AD
AD
AD

ဂွာတီမာလာနိုင်ငံမှာ မီးတောင် ပေါက်ကွဲမှုကြောင့် လူ ၂၅ ဦးထက်မနည်း သေဆုံးပြီး ၃၀၀ နီးပါး ဒဏ်ရာရခဲ့ကြောင်းနဲ့ ဒေသခံ ၂,၀၀၀ ကျော်ကို ရွှေ့ပြောင်းခဲ့ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

play


ဂွာတီမာလာမြို့တော်ရဲ့ အနောက်တောင်ဘက် ၂၅ မိုင်ခန့်အကွာမှာ တည်ရှိတဲ့ ဖူအေဂို (Fuego) မီးတောင်ဟာ တနင်္ဂနွေနေ့ (ဇွန်လ ၃ ရက်) မှာ ပေါက်ကွဲခဲ့ပြီး အနက်ရောင်မီးခိုးနဲ့ ပြာမှုန်များ ကောင်းကင်ထဲသို့ မှုတ်ထုတ်နေခဲ့ကာ မီးတောင်ချော်ရည်ပူများ စီးထွက်လာခဲ့ကြောင်း သိရပါတယ်။

play


ဂွာတီမာလာ သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာန (National Disaster Management Agency - Conred) က ပြောကြားမှုအရ မီးတောင်ချော်ရည်ပူတွေဟာ El Rodeo ကျေးရွာသို့ စီးဆင်းဖုံးလွှမ်းသွားခဲ့ပြီး နေအိမ်များပျက်စီးကာ အိမ်အတွင်းမှာရှိနေတဲ့ လူများ လောင်ကျွမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

မီးတောင်ပြာမှုန်များ ပျံ့လွင့်ရောက်ရှိလာမှုကြောင့် ဂွာတီမာလာမြို့ La Aurora လေဆိပ်ကို ပိတ်ထားရကြောင်းလည်း သိရပါတယ်။ သမ္မတ ဂျမ်မီမိုရာလက်စ်က နိုင်ငံတော်အဆင့် အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှု အစီအစဉ် စတင်လိုက်တယ်လို့ ဆိုပါတယ်။

play


ယခု ဖြစ်ပွားနေတဲ့ ဖူအေဂိုမီးတောင် ပေါက်ကွဲမှုဟာ ၁၉၇၄ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးဖြစ်တယ်လို့ ဒေသခံ ကျွမ်းကျင်သူတွေက ပြောပါတယ်။ မီးတောင်ချော်ရည်ပူတွေဟာ လမ်းကြောင်းပြောင်းပြီး El Rodeo ကျေးရွာသို့ စီးဝင်ရောက်ရှိသွားခဲ့ကြောင်း Conred အကြီးအကဲ ဆာဂျီရိုကာဘင်နက်စ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

play


"ကံဆိုးစွာနဲ့ပဲ El Rodeo ဟာ ချော်ရည်ပူတွေ လောင်ကျွမ်းခံခဲ့ရပါတယ်၊ အဲဒီကျေးရွာမှာ ဒဏ်ရာရမှု၊ လောင်ကျွမ်းမှုနဲ့ လူသေဆုံးမှုတွေ ဖြစ်ခဲ့ပါတယ်၊ နောက်ပြီး ချော်ရည်ပူတွေကြောင့် La Libertad ကျေးရွာကိုလည်း ကျွန်တော်တို့ မရောက်နိုင်ဘူး ဖြစ်နေပါတယ်၊ အဲဒီမှာလည်း လူသုံးဦး သေဆုံးဖွယ်ရှိပါတယ်" လို့ ဆာဂျီရိုက အခြေအနေကို ရှင်းပြခဲ့ပါတယ်။

play


မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူတွေအနက် Conred ဌာနရဲ့ ဝန်ထမ်းတစ်ဦလည်း ပါဝင်ခဲ့ကြောင်း နောက်ပိုင်းမှာ ဆာဂျီရိုက ပြောခဲ့ပါတယ်။ မီးတောင်ပေါက်ကွဲမှုကြောင့် လူခုနစ်ဦး သေဆုံးခဲ့ကြောင်း အတည်ပြုထားပြီး ကလေးသုံးဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။

မီးတောင်ချော်ရည်တွေက ပြောင်းဖူးစိုက်ခင်းတွေကို ဖုံးလွှမ်းသွားခဲ့ကြောင်းနဲ့ သေဆုံးသူအရေအတွက် ယခုထက်ပိုများနိုင်တယ်လို့ ပြာမှုန်များပေကျံနေတဲ့ အမျိုးသမီးတစ်ဦးက Diario de Centroamerica သတင်းစာကို ပြောခဲ့ပါတယ်။

play


"တစ်ယောက်မှ မလွတ်နိုင်ခဲ့ဘူး၊ သူတို့ ချော်ရည်တွေဖုံးလွှမ်းခံခဲ့ရတယ်လို့ ကျွန်မထင်တယ်" လို့ ကွန်ဆူလို ဟာနက်ဒက်ဇ်က ပြောပါတယ်။ ဖူအေဂိုမီးတောင် ပေါက်ကွဲမှုဟာ လူတစ်သန်းကို သက်ရောက်မှုရှိခဲ့ကြောင်း ဂွာတီမာလာအစိုးရက ဆိုပါတယ်။

လေတိုက်ခတ်မှု လမ်းကြောင်းပြောင်းလဲမှုကြောင့် ဖူအေဂိုမီးတောင်မှ ပြာမှုန်များ ဂွာတီမာလာမြို့ရဲ့ နေရာဒေသတွေကို ကျရောက်လာခဲ့ကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနမှ ပြောခွင့်ရအမျိုးသမီးက ပြောပါတယ်။

play


မီးတောင်ပြာမှုန်တွေဟာ ဂွာတီမာလ ဒေသလေးခုကို ပျံ့လွင့်ကျရောက်နေပြီး အစိုးရက ပြည်သူတွေက မျက်နှာဖုံးများတပ်ဆင်ထားကြရန် အကြံပြုထားကြောင်း သိရပါတယ်။ ဂွာတီမာလာစစ်တပ်က La Aurora လေဆိပ်ပြေးလမ်းမှ မီးတောင်ပြာမှုန်တွေကို ရှင်းလင်းပေးမှု အပါအဝင် အကူအညီများ ပေးခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD