AD
AD
AD

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်သွားမယ့် စင်ကာပူနိုင်ငံမှာ ရှိနေမယ်လို့ ကင်မ်ဂျုံအန်ရဲ့ အမေရိကန်သူငယ်ချင်း ဘတ်စကက်ဘော ကစားသမားဟောင်း ဒန်းနစ်ရော့ဒ်မန်းက ဇွန်လ ၈ ရက်မှာ အတည်ပြု ပြောကြားခဲ့ပါတယ်။

play
အမေရိကန် ဘတ်စကက်ဘော ကစားသမား ဒန်းနစ်ရော့ဒ်မန်း


ရော့ဒ်မန်းက စင်ကာပူခရီးစဉ်အတွက် အထောက်အပံပေးတဲ့ PotCoin နဲ့ Prince Marketing တို့ကို ကျေးဇူးတင်ကြောင်းလည်း Twitter မှာ ရေးသားထားခဲ့ပါတယ်။ ဒါ့အပြင် "ကျွန်တော့်ရဲ့ မိတ်တွေတွေဖြစ်ကြတဲ့ ဒေါ်နယ်ထရန့်နဲ့ မာရှယ်ကင်မ်ဂျုံအန်တို့ လိုအပ်တာကို ကျွန်တော် ကူညီသွားမှာပါ" လို့လည်း ရော့ဒ်မန်းက Twitter မှာ ပြောထားပါတယ်။

play
ကင်မ်ဂျုံအန်နှင့် ရော့ဒ်မန်း


အမေရိကန်သမ္မတ အိမ်ဖြူတော်ကတော့ ရော့ဒ်မန်းဟာ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှုမှာ ပါဝင်မှာမဟုတ်ဘူးလို့ ကြာသပတေးနေ့ (ဇွန်လ ၇ ရက်) မှာ ပြောခဲ့ပါတယ်။ ထရန့်နဲ့ကင်မ် ထိပ်သီးတွေ့ဆုံပွဲဟာ ရော့ဒ်မန်းမပါဝင်ဘဲ အံ့အားသင့်ဖွယ် ပြောဆိုဆွေးနွေးမှုတစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ကြောင်း အိမ်ဖြူတော် လက်ထောက် သတင်းထုတ်ပြန်ရေးအရာရှိ ဟိုဂန်ဂစ်ဒ်လေက ဆိုပါတယ်။

play
သမ္မတထရန့်နှင့် ဘတ်စကက်ဘော ကစားသမား ရော့ဒ်မန်း


အစောပိုင်းမှာ သမ္မတထရန့်ကလည်း ထိပ်သီးဆွေးနွေးပွဲမှာ ရော့ဒ်မန်း ပါဝင်မှာမဟုတ်ကြောင်း အတည်ပြုထားခဲ့ပါတယ်။ "ကျွန်တော် သူ့ကိုကြိုက်ပါတယ်၊ သူက လူကောင်းတစ်ယောက်ပါ၊ သူ့ကို ဖိတ်ကြားထားတာတော့ မရှိပါဘူး" လို့ အမေရိကန်ကိုလာရောက်ခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့ပြီးနောက် သတင်းထောက်တွေကို ထရန့်က ပြောခဲ့ပါတယ်။

play


Chicago Bulls ဘတ်စကက်ဘောအသင်းရဲ့ ရှေ့တန်းကစားသမားဟောင်း ရော့ဒ်မန်းဟာ ကင်မ်ဂျုံအန် အာဏာရလာပြီးနောက်ပိုင်း ပြုံယမ်းမြို့ကို ငါးကြိမ်သွားရောက်ခဲ့ဖူးပြီး မြောက်ကိုရီးယားခေါင်းဆောင်ကို ၎င်းရဲ့ ဘဝတစ်သက်တာ သူငယ်ချင်းဖြစ်တယ်လို့ ပြောခဲ့ဖူးပါတယ်။

ရော့ဒ်မန်းက မြောက်ကိုရီးယားကို ၂၀၁၃ ခုနှစ်မှာ Harlem Globetrotters ဘတ်စကက်ဘောအသင်းနဲ့အတူ ပထမဆုံးအကြိမ် သွားရောက်ခဲ့ပါတယ်။ ထို့နောက် ၂၀၁၄ ခုနှစ်မှာလည်း ကင်မ်ဂျုံအန်ရဲ့ မွေးနေ့အထိမ်းအမှတ် သရုပ်ပြ ဘတ်စကက်ဘောပွဲစဉ်ကို မြောက်ကိုရီးယား ကစားသမားတွေနဲ့အတူ ပါဝင်ကစားခဲ့တယ်လို့ ဆိုပါတယ်။

play
ထရန့်ရဲ့စာအုပ်ကို မြောက်ကိုရီးယား အရာရှိထံ ရော့ဒ်မန်းက ပေးအပ်ခဲ့စဉ်


ထိုစဉ်က ရော့ဒ်မန်းဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်အတွက် မွေးနေ့သီချင်းဆိုခဲ့တာကိုလည်း ဗီဒီယိုရိုက်ကူးခဲ့ပါသေးတယ်။ မြောက်ကိုရီးယားသို့ ရော့ဒ်မန်း သွားရောက်ခဲ့တဲ့ နောက်ဆုံး ခရီးစဉ်ကတော့ ၂၀၁၇ ခုနှစ် ဇွန်လအတွင်းမှာဖြစ်ပြီး ထိုစဉ်က သမ္မတထရန့်ရဲ့ အရောင်းရဆုံးစာအုပ် 'The Art of the Deal' ကို ကင်မ်ဂျုံအန်ကို ပေးခဲ့ကြောင်းသိရပါတယ်။

play
ဆန်တိုဆာကျွန်းပေါ်ရှိ ကြယ်ငါးပွင့်အဆင့် Capella ဟိုတယ်


အမေရိကန်သမ္မတထရန်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ ထိပ်သီးဆွေးနွေးပွဲကို လာမယ့် ဇွန်လ ၁၂ ရက်မှာ စင်ကာပူနိုင်ငံ ဆန်တိုဆာကျွန်းပေါ်ရှိ ကြယ်ငါးပွင့်အဆင့် Capella ဟိုတယ်မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ထရန့်နဲ့ကင်မ် တွေ့ဆုံမှုဟာ တာဝန်ထမ်းဆောင်ဆဲ အမေရိကန်သမ္မတတစ်ဦးနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တစ်ဦးတို့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံမှုအဖြစ် သမိုင်းမှတ်တမ်းဝင်မယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD