AD
AD
AD

အိန္ဒိယမြောက်ပိုင်းမှာ လေပြင်းမုန်တိုင်းများ တိုက်ခတ်မှုကြောင့် လူ ၁၈ ဦးထက်မနည်း သေဆုံးပြီး နေအိမ်ပျက်စီးမှု အများအပြား ဖြစ်ပေါ်ခဲ့ကြောင်း အာဏာပိုင်တွေက ယနေ့ (ဇွန်လ ၂ ရက်) ပြောပါတယ်။

play


သောကြာနေ့ (ဇွန်လ ၁ ရက်) က အူတာပရာဒက်ရှ်ပြည်နယ်မှာ မုန်တိုင်းတိုက်ခတ်စဉ် တစ်နာရီလျှင် ၆၂ မိုင်နှုန်းဖြင့် လေပြင်းများတိုက်ခတ်ခဲ့ရာ နံရံများပြိုကျခြင်း၊ လျှပ်စစ်ဓားအားလိုင်းတိုင်များနဲ့ ထောင်နဲ့ချီတဲ့ သစ်ပင်များ လဲပြိုခြင်းတို့ ဖြစ်ခဲ့ကြောင်း သိရပါတယ်။

အူတာပရာဒက်ရှ်မှာ လေပြင်းမုန်တိုင်းများ တိုက်ခတ်မှုကြောင့် လူ ၁၆ ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် တီပီဂွတ်ပ်တာက ပြောပါတယ်။ မုန်တိုင်းတိုက်မှုကြောင့် နယူးဒေလီမှာ လူတစ်ဦးနဲ့ အိန္ဒိယမြောက်ပိုင်း ချန်ဒီဂါဟ်မြို့မှာ နောက်ထပ် လူတစ်ဦးသေဆုံးခဲ့ပါတယ်။

play


အိန္ဒိယနိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံး ပြည်နယ်တွေမှာ ဧပြီလကတည်းက မုန်တိုင်းတိုက်ခတ်မှုတွေ ကြုံတွေ့နေခဲ့ရပြီး လူ ၂၀၀ ကျော် သေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။ ဒါ့အပြင် အိန္ဒိယရဲ့ အခြားနေရာတွေမှာလည်း သဲမုန်တိုင်းနဲ့ လေပြင်းမုန်တိုင်း တိုက်ခတ်မှုတွေကြောင့် အိန္ဒိယနိုင်ငံတစ်ဝှမ်း လူ ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။

အိန္ဒိယမှာ နွေရာသီမုန်တိုင်းတိုက်ခတ်မှုတွေ ကြုံတွေ့ရလေ့ရှိပြီး ယခုနှစ်မှာတော့ ပုံမှန်ထက် ပိုမိုပြင်းထန်တဲ့ မုန်တိုင်းတိုက်ခတ်မှုနဲ့ လူသေဆုံးမှုလည်း ပိုများခဲ့ပါတယ်။ လာမယ့်ရက်များအတွင်း မုတ်သုန်ရာသီအကြို အပူချိန်မြင့်တက်မှုတွေကြောင့် မုန်တိုင်းတိုက်ခတ်မှုများ ပိုမိုဖြစ်ပေါ်နိုင်ကြောင်း အိန္ဒိယ မိုးလေဝသဌာနက သတိပေးထားပါတယ်။

play


အိန္ဒိယနိုင်ငံ ရာဂျက်စတန်ပြည်နယ် ချူရူးဒေသရဲ့ ဇွန်လ ၁ ရက်နေ့ အပူချိန်ဟာ ၄၉.၇ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်ခဲ့ကြောင်း ပုဂ္ဂလိက မိုးလေဝသခန့်မှန်းအဖွဲ့ Skymet က ပြောပါတယ်။

အိန္ဒိယတောင်ပိုင်း ကီရာလာပြည်နယ်မှာ အင်္ဂနေ့ (မေလ ၂၉ ရက်) က မုန်သုန်လေဝင်ရောက်ခဲ့ပြီး ရာသီဥတုအေးလာကြောင်းနဲ့ မုတ်သုန်လေဟာ အိန္ဒိယမြောက်ပိုင်းသို့ ဆက်လက် ရွေ့လျားမယ်လို့ မိုးလေဝသကျွမ်းကျင်သူတွေက ခန်းမှန်းထားကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD