AD
AD
AD

ဂျပန်နိုင်ငံ ကျည်ဆန်ရထားတစ်စင်းပေါ်မှာ ခရီးသည်တစ်ဦး သေဆုံးပြီး အခြားနှစ်ဦး ဒဏ်ရာရခဲ့တဲ့ ဓားဖြင့်တိုက်ခိုက်မှု ကျူးလွန်ခဲ့ကြောင်း သံသယရှိသူ အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

play
သံသယရှိသူ အိုင်ချီရို ကိုဂျီမာကို ဖမ်းဆီးလာစဉ်


တိုကျိုမြို့ကနေ အိုဆာကာမြို့ကို ခုတ်မောင်းသွားတဲ့ ခရီးစဉ်အတွင်း ကျည်ဆန်ရထားတစ်စင်းပေါ်မှာ ဒေသစံတော်ချိန် စနေနေ့ (ဇွန်လ ၉ ရက်) ည ၁၀ နာရီခန့်က ဓားဖြင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ကျည်ဆန်ရထားဟာ Odawara ဘူတာရုံကို ရောက်ရှိလာခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ရထားတွဲပေါ်ကို စီးနင်းခဲ့ပြီး သံသယရှိသူအား ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

play
Odawara ဘူတာရုံမှာ တွေ့ရသည့် ရဲတပ်ဖွဲ့ဝင်များ


ဓားဖြင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့စဉ် ကျည်ဆန်ရထားပေါ်မှာ ခရီးသည် ၈၀၀ ကျော် ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ ရထားပေါ်မှာ ဓားထိုးခံပြီး လည်ပင်းဒဏ်ရာရခဲ့တဲ့ အမျိုးသားတစ်ဦးကို ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး နောက်ပိုင်းမှာ အဆိုပါ ဒဏ်ရာကြောင့် သေဆုံးသွားခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

play
ဂျပန် ကျည်ဆန်ရထားတစ်စင်း


ဓားဒဏ်ရာရခဲ့တဲ့ အခြားနှစ်ဦးမှာ အမျိုးသမီးများဖြစ်ကြောင်း ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။ ဓားဖြင့်တိုက်ခိုက်ခဲ့ကြောင်း သံသယရှိသူ အမျိုးသားဟာ အသက် ၂၂ နှစ်အရွယ် အိုင်ချီရို ကိုဂျီမာ (Ichiro Kojima) ဆိုသူဖြစ်ပြီး ၎င်းကို လူသတ်မှုကျူးလွန်ကြောင်း သံသယရှိမှုဖြင့် ဖမ်းဆီးထားတယ်လို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့မှ ပြောခွင့်ရသူက AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

play
Odawara ဘူတာရုံမှာ တွေ့ရသည့် အရေးပေါ် ကယ်ဆယ်ရေးသမားနှစ်ဦး


ဓားဖြင့်တိုက်ခိုက်မှုဖြစ်ခဲ့တဲ့ ရထားပေါ်မှ ခရီးသည်တွေဟာ ကြောက်လန့်တကြား ထွက်ပြေးရန်ကြိုးပမ်းခဲ့ကြတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ဆိုပါတယ်။ ဂျပန်မှာ ယခုကဲ့သို့ တိုက်ခိုက်မှုဟာ ရှားပါးတဲ့ဖြစ်ရပ်လည်း ဖြစ်ပါတယ်။ ဂျပန်ဟာ ဖွံ့ဖြိုးပြီးနိုင်ငံများအနက် အကြမ်းဖက် ရာဇဝတ်မှုဖြစ်ပွားမှုနှုန်း အနည်းဆုံး နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်က ဂျပန် ကျည်ဆန်ရထားတစ်စင်းပေါ်မှာ အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့မှုကြောင့် သေဆုံးခဲ့ပါတယ်။ ထိုဖြစ်ရပ်အတွင်း မီးလောင်မှုနဲ့ မီးခိုးများကြောင့် အမျိုးသမီးတစ်ဦးလည်း သေဆုံးခဲ့ပြီး အခြား ခရီးသည် ၂၀ ကျော် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD