AD
AD
AD

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ရဲ့ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲကို လာမယ့် ဇွန်လ ၁၂ ရက်နေ့ စင်ကာပူနိုင်ငံ ဆန်တိုဆာကျွန်းပေါ်ရှိ ကြယ်ငါးပွင့်အဆင့် Capella ဟိုတယ်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

play


ဆန်တိုဆာကျွန်းဟာ စစ်ပွဲကာလအတွင်း လူမျိုးတုန်းသတ်ဖြတ်မှုတွေနဲ့ သွေးစွန်းခဲ့တဲ့နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။ ယခုအချိန်မှာတော့ အဆိုပါကျွန်းပေါ်မှာ Capella ကဲ့သို့ ဇိမ်ခံဟိုတယ်တွေ၊ ကာစီနိုရုံတွေ၊ ဂေါက်သီးရိုက်ကွင်းနဲ့ Universal Studio ပါရှိနေပြီး စင်ကာပူရဲ့ အထင်ကရ နေရာတစ်ခုဖြစ်နေပါပြီ။

play


Capella ဟိုတယ်ရဲ့ တစ်ညတာ တည်းခိုစရိတ်က အခန်းတစ်ခန်းကို စင်ကာပူဒေါ်လာ ၅၈၀ (မြန်မာငွေ ၆ သိန်းဝန်းကျင်) နဲ့ ဘန်ဂလိုကဲ့သို့ သီးသန့် တည်းခိုနေအိမ်ကတော့ စင်ကာပူဒေါ်လာ ၁၁,၀၀၀ (မြန်မာငွေ သိန်း ၁၁၀ ဝန်းကျင်) ကျသင့်နိုင်တယ်လို့ ဆိုပါတယ်။ ထရန့်နဲ့ကင်မ် သမိုင်းဝင် ထိပ်သီးတွေ့ဆုံပွဲ ပြုလုပ်သွားမယ့် Capella ဟိုတယ်အကြောင်း လူအများ မသိနိုင်သေးတဲ့ အချက် ၅ ချက်ကို စင်ကာပူသတင်းဌာန CNA က ထုတ်နုတ်ဖော်ပြထားပါတယ်။

၁။ ကွယ်လွန်ပြီးနောက် နားခိုရာကျွန်းလို့လည်း သိထားကြတဲ့ ဆန်တိုဆာကျွန်းပေါ်မှာတည်ရှိ

Capella ဟိုတယ် တည်ရှိရာ ဆန်တိုဆာကျွန်း (Sentosa) ကို ယခင်က ကွယ်လွန်ပြီးနောက် နားခိုရာကျွန်း (Island After Death) လို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။ အဆိုပါကျွန်းရဲ့ မူလအမည်နဲ့ပတ်သက်ပြီး ကွဲပြားတဲ့ သတ်မှတ်ပြောဆိုမှုတွေလည်း ရှိပါတယ်။ အချို့က ပင်လယ်ဓားပြတွေရဲ့ကျွန်းလို့ဆိုကြပြီး အချို့ကလည်း စစ်သည်တော်ဝိဉာဉ်တွေ နားခိုရာလို့ ပြောကြပါတယ်။

play


ထိုကျွန်းရဲ့အမည်ကို ပြန်လည်သတ်မှတ်မှုအား ၁၉၆၉ ခုနှစ် နိုဝင်ဘာလမှာ ပြုလုပ်ခဲ့ပြီး မလေးဘာသာစကားအရ ငြိမ်းချမ်းရေးနဲ့ တိတ်ဆိတ်အေးချမ်းမှုလို့ အဓိပ္ပါယ်ရတဲ့ Sentosa (ဆန်တိုဆာ) အမည်ကို ရွေးချယ်ခဲ့ပါတယ်။ ကျွန်းရဲ့အမည် ပြောင်းလဲခေါ်ဝေါ်မှုကို ၁၉၇၀ ပြည့်နှစ် စက်တင်ဘာလမှ စတင်သက်ရောက်စေခဲ့ကြောင်း သိရပါတယ်။

၂။ ရှေးမူမပျက် ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ အဆောက်အအုံနှစ်ခု

