AD
AD
AD

စင်ကာပူနိုင်ငံမှာ ပြုလုပ်သွားမယ့် မြောက်ကိုရီးယားနဲ့အမေရိကန် ထိပ်သီးဆွေးနွေးပွဲ အဆင်ပြေခဲ့ပါက ကင်မ်ဂျုံအန်ကို အိမ်ဖြူတော်သို့ ဖိတ်ကြားသွားရန် စဉ်းစားမှာဖြစ်တယ်လို့ ဒေါ်နယ်ထရန့်က ပြောကြားလိုက်ပါတယ်။

play
အိမ်ဖြူတော်မှာ ထရန့်နဲ့အဘေးတို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်


အမေရိကန်သမ္မတထရန့်က ဇွန် ၁၂ ရက် ထိပ်သီးတွေ့ဆုံပွဲကိစ္စကို အိမ်ဖြူတော်မှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးနဲ့ ဆွေးနွေးခဲ့ပြီးနောက် ထိုသို့ ပြောခဲ့တာဖြစ်ပါတယ်။ ကင်မ်ဂျုံအန်နဲ့ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲဟာ အားလုံးအဆင်သင့်ဖြစ်နေပြီလို့လည်း သမ္မတထရန့်ကဆိုပါတယ်။

ဒါ့အပြင် ထိပ်သီးဆွေးနွေးပွဲကနေ ကိုရီးယားစစ်ပွဲ တရားဝင် အဆုံးသတ်ရေးအတွက် သဘောတူညီချက် ရရှိနိုင်ကြောင်းနဲ့ ထိုကိစ္စဟာ ညှိနှိုင်းရန်လွယ်ကူတဲ့အပိုင်း ဖြစ်တယ်လို့ ထရန့်က ပြောပါတယ်။ "ထိပ်သီးဆွေးနွေးပွဲအပြီးမှာ ဘာဖြစ်လဲဆိုတာက တစ်ကယ် အရေးကြီးပါတယ်" လို့ သမ္မတထရန့်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

play
အမေရိကန်သမ္မတထရန့်နဲ့ ဂျပန်ဝန်ကြီးချုပ်အဘေးတို့ တွေ့ဆုံစဉ်


အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက မြောက်ကိုရီးယား နျူကလီးယားလက်နက်ဖျက်သိမ်းရေးကို လိုလားနေကြပေမဲ့ ထိုသို့ ဖြစ်မြောက်လာနိုင်ရန် တွေ့ဆုံဆွေးနွေးမှု တစ်ကြိမ်မကလိုအပ်ပြီး အချိန်ယူရမယ်လို့ ထရန့်က လက်ခံထားပါတယ်။

ဒေါ်နယ်ထရန့်နဲ့ ကင်မ်ဂျုံအန် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ရက်ပိုင်းမျှအလိုမှာ အမေရိကန်ကို ရောက်ရှိလာတဲ့ ဂျပန်ဝန်ကြီးချုပ် အဘေးကတော့ မြောက်ကိုရီးယားနဲ့ မျက်နှာချင်းဆိုင် တိုက်ရိုက်တွေ့ဆုံပြီး ပြန်ပေးဆွဲခံရသူတွေကိစ္စကို ဆွေးနွေးလိုကြောင်း ပြောခဲ့ပါတယ်။

play
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေး


"မြောက်ကိုရီးယားနဲ့ တိုက်ရိုက်မျက်နှာချင်းဆိုင်ပြီး ဆွေးနွေးမှပဲ ပြန်ပေးဆွဲတဲ့ကိစ္စကို အမြန်ဆုံး ဖြေရှင်းနိုင်မှာပါ" လို့ အဘေးကဆိုပါတယ်။ မြောက်ကိုရီးယား သူလျှိုတွေကို ဂျပန်ဘသာစကားနဲ့ ဓလေ့ထုံးတမ်းများ သင်ကြားပေးရန် ကူညီခဲ့တဲ့ ဂျပန်နိုင်ငံသား အများအပြားကို ၁၉၇၀ ပြည့်လွန်နဲ့ ၁၉၈၀ ပြည့်လွန်အတွင်း မြောက်ကိုရီးယားက ပြန်ပေးဆွဲထားခဲ့ပါတယ်။

play
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်


မြောက်ကိုရီးယားအစိုးရက ဂျပန်နိုင်ငံသား ၁၃ ကို ပြန်ပေးဆွဲခေါ်ဆောင်ထားခဲ့ကြောင်း ဝန်ခံခဲ့ပေမဲ့ အမှန်တစ်ကယ် အရေအတွက်ဟာ ထိုထက်ပိုများနိုင်ကြောင်း သိရပါတယ်။ မြောက်ကိုရီးယားက ကောင်းမွန်တဲ့အနာဂတ်ကို ဦးတည်တဲ့လမ်းကြောင်းမှန်ကို လျှောက်လမ်းရန် ဆန္ဒရှိနေကြောင်းလည်း ဂျပန်ဝန်ကြီးချုပ်အဘေးက မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။

အမေရိကန်သမ္မတထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ ထိပ်သီးဆွေးနွေးပွဲကို ဇွန်လ ၁၂ ရက် မနက် ၉ နာရီမှစပြီး စင်ကာပူနိုင်ငံ ဆန်တိုဆာကျွန်းရှိ ကြယ်ငါးပွင့်အဆင့် Capella ဟိုတယ်မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD