AD
AD
AD

တရုတ်အစိုးရ ဟက်ကာတွေက အမေရိကန်ရေတပ်နဲ့ ဆက်စပ်နေတဲ့ ကန်ထရိုက်တာတစ်ဦးကို ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး အလွန်အရေးကြီးတဲ့ လုံခြုံရေးဆိုင်ရာ အချက်အလက်များ ခိုးယူသွားမှုအပေါ် FBI က စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

play
အမေရိကန်ရေတပ် လေယာဉ်တင်စစ်သင်္ဘောတစ်စီး


ရေတပ်နဲ့လုပ်ငန်းလုပ်ဆောင်သူ ကန်ထရိုက်တာထံမှ တရုတ်အစိုးရ ဟက်ကာတွေက hack လုပ်ကာ ရယူသွားခဲ့တဲ့ အချက်အလက်တွေအနက် အသံထက်မြန်တဲ့ ဒုံးကျည်စီမံကိန်း အစီအစဉ်တွေလည်း ပါဝင်ခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူတွေက Washington Post သတင်းဌာနကို ပြောခဲ့ပါတယ်။

ယခုနှစ် ဇန်နဝါရီနဲ့ ဖေဖေါ်ဝါရီလအတွင်း အဆိုပါ ကန်ထရိုက်တာဟာ hack လုပ်ခံခဲ့ရကြောင်း CBS News က အတည်ပြုနိုင်ခဲ့ပါတယ်။ ရေငုပ်သင်္ဘောနဲ့ ရေအောက်လက်နက် တည်ဆောက်ရေး သုတေသနလုပ်ဆောင်နေတဲ့ အမေရိကန်စစ်ဘက် အဖွဲ့အစည်းနဲ့ ဆက်စပ်နေသူ ကန်ထရိုက်တာကို ဟက်ကာတွေက ပစ်မှတ်ထားခဲ့ကြတယ်လို့ ဆိုပါတယ်။

play
ရေငုပ်သင်္ဘောမှ ဒုံးကျည်ပစ်လွှတ်မှု


တရုတ်အစိုးရ ဟက်ကာတွေက hack လုပ်ခဲ့တဲ့ ကန်ထရိုက်တာဟာ Rhode Island ပြည်နယ် Newport မြို့မှာ အခြေစိုက်တဲ့ ရေအောက်စစ်ဆင်ရေး ဗဟိုဌာနအတွက် အလုပ်လုပ်ပေးနေသူဖြစ်ကြောင်း အမေရိကန်အာဏာပိုင်တွေက Washington Post ကို ပြောခဲ့ပါတယ်။

၎င်းတို့ရဲ့ အဆိုအရ hack လုပ်ပြီး ခိုးယူသွားတဲ့ အချက်အလက်တွေထဲမှာ Sea Dragon လို့ အမည်ပေးထားတဲ့ စီမံကိန်းတစ်ခုနဲ့ ပတ်သက်တာတွေ ပါဝင်ခဲ့ကြောင်း သိရပါတယ်။ ထို့အတူ အမေရိကန်ရေတပ် ရေငုပ်သင်္ဘောတည်ဆောက်ရေးဌာနတွင်းမှာသာ ထိန်းသိမ်းထားရှိတဲ့ အချက်အလက်တွေလည်း ခိုးယူခံခဲ့ရတယ်လို့ ဆိုပါတယ်။

play
တရုတပြည်တွင်းမှာ တည်ဆောက်ခဲ့တဲ့ ပထမဆုံး လေယာဉ်တင်စစ်သင်္ဘော


ဒ့ါအပြင် ခိုးယူခံရတဲ့ အချက်အလက်တွေအနက် ၂၀၂၀ ခုနှစ်မှာ အမေရိကန် ရေငုပ်သင်္ဘောတွေ အသုံးပြုသွားမယ့် သင်္ဘောဖျက်ဒုံးကျည်စနစ် အစီအစဉ်တွေလည်း ပါဝင်ခဲ့ပါတယ်။ ဟက်ကာတွေ ခိုးယူသွားခဲ့တဲ့ အချက်အလက် ပမာဏဟာ 600GB အထိရှိတယ်လို့ ဆိုပါတယ်။

ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး လိုအပ်တဲ့ အမေရိကန်ကုမ္ပဏီကို ဆိုက်ဘာတိုက်ခိုက်မှု ကြုံရပါ အစိုးရကို အသိပေး အကြောင်းကြားရန် အပါအဝင် စီမံဆောင်ရွက်မှုတွေ လုပ်ဆောင်နေကြောင်း အမေရိကန်ရေတပ်မှ ဒုတိယဗိုလ်မှူးကြီး ဘီလ်စပိခ်စ်က ပြောပါတယ်။

play
အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မတ်တစ်


လက်ရှိအချိန်မှာ နောက်ထပ် အသေးစိတ်တွေကို ပြောကြားရန် မသင့်တော်သေးကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောခဲ့ပါတယ်။ ရေတပ်ကန်ထရိုက်တာ hack လုပ်ခံရပြီး အလွန်အရေးကြီးတဲ့ လုံခြုံရေးဆိုင်ရာ အချက်အလက်များ ခိုးယူခံရမှုကို FBI ရဲ့ အကူအညီဖြင့် စုံစမ်းစစ်ဆေးနေကြောင်း အမေရိကန်ရေတပ်က ပြောထားပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မတ်တစ်က အဆိုပါ ကန်ထရိုက်တာနဲ့ပတ်သက်ပြီး ဆိုက်ဘာလုံခြုံရေး ကိစ္စတွေကို ပြန်လည်သုံးသပ်ရန် ဇွန်လ ၈ ရက်မှာ ညွန်ကြားလိုက်ကြောင်း ပင်တဂွန်စစ်ဌာနချုပ် စုံစမ်းစစ်ဆေးရေးမှူးရုံးကို ကိုးကားပြီး CBS News က သတင်းဖော်ပြပါတယ်။

play
တရုတ်သမ္မတ ရှီကျင်းပင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်


ယခုသတင်းဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ တရုတ်ရဲ့မဟာမိတ် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ သုံးရက်မျှအလိုမှာ ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။ ထရန့်နဲ့ကင်မ် သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲကို ဇွန်လ ၁၂ ရက်မှာ စင်ကာပူနိုင်ငံ ဆန်တိုဆာကျွန်းပေါ်ရှိ ကြယ်ငါးပွင့်အဆင့် Capella ဟိုတယ်မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

play
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နှင့် တရုတ်သမ္မတ ရှီကျင်းပင်


ထရန့်နဲ့ကင်မ် တွေ့ဆုံမှုဟာ တာဝန်ထမ်းဆောင်ဆဲ အမေရိကန်သမ္မတတစ်ဦးနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တစ်ဦးတို့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံမှုအဖြစ် သမိုင်းမှတ်တမ်းဝင်မယ်လို့ သိရပါတယ်။

အမေရိကန်လျှို့ဝှက်ချက် ပေါက်ကြားခဲ့တဲ့ အခြားဖြစ်ရပ်တစ်ခု

နောက်ထပ် ဖြစ်ရပ်တစ်ခုမှာလည်း အမေရိကန် ထောက်လှမ်းရေးအဖွဲ့အစည်း CIA မှ အရာရှိဟောင်းတစ်ဦးကို ထိပ်တန်းလျှို့ဝှက်အဆင့် စာရွက်စာတမ်းများ တရုတ်အေဂျင့်တစ်ဦးထံ လွှဲပြောင်းပေးခဲ့မှုအတွက် စုံစမ်းစစ်ဆေးနေပါတယ်။

play
ကီဗင်ရဲ့ပုံကို ပန်းချီရေးဆွဲထားမှု


အသက် ၆၁ နှစ်အရွယ် ကီဗင်မဲလ်လိုရီ အမည်ရှိ အဆိုပါ CIA အရာရှိဟောင်းဟာ တရုတ်နိုင်ငံအတွက် သူလျှိုမှု ကျူးလွန်ခဲ့ကြောင်း ယမန်နေ့ (ဇွန်လ ၈ ရက်) မှာ စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။

၎င်းကို လာမယ့် စက်တင်ဘာ ၂၁ ရက်မှာ စွဲချက်တင်သွားမှာဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တစ်သက် ကျခံရနိုင်ကြောင်း အမေရိကန်တရားစီရင်ရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD