ရာထူးမှဖယ်ရှားခံခဲ့ရတဲ့ တောင်ကိုရီးယားသမ္မတ ပက်ဂွမ်ဟေးကို အစိုးရထောက်လှမ်းရေးဌာနမှ အမေရိကန်ဒေါ်လာ ပမာဏသန်းနဲ့ချီတဲ့ လာဘ်ငွေများရယူခဲ့မှုဖြင့် စွဲချက်တင်သွားမယ်လို့ သတင်းတွေက ယနေ့ (ဇန်နဝါရီ ၄ ရက်) ဖော်ပြပါတယ်။

ပက်ဂွမ်ဟေးဟာ သမ္မတအဖြစ် စတတာဝန်ယူခဲ့ပြီး မကြာမီ ၂၀၁၃ ခုနှစ်အစောပိုင်းမှစပြီး ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်းအထိ ထောက်လှမ်းရေးဌာနကနေ လစဉ် လာဘ်ငွေများရယူခဲ့တယ်လို့ ဆိုပါတယ်။

play
တောင်ကိုရီးယားသမ္မတရာထူးမှ ဖယ်ရှားခံရသည့် ပတ်ဂွမ်ဟေး


ပတ်ဂွမ်ဟေးက တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးဌာန (National Intelligence Service - NIS) မှ လာဘ်ငွေ အမေရိကန်ဒေါ်လာ ၄၇,၀၀၀ ကနေ ၁၈၈,၀၀၀ ကြား (ကိုရီးယားဝမ်ငွေ သန်း ၅၀ ကနေ သန်း ၂၀၀ ကြား) လစဉ် ရယူခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။

NIS က ပတ်ဂွမ်ဟေးကို ပေးအပ်ခဲ့တဲ့ လာဘ်ငွေပမာဏဟာ စုစုပေါင်း ဝမ်ငွေ ၃.၈ ဘီလီယံ ဖြစ်ကြောင်းနဲ့ NIS အေးဂျင့်တွေက ပတ်ဂွမ်ဟေးရဲ့ လက်ထောက်တွေထံ သမ္မတအိမ်ပြာတော်ရဲ့ လူရှင်းတဲ့ ကားပါကင်နေရာတွေနဲ့ အနောက်ဘက် လမ်းကြားနေရာတွေမှာ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ လာဘ်ငွေတွေဟာ ထောက်လှမ်းရေးဌာနအတွက် အသုံးစာရင်းအတွက် လက်ခံဖြတ်ပိုင်း ပြန်လည်တင်ပြစရာမလိုတဲ့ 'blind budget' ခေါ် ဒေါ်လာသန်းနဲ့ချီတဲ့ အထူးရန်ပုံငွေထဲမှ ဖြစ်တယ်လို့ ယွန်ဟပ်သတင်းက ပြောပါတယ်။

play
ပတ်ဂွမ်ဟေး နုတ်ထွက်ရန် ဆန္ဒပြမှုတစ်ခု


ပတ်ဂွမ်ဟးက NIS ထံမှ လက်ခံရယူခဲ့တဲ့ လာဘ်ငွေတွေကို မည်သို့သုံးစွဲခဲ့ကြောင်း ရှင်းလင်းစွာ မသိရသေးပေမဲ့ သတင်းတွေကတော့ ပက်ဂွမ်ဟေးက လာဘ်ငွေတွေကို ကိုယ်ရေးကိုယ်တာကိစ္စတွေအတွက် သို့မဟုတ် သူမကို ထောက်ခံတဲ့အုပ်စုတွေကို ငွေကြေးထောက်ပံ့ရာမှာ သုံးစွဲခဲ့တယ်လို့ ဖော်ပြပါတယ်။

သမ္မတဟောင်း ပတ်ဂွမ်ဟေးဟာ လာဘ်ပေးလာဘ်ယူမှု၊ အကျပ်ကိုင်မှုနဲ့ အာဏာအလွဲသုံးမှု အပါအဝင် စွဲချက် ၁၈ ခုဖြင့် တရားရင်ဆိုင်နေရပြီး ယခုအခါ NIS ထံမှ လာဘ်ငွေရယူမှုထပ်တိုးပြီး စုစုပေါင်း အမှု ၁၉ မှုဖြင့် တရားစွဲဆိုမှု ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။

တောင်ကိုရီးယားရဲ့ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်တဲ့ ပတ်ဂွမ်ဟေးဟာ သူငယ်ချင်းဖြစ်သူနဲ့ ပူးပေါင်းပြီး အဂတလိုက်စားမှုကြောင့် လွှတ်တော်မှာ စွပ်စွဲပြစ်တင်ကာ ယမန်နှစ် မတ်လအတွင်း သူမကို သမ္မတရာထူးမှ ဖယ်ရှားရန်ဆုံးဖြတ်ခဲ့ပါတယ်။

play
ပတ်ဂွမ်ဟေးရဲ့သူငယ်ချင်းကို တရားရုံးမှာ တွေ့ရစဉ်


ထို့နောက် လွှတ်တော်ရဲ့ဆုံးဖြတ်ချက်ကို အခြေခံဥပဒေခုရုံးကလည်း အတည်ပြုခဲ့ပြီး ပတ်ဂွမ်ဟေးကို သမ္မတအဖြစ်မှ ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။ ယမန်နှစ် မတ်လ ၃၁ ရက်မှာ ပတ်ဂွမ်ဟေးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရပါတယ်။

ပက်ဂွမ်ဟေးဟာ တောင်ကိုရီးယားနိုင်ငံသမိုင်းတစ်လျှောက်မှာ သမ္မတရာထူးကနေ ဖိအားပေးဖယ်ရှားခံရတဲ့ ပထမဆုံးသမ္မတလည်း ဖြစ်လာခဲ့ပါတယ်။

ပတ်ဂွမ်ဟေးကို တရားရုံးကြားနာစစ်ဆေးမှု ယမန်နှစ် မေလမှာ စတင်ခဲ့ပေမဲ့ အောက်တိုဘာလမှ်စပြီး တရားခွင်ကိုလာရောက်ရန် ၎င်းက ငြင်းဆန်ခဲ့ပါတယ်။ ပတ်ဂွမ်ဟေးက သူမကို နောက်ထပ် ၆ လ ဖမ်းဆီးထိန်းသိမ်းထားရန် တရားရုံးအမိန့်ကို ဒေါသထွက်ခဲ့ပါတယ်။

play
ဖမ်းဆီးထိန်းသိမ်းခံရသည့် ဆမ်ဆောင်းအကြီးအကဲ


ပတ်ဂွမ်ဟေးရဲ့ ရှေ့နေ့အဖွဲ့ကလည်း တရားသူကြီးတွေရဲ့ ဘက်လိုက်မှုတွေရှိကြောင်း စွပ်စွဲပြောကြားပြီး တရားခံရှေ့နေတွေအဖြစ် လိုက်ပါဆောင်ရွက်မှုကနေ နုတ်ထွက်ခဲ့ကြပါတယ်။

သူမရဲ့ရှေ့နေအဖွဲ့ နုတ်ထွက်သွားပြီးနောက် သမ္မတဟောင်း ပတ်ဂွမ်ဟေးက အစိုးရက ထောက်ပံ့ထားပြီး တရားရုံးက သူမအတွက် ခန့်အပ်ပေးခဲ့တဲ့ တရားခံရှေ့နေအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်ထားခဲ့တယ်လို့ ဆိုပါတယ်။ NIS မှ အကြီးအကဲဟောင်း နှစ်ဦးကိုလည်း လာဘ်ပေးလာဘ်ယူမှုများဖြင့် တရားစွဲဆိုထားကြောင်း သိရပါတယ်။

တောင်ကိုရီးယားမှာ သမ္မတပတ်ဂွမ်ဟေး အဂတိလိုက်စားမှု သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် ၎င်းအား ရာထူးမှနုတ်ထွက်ရန် လူပေါင်းသန်းနဲ့ချီပါဝင်တဲ့ ဆန္ဒပြမှုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။

ပတ်ဂွမ်ဟေး အဂတိလိုက်စားမှု အရှုပ်အထွေးနဲ့ ပတ်သက်ပြီး ၎င်းရဲ့သူငယ်ချင်းဖြစ်သူနဲ့ ဆမ်ဆောင်း အီလက်ထရောနစ် ကုမ္ပဏီအကြီးအကဲတို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး တရားစွဲဆိုထားကြောင်း သိရပါတယ်။ လက်ရှိမှာ ၎င်းတို့နှစ်ဦးကို စွဲဆိုထားတဲ့ စွဲချက်များအနက် အချို့စွဲချက်တွေအတွက် ထောင်ဒဏ်ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video