Capella Singapore ဟိုတယ်ကို ယခုခေတ်နဲ့ ကိုလိုနီခေတ်လက်ရာ နှစ်ခုလုံးဖြင့် ပေါင်းစပ် တည်ဆောက်ထားပါတယ်။ Tanah Merah I နဲ့ Tanah Merah II လို့ အမည်ပေးထားတဲ့ ဘန်ဂလိုတွေကို ၁၈၈၀ ပြည့်လွန်နှစ်များအတွင်း တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တော်ဝင်အမြောက်တပ်ဖွဲ့၊ ကမ်းရိုးတန်းခံတပ်ဌာနချုပ်မှ ဗြိတိသျှအရာရှိများ နေထိုင်ခဲ့ကြပါတယ်။

play


ဗြိတိသျှအရာရှိများနဲ့ ၎င်းတို့ရဲ့ မိသားစုများ အပန်းဖြေရာနေရာနဲ့ တင်းနစ်ကစားရာနေရာလည်း ဖြစ်ခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ် သြဂုတ် ၇ ရက်မှာ ရှေးမူမပျက် ထိန်းသိမ်းစောင့်ရှောက်ရမယ့် နေရာအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဘန်ဂလိုနှစ်ခုလုံးမှာ ဧည့်သည်များ တည်းခိုနေထိုင်နိုင်ရန် ရှေးမူမပျက် ပြင်ဆင်မွမ်းမံထားပါတယ်။

၃။ စင်ကာပူမှာ တစ်ခုတည်းသော အဝိုင်းပုံစံ ခန်းမဆောင်ရှိတဲ့ ဟိုတယ်

play


Capella ဟိုတယ်ရဲ့ အဓိက ခန်းမဆောင်က စင်ကာပူနိုင်ငံရှိ တစ်ခုတည်းသော အဝိုင်းပုံစံ ခန်းမဆောင်ဖြစ်ပြီး စတုရန်းပေ ၈,၆၁၁ ပေ ကျယ်ဝန်းကာ ဧည့်သည် ၄၀၀ ဝင်ဆံ့ပါတယ်။ အဆိုပါ ခန်းမဆောင်ကြီးရဲ့အမိုးက ကောင်းကင်ကိုထွင်းဖောက်မြင်နိုင်ပြီး နေ့ဘက်မှာ သဘာဝအလင်းရောင် ရနိုင်သလို ညဘက်မှာလည်း ကောင်းကင်အလှကို ကြည့်ရှုနိုင်ပါတယ်။

၎။ ဥဒေါင်းတွေလှည့်ပတ်သွားနေတဲ့ ဟိုတယ်ပတ်ဝန်းကျင်

play


ကြယ်ငါးပွင့်အဆင့် Capella ဟိုတယ်ပတ်ဝန်းကျင်မှာ ဥဒေါင်းတွေ လှည့်လည်ကျက်စားနေကြပြီး ဧည့်သည်တွေက အမှတ်တရ ဓာတ်ပုံရိုက်ကာ ဆိုရှယ်မီဒီယာမှာ တင်လေ့ရှိကြပါတယ်။ ဥဒေါင်းတွေက ဟိုတယ်ရဲ့ ရေကူးကန်နဲ့ The Knolls စားသောက်ဆိုင်အနီးကိုလည်း မကြာခဏ ရောက်လာလေ့ရှိပါတယ်။

၅။ မက်ဒေါနားနဲ့ လေဒီဂါဂါတို့ကဲ့သို့ ကမ္ဘာကျော်တွေ တည်းခိုခဲ့ဖူးတဲ့ ဟိုတယ်

play


ဗြိတိသျှလူမျိုး ဗိသုကာပညာရှင် နော်မန်ဖော်စတာရဲ့ ဗိသုကာဒီဇိုင်းဖြစ်တဲ့ Capella ဟိုတယ်မှာ ကမ္ဘာကျော်တွေ ဖြစ်ကြတဲ့ ပေါ့ပ်ဘုရင်မ မက်ဒေါနားနဲ့ လေဒီဂါဂါတို့လည်း တည်းခိုနေထိုင်ခဲ့ဖူးပါတယ်။ Capella ဟိုတယ်ဟာ Palawan ကမ်းခြေနဲ့ ငါးမိနစ်မျှသာ လမ်းလျှောက်သွားရတဲ့ အကွာအဝေးမှာရှိပြီး Universal Studios နဲ့ ၁၅ မိနစ်ကြာမျှ လမ်းလျှောက်သွားလို့ရတဲ့ နေရာမှာတည်ရှိပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD