ဇင်ဘာဘွေသမ္မတဟောင်း ရောဘတ်မူဂါဘီရဲ့ ဇနီးဖြစ်သူ ဂရေ့စ်မူဂါဘီကို တက္ကသိုလ်မှ ဒေါက်တာဘွဲ့ အပ်နှင်းခဲ့မှုအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဌာနက မှန်ကန်မှုရှိ မရှိ စုံစမ်းစစ်ဆေးသွားမယ်လို့ တာဝန်ရှိသူတွေက ယနေ့ (ဇန်နဝါရီ ၉ ရက်) ပြောပါတယ်။

play
ဇင်ဘာဘွေသမ္မတကတော်ဟောင်း ဂရေ့စ်မူဂါဘီ


မူဂါဘီရဲ့ဇနီး ဂရေ့စ်ဟာ ၂၀၁၄ ခုနှစ်က ဇင်ဘာဘွေတက္ကသိုလ် တက်ရောက်ခဲ့ပြီး လပိုင်းအကြာမှာပင် ဒေါက်တာဘွဲ့ရရှိခဲ့တာ ဖြစ်ပါတယ်။ ဂရေ့စ်ဟာ ဒေါက်တာဘွဲ့ရရှိခဲ့ပေမဲ့ ယခုအချိန်ထိ ဘွဲ့ယူစာတမ်း တင်သွင်းထားခြင်းမရှိကြောင်းနဲ့ တက္ကသိုလ်စာကြည့်တိုက်မှာလည်း သူမရဲ့ ဘွဲ့ယူစာတမ်းကို မတွေ့ရဘူးလို့ ဆိုပါတယ်။

"ဂရေ့စ်မူဂါဘီဟာ လူမှုဗေဒဆိုင်ရာ ဒေါက်တာဘွဲ့ကို ဘယ်လိုရခဲ့လဲဆိုတာ ဇင်ဘာဘွေတက္ကသိုလ် လူမှုဗေဒဌာနကနေ အစီရင်ခံစာ လက်ခံရရှိခဲ့ပြီး ဒါကို ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေတဲ့ ကိစ္စဖြစ်ပါတယ်" လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင်က ဇင်ဘာဘွေ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှာ ပြောခဲ့ပါတယ်။

play
မူဂါဘီနှင့် ဂရေ့စ်


ဇင်ဘာဘွေသတင်းတွေရဲ့ အဆိုအရ တက္ကသိုလ် လူမှုဗေဒဌာနက ဂရေ့စ်ရဲ့ ဒေါက်တာဘွဲ့ဟာ သံသယဖြစ်ဖွယ်ရှိကြောင်း ကော်မရှင်ကို ပြောခဲ့တယ်လို့ သိရပါတယ်။

သူမကို ထောက်ခံသူတွေက ဒေါက်တာအမ်မာအီ သို့မဟုတ် နိုင်ငံရဲ့ပညာတတ်မိခင်လို့ ခေါ်ဝေါ်ကြတဲ့ ဂရေ့စ်ကတော့ ၎င်းရဲ့ ပညာသင်ကြားမှုမှတ်တမ်းနဲ့ ပတ်သက်ပြီး ကာကွယ်ပြောကြားခဲ့ဖူးတယ်လို့ ဆိုပါတယ်။

ဇင်ဘာဘွေမှာ သမ္မတမူဂါဘီက ဒုတိယသမ္မတ အမ်မာဆန် အမ်နန်ဂါဝါကို ရားထူးမှထုတ်ပယ်လိုက်ပြီး ၎င်းရဲ့ဇနီးဖြစ်သူ ဂရေ့စ်ကို သမ္မတနေရာဆက်ခံရန် စီစဉ်လာခဲ့ရာမှ နိုင်ငံရေးတင်းမာမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

play
လက်ရှိ ဇင်ဘာဘွေသမ္မတ အမ်နန်ဂါဝါ


ထို့နောက် နိုဝင်ဘာ ၁၅ ရက်မှာ စစ်တပ်က အစိုးရရေဒီယိုနဲ့ ရုပ်မြင်သံကြားဌာနကို သိမ်းပိုက်ခဲ့ပြီး ဇင်ဘာဘွေနိုင်ငံကို ထိန်းချုပ်ခဲ့ပါတယ်။ ထိုစဉ်ကတည်းက မူဂါဘီရဲ့ဇနီး ဂရေ့စ်ဟာ အများပြည်သူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့တာလည်း ဖြစ်ပါတယ်။

အသက် ၉၃ နှစ်အရွယ် မူဂါဘီဟာ ၁၉၈၀ ပြည့်နှစ်မှာ ဗြိတိန်လက်အောက်မှ ဇင်ဘာဘွေ လွတ်လပ်ရေးရပြီးကတည်းက ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၈၇ ခုနှစ်မှာ သမ္မတဖြစ်လာခဲ့ကြောင်း သိရပါတယ်။

ဇင်ဘာဘွေနိုင်ငံကို ၃၇ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ သမ္မတမူဂါဘီဟာ ယမန်နှစ် နိုဝင်ဘာ ၂၁ ရက်မှာ ရာထူးမှနုတ်ထွက်ခဲ့ပါတယ်။ ဇင်ဘာဘွေမှာ သမ္မတမူဂါဘီ နုတ်ထွက်သွားပြီးနောက် ဒုတိယသမ္မတဟောင်း အမ်နန်ဂါဝါကို သမ္မတအဖြစ် ခန့်အပ်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video