AD
AD
AD

မလေးရှားဝန်ကြီးချုပ်ဟောင်း နဂျစ်ရာဇက်ခ်ရဲ့ဇနီး ရို့စ်မာမန်ဆာက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးချုပ်မှာ အစိုးရပိုင် 1Malaysia Development Berhad (1MDB) ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ငွေကြေးအရှုပ်အထွေးနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုအတွက် မေးမြန်းမှုတွေကို လာရောက်ထွက်ဆိုခဲ့ကြောင်း သိရပါတယ်။

play
မလေးရှားဝန်ကြီးချုပ်ကတော်ဟောင်း ရို့စ်မာမန်ဆာ


ရို့စ်မာကို မလေးရှား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (Malaysian Anti-Corruption Commission - MACC) က လေးနာရီကြာ မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။ MACC က ဝန်ကြီးချုပ်ဟောင်းရဲ့ဇနီးကို 1MDB ရဲ့ လက်အောက်ခံ ကုမ္ပဏီခွဲ SRC International နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုအတွက် ယနေ့ (ဇွန်လ ၅ ရက်)  ဆင့်ခေါ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

play
ရို့စ်မာ၏ ရှေ့နေများက သတင်းထုတ်ပြန်စဉ်


"ရို့စ်မာက မေးမြန်းမှုအတွင်း အတတ်နိုင်ဆုံး ပူးပေါင်းပါဝင်ပြီး ထွက်ဆိုပေးခဲ့ပါတယ်၊ သူ့ကိုလည်း စုံစမ်းစစ်ဆေးရေးမှူးတွေက ကောင်းကောင်းမွန်မွန် ဆက်ဆံပြောဆိုကြပါတယ်" လို့ MACC ရဲ့ မေးမြန်မှုတွေကို ရို့စ်မာ ထွက်ဆိုအပြီးမှာ သူမရဲ့ရှေ့နေတွေက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

MACC အရာရှိတွေက ရို့စ်မာရဲ့ ထွက်ဆိုချက်ကို မှတ်တမ်းတင်ထားကြောင်းနဲ့ လိုအပ်လာပါက သူမအနေနဲ့ နောက်ထပ် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ ရှေ့နေတွေက သတင်းထောက်တွေရဲ့ နောက်ထပ် မေးခွန်းတွေကိုတော့ ဖြေကြားရန်ငြင်းဆိုခဲ့ကြောင်း သိရပါတယ်။

play
မလေးရှား ဝန်ကြီးချုပ်ဟောင်းနဂျစ်နှင့် ဇနီးဖြစ်သူ ရို့စ်မာ


MACC က ရို့စ်မာကို အစိုးရပိုင် 1Malaysia Development Berhad (1MDB) ကုမ္ပဏီရဲ့ လက်အောက်ခံ ကုမ္ပဏီခွဲ SRC International နဲ့ ပတ်သက်ပြီး လိုအပ်တဲ့မေးမြန်းမှုတွေကို လာရောက်ထွက်ဆိုရန် ဇွန်လ ၁ ရက် မှာ ဆင့်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

တန်ဖိုးကြီး အဝတ်အထည်တွေနဲ့ လက်ကိုင်အိတ်တွေကို ကြိုက်နှစ်သက်တတ်သူလို့ နာမည်ကြီးသူ ရို့စ်မာက MACC ရုံးချုပ်ကို ကားသုံးစီးပါဝင်တဲ့ အစောင့်အရှောက် ယာဉ်တန်းဖြင့် ရောက်ရှိလာခဲ့ပါတယ်။ ထို့နောက် ရို့စ်မာက ငွေရောင် Mercedes ကားပေါ်ကနေ ဆင်းလာခဲ့ပြီး လုံခြုံရေးအစောင့်အရှောက်တွေနဲ့ သူမရဲ့ရှေ့နေတွေနဲ့အတူ MACC ရုံးထဲကို ဝင်သွားခဲ့တာတွေ့ရပါတယ်။

play
MACC ရုံးချုပ်မှာ တွေ့ရသည့် ရို့စ်မာ


ရို့စ်မာက အနီရောင် လက်ကိုင်အိတ်တစ်လုံးကို ကိုင်ဆောင်ထားပြီး ထိုအိတ်ဟာ တန်ဖိုးကြီးမားတဲ့ ကမ္ဘာကျော် အီတလီအမှတ်တံဆိပ် Versace အမှတ်တံဆိပ် ဖြစ်ပုံရတယ်လို့ ဆိုပါတယ်။ MACC ကို လာရောက်ထွက်ဆိုတဲ့ ရို့စ်မာနဲ့အတူ သမီးဖြစ်သူ နူးရ်ယာနာ နက်ဂ်ျဝါလည်း လိုက်ပါလာခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်း နဂျစ်ဟာလည်း ၎င်းရဲ့ ဘဏ်အကောင့်ထဲကို အမေရိကန်ဒေါ်လာ ၁၀.၆ သန်း သံသယဖြစ်ဖွယ် လွှဲပြောင်းမှုနဲ့ပတ်သက်ပြီး MACC ရုံးချုပ်မှာ ပြီးခဲ့တဲ့လအတွင်း လာရောက်ထွက်ဆိုခဲ့ရပါတယ်။ နဂျစ်နဲ့ ရို့စ်မာ ဇနီးမောင်နှံကို မလေးရှားနိုင်ငံမှ ထွက်ခွာခွင့်လည်း တားမြစ်ပိတ်ပင်ထားကြောင် သိရပါတယ်။

play
မဟာသီယာ မိုဟာမက်


နဂျစ်ဟာ မေလ ၉ ရက် မလေးရှား အထွေထွေရွေးကောက်ပွဲမှာ တစ်ချိန်က ၎င်းရဲ့ဆရာဖြစ်ခဲ့သူနဲ့ ယခုရွေးကောက်ပွဲမှာ ပြိုင်ဘက်ဖြစ်လာသူ မဟာသီယာ မိုဟာမက်ကို ရှုံးနိမ့်ခဲ့ပြီး အာဏာလက်လွှတ်ခဲ့ရပါတယ်။

အာဏာလက်လွှတ်ခဲ့ရပြီးနောက် နဂျစ်အစိုးရလက်ထက်မှာ တည်ထောင်ခဲ့တဲ့ 1MDB ရန်ပုံငွေ အရှုပ်အထွေးကိစ္စနဲ့ ပတ်သက်ပြီး နဂျစ်ရဲ့နေအိမ်၊ ၎င်းနဲ့ဆက်နွယ်နေတဲ့ ကွန်ဒိုတိုက်ခန်းတွေကို ရဲတပ်ဖွဲ့က စီးနင်းရှာဖွေမှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

play
နဂျစ်နဲ့ဆက်နွယ်တဲ့ ကွန်ဒိုတိုက်ခန်းမှ သိမ်းဆည်းခဲ့သည့် အိတ်များ


ငွေသား မလေးရှားရင်းဂစ် ၁၁၄ သန်း (အမေရိကန်ဒေါ်လာ ၂၈.၆ သန်း)၊ လက်ဝတ်ရတနာများ၊ တန်ဖိုးကြီးနာရီများနဲ့ လက်ကိုင်အိတ် ၄၀၀ ကျော်ကို သိမ်းဆည်းခဲ့ပါတယ်။ MDB ငွေကြေးခဝါချမှု အရှုပ်အထွေးနဲ့ ပတ်သက်ပြီး စင်ကာပူ၊ အမေရိကန်နဲ့ ဆစ်ဇွာလန် အပါအဝင် အနည်းဆုံး နိုင်ငံခြောက်ခုမှာ စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD