ဆန်ကိတ်မုန့်ဟာ အမြင်အရ စားချင်စဖွယ်ရှိပြီး အန္တရာယ်ကင်းပုံရပေမဲ့ စားသူအချို့ ဂျပန်မှာ နှစ်စဉ် သေဆုံးလေ့ရှိပါတယ်။

ဂျပန်နိုင်ငံမှာ နှစ်သစ်ကြိုဆိုပွဲများအတွင်း ဧည့်ခံလေ့ရှိကြတဲ့ ရိုးရုာဆန်ကိတ်မုန့်စားပြီး ဆို့နင်မှုဖြစ်ရာမှ လူ ၂ ဦး သေဆုံးခဲ့ကြောင်းနဲ့ လူအချို့ဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။




ဂျပန်ရိုးရာ ဆန်ကိတ်မုန့်ဟာ အမြင်အရ စားချင်စဖွယ်ရှိပြီး အန္တရာယ်ကင်းပုံရပေမဲ့ အဆိုပါမုန့်ကိုစားသူအချို့ နှစ်စဉ် သေဆုံးလေ့ရှိပြီး အစိုးရတာဝန်ရှိသူတွေက နှစ်စဉ်နှစ်တိုင်း သတိပေးထုတ်ပြန်ရတယ်လို့ ဆိုပါတယ်။

မိုချီ (mochi) လို့ ခေါ်ဝေါ်ကြတဲ့ ဂျပန်ရိုးရာ ဆန်ကိတ်မုန့်ဟာ ဝါးစားမျိုချရန် ခက်ခဲတဲ့မုန့်တစ်မျိုး ဖြစ်တယ်လို့ သိရပါတယ်။ မိုချီပြုလုပ်ရာမှာ ပထမဆုံး ဆန်ကို ပျော့ပျောင်းသွားစေရန် ရေးနွေးငွေဖြင့်ပေါင်းခံချက်ပြုတ်ပါတယ်။



ထို့နောက် ရေနွေးထည့်ထားတဲ့ ငရုတ်ဆုံကဲ့သို့ ထုထောင်းစရာဆုံတစ်ခုအတွင်း ထည့်မွှေပြီးနောက် စေးကပ်သွားတဲ့ အနှစ်ဖြစ်သွားတဲ့အထိ ထုထောင်းရပါတယ်။

ယခုခေတ်မှာတော့ မိုချီလုပ်စက်များဖြင့်လည်း ပြုလုပ်လာကြကြောင်း သိရပါတယ်။ ကောင်းစွာထုထောင်းပြီးနောက် ပျော့အိစေးကပ်နေတဲ့ ဆန်အနှစ်တွေကို အဝိုင်းပုံသဏ္ဍန်ပြုလုပ်ကာ အတွင်းဘက်မှာ အရသာအတွက် အဆာဖြည့်ပြီး ပြန်ပိတ်ထားပါတယ်။



ဂျပန်ရိုးရာအရ နှစ်သစ်ကူးပွဲ ဆင်နွှဲကြရာမှာ အသီးအရွက်စွတ်ပြုတ် ပြုလုပ်ပြီး မိုချီကို စွတ်ပြုအတွင်းထည့် အပူပေးကာ စားလေ့ရှိကြတယ်လို့ ဆိုပါတယ်။ မိုချီမုန့်ဟာ စေးကပ်ကပ်ဖြစ်ပြီး ဝါးစားနိုင်ပါတယ်။ မုန့်အရွယ်အစားဟာ တစ်ကိုက်စာထက် ပိုကြီးနေတာပြီး မျိုမချမီမှာ ကောင်းစွာဝါးရတယ်လို့ ဆိုပါတယ်။

ကာင်းစွာဝါးမစားနိုင်တဲ့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် မိုချီမုန့်ဟာ စားရခက်ကြောင်း သိရပါတယ်။ မိုချီကို ကောင်းစွာဝါးမစားပဲ မျိုချမိကာက လည်ချောင်းမှာဆို့နင်ကာ အသက်ရှူကြပ်ရာက သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။



ဂျပန်သတင်းတွေရဲ့ အဆိုအရ နှစ်သစ်ကူးကာလမှာ မိုချီစားရာက လည်ချောင်းမှာဆို့နင်ပြီး ဆေးရုံတင်ပို့ရသူတွေအနက် ၉၀ ရာခိုင်နှုန်းဟာ အသက် ၆၅ နှစ် သို့မဟုတ် ၆၅ နှစ်အထက် အသက်အရွယ်ရှိသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

အထူးသဖြင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေဟာ နှစ်သစ်ကူးပွဲမှာ မိုချီစားပါက အစိတ်အပိုင်းများအဖြစ် လှီးဖြတ်ပြီးမှစားကြရန် ဂျပန်အစိုးရက သတိပေးချက် နှစ်စဉ် ထုတ်ပြန်လေ့ရှိပါတယ်။ အစိုးရက သတိပေးမှုတွေ ရှိပေမဲ့လည်း မိုချီစားရာမှ ဆို့နင်သေဆုံးမှုတွေ နှစ်စဉ် ရှိနေဆဲဖြစ်ကြောင်း သိရပါတယ်။



၂၀၁၄ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်ကို ကူးပြောင်းတဲ့ နှစ်သစ်ကူးကာလမှာ မိုချီစားရာမှ ဆို့နင်မှုကြောင့် လူ ၉ ဦး သေဆုံးခဲ့ပြီး သေဆုံးမှုအများဆုံး ဖြစ်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်ကို ကူးပြောင်းတဲ့ နှစ်သစ်ကူးကာလမှာတော့ မိုချီစားရာမှာ လူတစ်ဦး သေဆုံးခဲ့ပြီး ယခု ၂၀၁၈ ခုနှစ် နှစ်သစ်ကူးပွဲတွေမှာတော့ မိုချီဆို့နင်မှုကြောင့် လူနှစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က