AD
AD
AD

မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်ကို သေနတ်နဲ့ပစ်ပြီး စစ်ပွဲဆင်နွှဲမယ်လို့ Facebook မှာ ခြိမ်းခြောက်ခဲ့မှုနဲ့ ဆက်နွယ်နေတဲ့ အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

play


ဝန်ကြီးချုပ်မဟာသီယာကို ခြိမ်းခြောက်ထားတဲ့ ဆိုရှယ်မီဒီယာပို့စ်တွေနဲ့ ပတ်သက်ပြီး မေလ ၃၁ ရက်မှာ NGO အဖွဲ့အစည်း Pekida ထံမှ သတင်းပေးမှု လက်ခံရရှိခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့ အကြီးအကဲ မိုဟာမက် ဖူဇီဟာရွန်က ယနေ့ (ဇွန်လ ၄ ရက်) ပြောခဲ့ပါတယ်။

play
မလေးရှားဝန်ကြီးချုပ် မဟာသီယာ


Pekida အဖွဲ့ဝင်တစ်ဦးပင်ဖြစ်တဲ့ သံသယရှိသူ အသက် ၃၈ နှစ်အရွယ် အမျိုးသားကို Jalan Beverly Height မှာ စနေနေ့ (ဇွန်လ ၂ ရက်) ညနေ ၅ နာရီဝန်းကျင်က ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ "သံသယရှိသူက သူ့ရဲ့ Facebook အကောင့် ခိုးယူခံခဲ့ရတယ်လို့ ပြောထားပါတယ်" လို့ ရဲတပ်ဖွဲ့အကြီးအကဲက ဆိုပါတယ်။

၎င်းကို တရားရုံးမှ ရမန်ရယူပြီးနောက် ဗုဒ္ဓဟူးနေ့ (ဇွန်လ ၆ ရက်) အထိ ဆက်လက် ထိန်းသိမ်းထားကာ စစ်ဆေးမေးမြန်းသွားမယ်လို့လည်း သိရပါတယ်။

မလေးရှားဝန်ကြီးချုပ် မဟာသီယာဟာ နိုင်ငံရေးမှ အနားယူခဲ့ပြီးနောက် ပြီးခဲ့တဲ့ မေလ ၉ ရက် အထွေထွေရွေးကောက်ပွဲမှာ Pakatan Harapan (PH) အတိုက်အခံညွန့်ပေါင်းအုပ်စုကို ဦးဆောင်ကာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

play
မလေးရှားရဲတပ်ဖွဲ့ အကြီးအကဲ မိုဟာမက် ဖူဇီဟာရွန်


ရွေးကောက်ပွဲမှာ မဟာသီယာနဲ့ အတိုက်အခံ PH ညွန့်ပေါင်းအုပ်စုက အာဏာရ Barisan Nasional (BN) ညွန့်ပေါင်းအဖွဲ့နဲ့ ဝန်ကြီးချုပ်နဂျစ်ရာဇက်ခ်ကို အံ့အားသင့်ဖွယ် အနိုင်ရခဲ့ပါတယ်။

ရွေးကောက်ပွဲ အနိုင်ရရှိမှုနဲ့အတူ ယခင်ကလည်း မလေးရှားဝန်ကြီးချုပ်အဖြစ် နှစ် ၂၀ ကျော်ကြာ တာဝန်ယူခဲ့ဖူးတဲ့ မဟာသီယာက တစ်ကျော့ပြန် ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ မဟာသီယာက ၁၉၈၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ မလေးရှားဝန်ကြီးချုပ်အဖြစ် ဆယ်စုနှစ် နှစ်ခုကျော်ကြာ တာဝန်ယူခဲ့ဖူးပါတယ်။

တစ်ကျော့ပြန် မလေးရှားဝန်ကြီးချုပ် ဖြစ်လာတဲ့ အသက် ၉၂ နှစ်အရွယ် ဒေါက်တာမဟာသီယာဟာ ကမ္ဘာပေါ်မှာ အသက်အကြီးဆုံး ရွေးကောက်ခံ နိုင်ငံခေါင်းဆောင်တစ်ဦးလည်း ဖြစ်လာခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD