ပါကစ္စတန်နိုင်ငံ Kasur မြို့မှာ မိန်းကလေးငယ်တစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရမှုအပေါ် ဆန္ဒပြအဓိကရုဏ်းများအတွင်း လူနှစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

play
အသက် ၇ နှစ်အရွယ် ဇိုင်နက်ဘ်


အသက် ၇ နှစ်အရွယ် ဇိုင်နက်ဘ်အမည်ရှီ မိန်းကလေးငယ်ရဲ့အလောင်းကို ဇန်နဝါရီ ၉ ရက်က အမှိုက်ပုံမှာ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ အဆိုပါ မိန်းကလေးငယ်ဟာ မုဒိမ်းကျင့်ပြီး လည်ပင်းညှစ်သတ်ဖြတ်ခံခဲ့ရတယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့ရာ ဒေသခံတွေကြား ဒေါသတကြီး တုံ့ပြန်မှုတွေရှိလာခဲ့ပါတယ်။

play
ဇိုင်နက်ဘ်၏ ဈာပန


ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေက အာဏာပိုင်တွေဟာ ပြန်ပေးဆွဲမှု၊ လိင်ပိုင်းဆိုင်ရာစော်ကားတိုက်ခိုက်မှုနဲ့ လူသတ်မှုတွေကို လျော့ရဲစွာ အရေးယူဆောင်ရွက်နေတယ်လို့ ပြောကြပါတယ်။

Kasur ရဲတပ်ဖွဲ့ရဲ့ အဆိုအရ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အလားတူ လူသတ်မှု ၁၂ မှု ဖြစ်ပွားခဲ့ကြောင်းလည်း သိရပါတယ်။ အဆိုပါ အမှုတွေအနက် အမှုငါးခုဟာ ရဲတပ်ဖွဲ့က သံသယရှိထားသူတစ်ဦးနဲ့ ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။

ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေက သံသယရှိသူကို လိုက်လံရှာဖွေနေကြောင်းနဲ့ ဖြစ်နိုင်ခြေရှိသူ ၉၀ ထံမှ DNA နမူနာများကို ရယူထားကြောင်း သိရပါတယ်။

play
ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည့် သံသယရှိသူ၏ ပုံကြမ်း


မိန်းကလေးငယ် မုဒိမ်းကျင့်သတ်ဖြတ်ခံရမှုကို ဒေါသတကြီး ဆန္ဒပြသူတွေက Kasur မြို့ ရဲစခန်းကို ဝင်ရောက်စီးနင်းရန် ကြိုးပမ်းခဲ့မှုကြောင့် ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့မှုအတွင်း လူနှစ်ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ Kasur မြို့ဟာ ပန်ဂျပ်ပြည်နယ်မြို့တော် လာဟိုးတောင်ဘက် ၁၂ မိုင်အကွာမှာ တည်ရှိတဲ့မြို့ ဖြစ်ပါတယ်။

မိန်းကလေးငယ် မုဒိမ်းကျင့်သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်ကို ပါကစ္စတန်ရှိ အခြား နေရာဒေသတွေမှာလည်း ပြည်သူတွေက ဒေါသထွက်နေကြပါတယ်။ ပါကစ္စတန်မှ နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ ခရစ်ကတ်ကစားသမားတွေကလည်း လူသတ်သမားကို ဖမ်းဆီးရန်တောင်းဆိုခဲ့ကြပါတယ်။

play
CCTV မှတ်တမ်းတွေ့ရသည့် ပုံရိပ်

 
ပါကစ္စတန်စစ်တပ်က လူသတ်သမားကို ရှာဖွေဖမ်းဆီးနိုင်ရေး အကူအညီပေးမယ်လို့ ရဲတပ်ဖွဲ့ကို ကမ်းလှမ်းထားကြောင်းလည်း သိရပါတယ်။ မုဒိမ်းကျင့်သတ်ဖြတ်ခံရတဲ့ မိန်းကလေးငယ်ဟာ ရက်အနည်းငယ်ကြာ ပျောက်ဆုံးနေခဲ့ပြီးနောက် သူမရဲ့အလောင်းကို ပြန်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ထံ လူပျောက်တိုင်ကြားခဲ့ပေမဲ့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှု မရှိခဲ့ဘူးလို့ မိန်းကလေးငယ်ရဲ့ မိသားစုက ပြောထားပါတယ်။

ဆွေမျိုးသားချင်းတွေက မိန်းကလေးငယ်ရဲ့ ပျောက်ဆုံးမသွားမီ နောက်ဆုံးမြင်ကွင်းပါဝင်တဲ့ CCTV မှတ်တမ်းကို ရယူနိုင်ခဲ့ကြပြီး ရဲတပ်ဖွဲ့ကတော့ အဆိုပါ CCTV မှတ်တမ်းကိုပင် ရယူနိုင်ခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။

 
CCTV မှတ်တမ်းဗီဒီယိုမှာ မိန်းကလေးငယ်ကို အမျိုးသားတစ်ဦးက လက်ဆွဲခေါ်ဆောင်သွားခဲ့တာ တွေ့ခဲ့ရပြီး အဆိုပါဗီဒီယိုဟာ ဆိုရှယ်မီဒီယာမှာလည်း ပျံ့နှံ့ခဲ့ကြောင်း သိရပါတယ်။ "ရဲတွေကသာ ချက်ချင်းအရေးယူဆောင်ရွက်ခဲ့ရင် တရားခံကို ဖမ်းမိမှာပါ" လို့ မိန်းကလေးငယ်ရဲ့ ဖခင်ဖြစ်သူက ပြောပါတယ်။

ယခုဖြစ်ရပ်အပေါ် ဆိုရှယ်မီဒီယာမှာလည်း ဒေါသတကြီး တုံ့ပြန်မှုတွေရှိနေပြီး hashtag #JusticeforZainab ဟာ ကမ္ဘာတစ်ဝှမ်း ဆိုရှယ်မီဒီယာ အသုံးပြုသူတွေ ပြောဆိုမှုအများဆုံး အကြောင်းအရာလည်း ဖြစ်လာပါတယ်။

play


ရဲတပ်ဖွဲ့ကတော့ အလားတူ ဖြစ်ရပ်မျိုးတွေ Kasur မြို့မှာ လစဉ်ဖြစ်ပွားနေတယ်လို့ ပြောထားပါတယ်။ ပြီးခဲ့တဲ့ လအတွင်းကလည်း မြို့လယ်မှာနေထိုင်တဲ့ အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးဟာ နေအိမ်ကနေ အနီးအနားရှိ ဈေးဆိုင်သို့အသွားမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။

အဆိုပါ မိန်းကလေးငယ်ကတော့ သူမကို ဖမ်းဆီးသွားသူလက်မှ ထွက်ပြေးလွတ်မြောက်ပြီး နေအိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။ သို့သော် ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ကြောင့် မိန်းကလေးငယ်ဟာ စိတ်ဒဏ်ရာကြီးမားစွာရခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video