AD
AD
AD

တရုတ်နိုင်ငံအရှေ့ပိုင်းမှ အိမ်ဟောင်းတစ်လုံးကို ဖြိုဖျက်မယ့်အစီအစဉ်အား ထိုနေအိမ်မှာ ပျံလွှားငှက်မိသားစု နေထိုင်လျက်ရှိတာကြောင့် ဆိုင်းငံ့လိုက်တယ်လို့ ဆိုပါတယ်။

People's Daily သတင်းစာမှာ ဖော်ပြထားမှုအရ တရုတ်အရှေ့ပိုင်း Zhejiang ပြည်နယ် Zhuyuan မြို့ ဆင်ခြေဖုံးရှိ အိုဟောင်းနေတဲ့  နေအိမ်တစ်လုံး ဇွန်လ ၅ ရက်မှာ ဖြိုဖျက်ရန်စီစဉ်ထားခဲ့ကြောင်း သိရပါတယ်။ အိုဟောင်းနေတဲ့ အဆိုပါအိမ်ဟာ မြေငလျင်ဒဏ်မခံနိုင်ဘဲ အန္တရာယ်ရှိနိုင်တာကြောင့် ဖျက်သိမ်းရန်စီစဉ်ခဲ့တာလည်း ဖြစ်ပါတယ်။

play


နေအိမ်ဟောင်းကို ဖြိုဖျက်ရန်အတွက် ပြင်ဆင်နေခဲ့ကြစဉ် ငှက်အသံများ ကြားခဲ့ရပြီးနောက် ပျံလွှားငှက်ပေါက်စ လေးကောင်နဲ့အတူ မိခင်ငှက်မကို တွေ့ခဲ့ရပါတယ်။ "ပျံလွှားငှက်ပေါက်စ လေးကောင်က အသိုက်ထဲကနေ အစာတောင်းနေကြတယ်" လို့ အိမ်အဟောင်းဖြိုဖျက်မယ့်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ Xu Zheng က ဆင်ဟွာသတင်းဌာနကို ပြောပါတယ်။

ဒါ့အပြင် ၎င်းတို့အဖွဲ့ဟာ ပျံလွှားငှက်ဥ ခုနစ်လုံးကိုလည်း တွေ့ရှိခဲ့ရတယ်လို့ Xu Zheng က ဖြည့်စွက်ပြောခဲ့ပါတယ်။ ပျံလွှားငှက်မိသားစုနဲ့ ငှက်အသိုက်ကို တွေ့ရှိခဲ့ရပြီးနောက် နေအိမ်ဟောင်းဖြိုဖျက်မယ့်အဖွဲ့က ဒေသခံ Zhejian Wild Bird Association ထံမှ အကြံဉာဏ်တောင်းခံခဲ့ရာ ငှက်တွေကို ရွှေ့ပြောင်းခြင်းမပြုရန် အကြံပြုခဲ့တယ်လို့ ဆိုပါတယ်။

play


ပျံလွှားငှက်အသိုက်ကို ရွှေ့ပြောင်းလိုက်ပါက ငှက်ပေါက်စလေးတွေထံမှာ လူတွေရဲ့အနံ့ စွဲကျန်နေခဲ့ရာ မိခင်ငှက်မက ထိုအသိုက်ကို စွန့်ခွာသွားနိုင်တာကြောင့် ငှက်ပေါက်လေးများ အသက်ရှင်ရန် အခွင့်အရေးနည်းတယ်လို့ Zhejian Wild Bird Association မှ Song Shihe က ပြောခဲ့ပါတယ်။

နေအိမ်ဟောင်းကို ဖြိုဖျက်မယ့်ရက်အား ပြန်မသတ်မှတ်ရသေးပေမဲ့ People's Daily က တစ်လခန့် ကြာမြင့်နိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။ ပျံလွှားငှက်ဥတွေကနေ အကောင်ပေါက်ရန် ၁၅ ရက် ကြာမြင့်နိုင်ပြီး ငှက်ပေါက်စလေးများ အစာရှာ ပျံသန်းနိုင်ရန် ခန့်မှန်းခြေ ၁၀ ရက် ကြာနိုင်ကြောင်း သိရပါတယ်။

play
တရုတ်နိုင်ငံမှာ နေအိမ်တစ်လုံးကို ဖြိုဖျက်နေမှု


အလျင်အမြန် ဖွံ့ဖြိုးတိုးတက်နေတဲ့ တရုတ်နိုင်ငံမှာ အိုဟောင်းနေအိမ်များမှာ နေထိုင်သူတွေကိုဖယ်ရှားရေး၊ ဆောက်လုပ်ရေးစီမံကိန်းသစ်အတွင်း ပါဝင်နေတဲ့ နေအိမ်များမှာ နေထိုင်သူတွေကို ဖယ်ရှားရေးတို့မှာ ပြဿနာများ ကြုံရလေ့ရှိနေပါတယ်။

အထူးအခွင့်အရေး ရရှိခဲ့တဲ့ အိမ်ရှင်တွေအတွက် နေအိမ်ဖြိုဖျက်မခံရရန် စီစဉ်ဆောင်ရွက်နိုင်ပေမဲ့ ယခုဖြစ်ရပ်ကဲ့သို့ ငှက်မိသားစုနဲ့ ငှက်အသိုက်ရှိနေတာကြောင့် အိမ်ဟောင်းဖြိုဖျက်မယ့် အစီအစဉ် ရွှေ့ဆိုင်းခြင်းဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD