AD
AD
AD

ရေခဲနေတဲ့ ရာသီဥတုကို အန်တုရင်ဆိုင်ပြီး သုံးမိုင်နီးပါး လမ်းလျှောက်ကာ စာမေးပွဲ လာရောက်ဖြေဆိုခဲ့တဲ့ မူလတန်းကျောင်းသားလေးရဲ့ သတင်းက တရုတ်ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက် Weibo မှာ လူပြောများနေပါတယ်။

play
တစ်ခေါင်းလုံးမှာ နှင်းခဲတွေကပ်ငြိနေတဲ့ မူလတန်းကျောင်းသားလေးရဲ့အဖြစ်


ယူနန်ပြည်နယ်မှ မူလတန်းကျောင်းသားလေးဟာ အတန်းတင်စာမေးပွဲ ပထမဆုံးရက်က စာမေးပွဲဖြေဖို့ ကျောင်းကိုရောက်ရှိလာခဲ့ရာ သူ့ရဲ့ ဆံပင်နဲ့မျက်ခုံးမွှေးတွေမှာ နှင်းခဲတွေကပ်ငြိနေပြီး အေးလွန်းတဲ့ဒဏ်ကြောင့် မျက်နှာက နီရဲနေတာ ဓာတ်ပုံမှာတွေ့ရပါတယ်။

အသက် ၈ နှစ်အရွယ် မူလတန်းကျောင်းသားလေးရဲ့ ဓာတ်ပုံကို ဆိုရှယ်မီဒီယာမှာ ပြန်လည်မျှဝေမှု အများအပြားရှိခဲ့ပြီး အဆိုပါဓာတ်ပုံကို မြင်တွေ့ရသူတွေက သနားကရုဏာ ဖြစ်ခဲ့ကြပါတယ်။ ကျောင်းသားလေးရဲ့ ဓာတ်ပုံကို မူလတန်းကျောင်းအုပ်က ၎င်းရဲ့ Weibo အကောင့်မှာ လွှင့်တင်ခဲ့ရာက ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။

People's Daily သတင်းအရ ဓာတ်ပုံကို ဇန်နဝါရီ ၈ ရက် မနက် ၈ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ မူလတန်းကျောင်းမှ ဆရာမတစ်ဦးက ရိုက်ယူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

play
မူလတန်းကျောင်းတံခါးမှာ နှင်းများခဲနေမှု


"အဲဒီနေ့ မနက်ပိုင်းက အပူချိန် အနုတ် ၉ ဒီဂရီစင်တီဂရိတ်အထိရောက်အောင် အေးခဲနေတယ်၊ အတန်းတင်စာမေးပွဲ ပထမဆုံးရက်လည်း ဖြစ်ပါတယ်၊ ဒီကလေးက ကျောင်းနဲ့အတော်လေးဝေးတဲ့ နေရာမှာ နေတာပါ၊ သူ ကျောင်းကိုရောက်လာတော့ တစ်ခေါင်းလုံးမှာ နှင်းခဲတွေ ကပ်ငြိနေခဲ့တယ်" လို့ ယူနန်ပြည်နယ် လုဒီယန်းဒေသရှိ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာက ပြောကြောင်း Peopel's Daily သတင်းစာက ဖော်ပြပါတယ်။

"သူ စာသခန်းထဲကိုရောက်လာတော့ မျက်နှာလေးက နီရဲနေပြီး ဆံပင်တွေနဲ့ မျက်ခုံးမွှေးတွေက နှင်းခဲတွေကပ်နေတော့ ဖြူဖွေးနေတာပေါ့၊ အတန်းဖော်တွေက သူ့ကိုကြည့်ပြီး ရယ်ကြတယ်လေ" လို့ ကျောင်းအုပ်ဖြစ်သူက ပြောပါတယ်။

play
မူလတန်းကျောင်းသားလေး 'ice boy'


အဆိုပါ မူလတန်းကျောင်းသားလေးဟာ စာသင်ကျောင်းနဲ့ ၂.၇ မိုင်ခန့် ကွာဝေးတဲ့နေရာမှဖြစ်ပြီး ပုံမှန်အားဖြင့် အချိန် ၁ နာရီခွဲခန့် လမ်းလျှောက်ပြီး ကျောင်းလာတက်ရကြောင်းလည်း သတင်းစာက ရေးသားထားပါတယ်။

Poeple's Daily သတင်းစာက 'ice boy' လို့ နာမည်ပြောင်ရသွားခဲ့တဲ့ မူလတန်းကျောင်းသားလေးနဲ့ တွေ့ဆုံမေးမြန်းခဲ့ရာမှာ ထိုနေ့က အိမ်မှထွက်လာစဉ် နေသာခဲ့ပြီး ရာသီဥတု အလွန်မအေးတာကြောင့် ထူထပ်စွာဝတ်ဆင်ခဲ့ခြင်း မရှိဘူးလို့ ပြောပါတယ်။

မူလတန်းကျောင်းသားလေး 'ice boy' ဟာ သူ့ရဲ့အဘွား၊ အစ်မတို့နဲ့အတူ နေထိုင်ရသူ ဖြစ်ပါတယ်။ ဖခင်ဖြစ်သူက ရွှေ့ပြောင်းအလုပ်သမားအဖြစ် အခြားနေရာမှာ သွားရောက်အလုပ်လုပ်ကိုင်နေပြီး မိခင်ကတော့ သူတို့ကိုထားပြီး အိမ်မှထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။

play
အသားမာတက်နေတဲ့ မူလတန်း ကျောင်းသားလေးရဲ့လက်


အဆိုပါ ကလေးငယ်ဟာ ကျောင်းမတက်မီ အဘွားဖြစ်သူနဲ့အတူ တောင်ယာအလုပ်မှာ ဝိုင်းကူလုပ်ရသေးပြီး သူ့ရဲ့လက်တွေက အသားမာတက်နေပါတယ်။

'ice boy' တက်ရောက်နေတဲ့ မူလတန်းကျောင်းရဲ့ စာသခန်းတွေမှာ အပူပေးစနစ် တပ်ဆင်ထားခြင်းမရှိကြောင်းနဲ့ အပူပေးစနစ် တပ်ဆင်နိုင်ရန် ကြိုးပမ်းနေဆဲဖြစ်ကြောင်း ကျောင်းအုပ်က ပြောပါတယ်။

Weibo မှာ ပျံ့နှံ့ခဲ့တဲ့ 'ice boy' မူလတန်းကျောင်သားလေးရဲ့ အဖြစ်ကို တရုတ် အွန်လိုင်းအသုံးပြုသူကြား စာနာထောက်ထားပြီး ကူညီလိုကြောင်း ပြောဆိုမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD