာလာခဲ့တဲ့ အုတ်ကလန်မြို့ဟာ ၂၀၁၈ ခုနှစ်ကို အစောဆုံး ကြိုတင်ရောက်နှင့်နေတဲ့ မြို့ဖြစ်ပြီး လေယာဉ်ဆင်းသက်ရာ ဟိုနိုလူလူမြို့မှာတော့ ၂၀၁၇ ခုနှစ်သာ ဖြစ်နေပါသေးတယ်။ ထိုအခြေအနေအရ HA446 လေယာဉ်ဟာ အချိန်နောက်ပြန် ခရီးသွားခဲ့သလို ဖြစ်ခဲ့တယ်လို့ Flightradar24 က ပြောထားပါတယ်။

play


"အချိန်ခရီးသွားတယ်ဆိုတာ ဖြစ်နိုင်တယ်၊ HA446 လေယာဉ်က နယူးဇီလန်ကနေ ၂၀၁၈ ခုနှစ်မှာ ထွက်ခွာသွားခဲ့ပြီး ဟာဝိုအီကို ဆင်းသက်ချိန်မှာ ၂၀၁၇ ခုနှစ်ကို ပြန်ရောက်သွားခဲ့တယ်" လို့ Flightradar24 က ၎င်းတို့ရဲ့ Twitter မှာ လေကြောင်းခရီးစဉ်ရဲ့ လမ်းကြောင်းပြမြေပုံကို လွှင့်တင်ပြီး ရေးသားထားခဲ့ပါတယ်။

အုတ်ကလန်မြို့ဟာ ဟိုနိုလူလူမြို့ထက် စံတော်ချိန်အားဖြင့် ၂၃ နာရီ ပိုစောနေကြောင်းလည်း သိရပါတယ်။ HA446 လေယာဉ်ဟာ အချိန်နောက်ပြန် ခရီးသွားသကဲ့သို့ ဖြစ်သွားခဲ့ခြင်းက လေယာဉ်ထွက်ခွာချိန် ၁၀ မိနစ် နောက်ကျခဲ့မှုကြောင့်ဖြစ်ကြောင်း သိရပါတယ်။

လေယာဉ်ဟာ အုတ်ကလန်ကနေ ဒီဇင်ဘာ ၃၁ ရက် ည ၁၁း၅၅ မှာ ထွက်ခွာရမှာဖြစ်ပေမဲ့ ၁၀ မိနစ်နောက်ကျပြီး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၁ ရက် မနက် ၀၀း၀၅ မှာ ထွက်ခွာခဲ့ပါတယ်။

ထိုသို့ လေယာဉ်ထွက်ခွာချိန် နောက်ကျစေခဲ့ခြင်းဟာ လေယာဉ်အမှုထမ်းတွေအတွက် ပထမဆုံးအကြိမ် နှစ်သစ်ကူးပွဲ ၂ ကြိမ် ပြုလုပ်နိုင်ရန် ခွင့်ပြုပေးခဲ့ခြင်းလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video