AD
AD
AD

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ လမ်းမပေါ်ကို လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့ပြီးနောက် ပေါက်ကွဲမီးလောင်မှုဖြစ်ခဲ့ရာ လေယာဉ်မှူးသေဆုံးသွားခဲ့ပါတယ်။

play


ယနေ့ (ဇွန်လ ၈ ရက်) ဖြစ်ပွားခဲ့တဲ့ အဆိုပါဖြစ်ရပ်အတွင်း လေယာဉ်ဟာ အသေးစား လေယာဉ်ကွင်းတစ်ခုနဲ့ မိုင်ဝက်မျှအကွာအဝေးရှိ မဲလ်ဘုန်းမြို့ ဆင်ခြေဖုံး Mordialloc ဒေသ စကားလက်လမ်းမပေါ်ကို ပျက်ကျခဲ့ကြောင်း သိရပါတယ်။

ဒေသစံတော်ချိန် ညနေ ၅ နာရီကျော်မှာ လေယာဉ်ပျက်ကျမှု ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ "လေယာဉ်က လမ်းလယ်ခေါင်မှာ ပျက်ကျခဲ့ပြီး နေအိမ်ခြံစည်းရိုးကို ဖြတ်ကျော်သွားပြီး နေအိမ်ထဲကို ဝင်တိုက်သွားခဲ့တယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

play


"ကျွန်တော်ထင်တာ လေယာဉ်က ဆင်းသက်နေတုန်း မထိန်းနိုင်တော့ဘဲ ပျက်ကျခဲ့တာဖြစ်မယ်၊ လေယာဉ်ပျက်ကျတဲ့နေရာမှာ လူတွေအများကြီးရောက်နေပြီး ရဲကားတွေ၊ အရေးပေါ် လူနာတင်ကား အများအပြားလည်း ရောက်လာခဲ့တယ်" လို့ ၎င်းကဆိုပါတယ်။

play


လေယာဉ်ပေါက်ကွဲမီးလောင်မှုက ကြီးမားပြင်းထန်ခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူ ရောဘတ်ဖောက်စ်က The Age သတင်းဌာနကို ပြောခဲ့ပါတယ်။ "မှန်ကွဲစတွေ အများကြီးနဲ့ ဓာတ်ကြိုးတွေလည်း ပြတ်ကျနေခဲ့တော့ ပျက်ကျတဲ့လေယာဉ်နားကို ဘယ်သူမှ မကပ်နိုင်ခဲ့ဘူး၊ အဲဒီတော့ အနီးမှာရှိနေသူတွေလည်း ဘာမှမတတ်နိုင်ခဲ့ကြဘူး" လို့ ဒေသခံတစ်ဦးက အခြေအနေကို ရှင်းပြခဲ့ပါတယ်။

play


ပျက်ကျခဲ့တဲ့ လေယာဉ်ပေါ်မှာ သေဆုံးသူ လေယာဉ်မှူးတစ်ဦးတည်းသာရှိခဲ့ကြောင်းနဲ့ အခြား ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ လေယာဉ်ပျက်ကျခဲ့တဲ့ စကားလက်လမ်းဟာ မဲလ်ဘုန်းမြို့လယ်မှ ၁၅ မိုင်ခွဲအကွာမှာရှိတဲ့ လမ်းကျဉ်းတစ်ခုဖြစ်ပြီး တစ်ထပ်အိမ်များ တည်ရှိနေပါတယ်။ လေယာဉ်ဟာ စာသင်ကျောင်းတစ်ကျောင်းနဲ့ နေ့ကလေးထိန်းဌာနတစ်ခုအနီးမှာ ပျက်ကျခဲ့ကြောင်း သိရပါတယ်။

play


စကားလက်လမ်းမပေါ်ကို ပျက်ကျခဲ့တဲ့လေယာဉ်ဟာ အင်ဂျင်တစ်လုံးတပ် Cessna 172 အမျိုးအစား လေယာဉ်ငယ်ဖြစ်ကြောင်း သြစတြေးလျသယ်ယူပို့ဆောင်မှု ဘေးကင်းလုံခြုံရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို အဆိုပါဌာနက စနေနေ့ (ဇွန်လ ၉ ရက်) မှာ စတင် စုံစမ်းစစ်ဆေးသွားမယ်လို့ ABC News က ဖော်ပြထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD