AD
AD
AD

ဆီးရီးယားသမ္မတ ဘရှားအယ်လ်အာဆတ်က မြောက်ကိုရီးယားသို့ ချစ်ကြည်ရေးခရီးစဉ်သွားရောက်ရန် စီစဉ်ထားကြောင်း မြောက်ကိုရီးယားအစိုးရ သတင်းဌာနက ပြောကြားပါတယ်။

play
မြောက်ကိုရီးယားသံအမတ်ရဲ့ ခန့်အပ်လွှာကို အာဆတ်က လက်ခံနေစဉ်


ဆီးရီးယားသမ္မတရဲ့ ခရီးစဉ်ဟာ ၂၀၁၁ ခုနှစ်မှာ မြောက်ကိုရီးယားခေါင်းဆောင် ဖြစ်လာခဲ့တဲ့ ကင်မ်ဂျုံအန်က နိုင်ငံခေါင်းဆောင်တစ်ဦးကို ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် ဧည့်ခံမှုလည်း ဖြစ်လာမယ်လို့ ဆိုပါတယ်။

သမ္မတအာဆတ်ရဲ့ ချစ်ကြည်ရေးခရီးစဉ်သတင်းနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားရဲ့မဟာမိတ် ဆီးရီးယား အစိုးရဘက်ကတော့ တစ်စုံတရာ မှတ်ချက်ပေးခြင်း မရှိသေးဘူးလို့ဆိုပါတယ်။ ဆီးရီးယားနဲ့ မြောက်ကိုရီးယားတို့ဟာ ဓာတုလက်နက်တွေနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း စွပ်စွဲမှုတွေလည်းရှိနေပါတယ်။

play
်မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်


နှစ်နိုင်ငံလုံးကတော့ ထိုစွပ်စွဲချက်တွေကို ငြင်းဆိုထားကြပါတယ်။ ဆီးရီးယားသမ္မတအာဆတ် ချစ်ကြည်ရေးခရီးစဉ် လာရောက်မယ့်နေ့ရက်ကိုတော့ မြောက်ကိုရီးယား အစိုးရသတင်းဌာန KCNA က ထည့်သွင်းပြောခဲ့ခြင်း မရှိပါဘူး။

"ကျွန်တော် မြောက်ကိုရီးယားကိုသွားပြီး ကင်မ်ဂျုံအန်နဲ့ တွေ့ဆုံပါမယ်" လို့ အာဆတ်က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ (မေလ ၃၀ ရက်) မှာ ပြောကြားခဲ့မှုကို KCNA က ကိုးကားဖော်ပြခဲ့ပါတယ်။ ဆီးရီးယားသမ္မတအာဆတ်က မြောက်ကိုရီးယား သံအမတ် Mun Jong-nam ရဲ့ သံအမတ်ခန့်အပ်လွှာကို လက်ခံခဲ့စဉ် ထိုသို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

play
ဆီးရီးယားသမ္မတအာဆတ်


အာဆတ်က ကင်မ်ဂျုံအန်အနေနဲ့ ကိုရီးယားနှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးကို အောင်မြင်ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်မယ်လို့လည်း ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ ဆီးရီးယားနိုင်ငံတို့ဟာ ၁၉၆၆ ခုနှစ်ကတည်းက သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ကြပြီး ၁၉၇၃ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အာရပ်-အစ္စရေး စစ်ပွဲအတွင်း မြောက်ကိုရီးယားက တပ်ဖွဲ့ဝင်တွေနဲ့ စစ်လက်နက်တွေ စေလွှတ်ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။

play
ပြည်တွင်းစစ်ဒဏ်ကြောင့် ပျက်စီးနေသည့် ဆီးရီးယားနိုင်ငံအတွင်း မြင်ကွင်းတစ်ခု


ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလအတွင်း ပေါက်ကြားခဲ့တဲ့ ကုလသမဂ္ဂ အစီရင်ခံစာတစ်ခုကလည်း မြောက်ကိုရီးယားဟာ ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်ကြားမှာ ဆီးရီးယားနိုင်ငံသို့ ဓာတုလက်နက်နဲ့ ဆက်စပ်တဲ့ပစ္စည်းများ အကြိမ် ၄၀ ပို့ဆောင်ခဲ့ကြောင်း စွပ်စွဲဖော်ပြထားပါတယ်။

ဆီးရီးယားသမ္မတအာဆတ်ဟာ ၇ နှစ်ကြာပြီဖြစ်တဲ့ ပြည်တွင်းစစ်အတွင်း ဓာတုလက်နက်များ အသုံးပြုခဲ့ကြောင်း စွပ်စွဲခံခဲ့ရပါတယ်။ အာဆတ်ကတော့ ၎င်းတို့ထံမှာ ဓာတုလက်နက်များမရှိကြောင်း ငြင်းဆိုထားခဲ့ပါတယ်။

play
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်


ကင်မ်ဂျုံအန်က လတ်တလောမှာ သံတမန်ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန် အားထုတ်ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်က ဧပြီ ၂၇ ရက်မှာ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ သမိုင်းဝင် ထိပ်သီးတွေ့ဆုံမှု ပြုလုပ်ခဲ့ပြီး အဓိက မဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့သမ္မတ ရှီကျင်းပင်နဲ့လည်း မတ်လကုန်ပိုင်းမှာ တစ်ကြိမ်နဲ့ မေလအတွင်းမှာ တစ်ကြိမ် တွေ့ဆုံခဲ့ပါတယ်။

လာမယ့် ဇွန်လ ၁၂ ရက်မှာလည်း ကင်မ်ဂျုံအန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ စင်ကာပူနိုင်ငံမှာ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်သွားရန် စီစဉ်နေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD