AD
AD
AD

ပျက်ပြယ်မလိုဖြစ်လိုက် ပြန်လည်စီစဉ်လိုက်ဖြစ်ခဲ့ပြီး ဇာတ်လမ်းတွဲတစ်ခုပမာ အပြောင်းအလဲတွေနဲ့ ကမ္ဘာက စိတ်ဝင်စားနေကြတဲ့ နိုင်ငံခေါင်းဆောင်နှစ်ဦး သမိုင်းဝင် ထိပ်သီးတွေ့ဆုံပွဲကို ဇွန်လ ၁၂ ရက်မှာ မျက်ဝါးထင်ထင် မြင်တွေ့ကြရတော့မှာ ဖြစ်ပါတယ်။

play
ကင်မ်ဂျုံအန်နှင့် ဒေါ်နယ်ထရန့်


ရန်ဘက်တွေအဖြစ် အပြန်အလှန် ခြိမ်းခြောက်မှုတွေ အပြင်းအထန်ရှိခဲ့ပြီး နျူကလီးယားစစ်ပွဲကို ဦးတည်နေပြီလားလို့ပင် သတင်းတွေမှာ ဖော်ပြခဲ့ကြဖူးတဲ့ မြောက်ကိုရီးယားနဲ့ အမေရိကန် ခေါင်းဆောင်နှစ်ဦး ထိပ်သီးတွေ့ဆုံပွဲက ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက်ဖျက်သိမ်းရေးကို ဖော်ဆောင်နိုင်ပြီး ငြိမ်းချမ်းရေးလမ်းစပွင့်လာနိုင်မလား စိတ်ဝင်စားစရာဖြစ်လို့နေပါတယ်။

play
ထိပ်သီးဆွေးနွေးပွဲအတွက် စင်ကာပူကို ရောက်ရှိလာသည့် ဒေါ်နယ်ထရန့်


မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးကြမယ့် သမိုင်းဝင် အခိုက်အတန့်ကို တစ်ကမ္ဘာလုံးကလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြမှာ သေချာပါတယ်။

play
ထိပ်သီးဆွေးနွေးပွဲအတွက် စင်ကာပူကို ရောက်ရှိလာသည့် ကင်မ်ဂျုံအန်


စင်ကာပူနိုင်ငံမှာ ဇွန်လ ၁၂ ရက်၊ ဒေသစံတော်ချိန် မနက် ၉ နာရီမှစပြီး သမိုင်းဝင် ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲ စတင်မယ်လို့ ကြေညာထားပါတယ်။ ထရန့်-ကင်မ် ထိပ်သီးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး သိမှတ်ဖွယ်ရာ အကြောင်းအရာအချို့ကို ပရိသတ်တွေအတွက် ကောက်နုတ်စုစည်းဖော်ပြထားပါတယ်။

ထိပ်သီးတွေ့ဆုံပွဲ ခြေလှမ်းအစ

၂၀၁၇ ခုနှစ်အတွင်း နျူကလီးယားစမ်းသပ်မှုနဲ့ ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ပြီး အိမ်နီးချင်းနိုင်ငံတွေအပြင် အမေရိကန်ကိုလည်း ခြိမ်းခြောက်မှုတွေ ပြုလုပ်နေခဲ့တဲ့ မြောက်ကိုရီးယားက ၂၀၁၇ ခုနှစ် မေလအတွင်းမှာတော့ အမေရိကန်နဲ့ ဆွေးနွေးသွားမယ်လို့ ပြောကြားမှုထွက်ပေါ်လာခဲ့ပါတယ်။

ထိုစဉ်က အမေရိကန် အစိုးရအရာရှိဟောင်းများနဲ့ နော်ဝေးနိုင်ငံမှာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဒေါ်နယ်ထရန့်အစိုးရနဲ့ ဆွေးနွေးမှုပြုလုပ်သွားနိုင်ခြေရှိကြောင်းကို မြောက်ကိုရီးယား ထိပ်တန်းသံတမန်က ပြောခဲ့တာဖြစ်ပါတယ်။

play
မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှု


၂၀၁၇ ခုနှစ် မေလအစောပိုင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း ကင်မ်ဂျုံအန်နဲ့ တွေ့ဆုံမယ်လို့ ပြောခဲ့ဖူးပါတယ်။ သို့သော် နောက်ပိုင်းမှာတော့ မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ကြား ဆက်ဆံရေး ပြန်လည်တင်းမာခဲ့ကြပြန်ပါတယ်။

မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာလ အစောပိုင်းမှာတော့ ခြောက်ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုအဖြစ် ဟိုက်ဒရိုဂျင်ဗုံးတစ်လုံးကို ဖောက်ခွဲစမ်းသပ်ခဲ့ပါတယ်။ ထိုနောက်ပိုင်းမှာတော့ မြောက်ကိုရီးယားကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းမှ အရေးယူပိတ်ဆို့မှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။

play
မြောက်ကိုရီးယား နျူကလီးယား စမ်းသပ်စခန်းနဲ့ စမ်းသပ်ခဲ့မှုများ


မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ကြားမှာလည်း ဆက်ဆံရေး ပိုမိုတင်းမာလာခဲ့ပြီး သမ္မတထရန့်က အမေရိကန်နဲ့ မဟာမိတ်တွေကို ခြိမ်းခြောက်မှုတွေ ဆက်လက် လုပ်ဆောင်နေပါက မြောက်ကိုရီးယားကို ဖျက်ဆီးပစ်မယ်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားစဉ် သတိပေးခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မတ်တစ်က အမေရိကန်နဲ့ ၎င်းရဲ့မဟာမိတ်တွေကို ခြိမ်းခြောက်မှုမှန်သမျှကို စစ်ရေးအရ အကြီးအကျယ် တုံ့ပြန်မှုနဲ့ တွေ့ကြုံရမယ်လို့ သတိပေးခဲ့ပါသေးတယ်။

မြောက်ကိုရီးယားရဲ့ အလှည့်အပြောင်း

၂၀၁၈ ခုနှစ် နှစ်သစ်ကူးမှာတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က နှစ်သစ်ကူးမိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ရာမှာ သတိပေးခြိမ်းခြောက်မှုနဲ့ ဆွေးနွေးညှိနှိုင်းရေး နှစ်ခုလုံးကို ထည့်သွင်းပြောခဲ့ပါတယ်။ ကင်မ်ဂျုံအန်က နျူကလီးယားတိုက်ခိုက်မှုအတွက် ၎င်းရဲ့စားပွဲပေါ်မှာ ခလုတ်တစ်ခု အသင့်ရှိနေပြီလို့ အမေရိကန်ကို သတိပေး ခြိမ်းခြောက်လိုက်ပါတယ်။

play
ဟိုက်ဒရိုဂျင်ဗုံးကို စစ်ဆေးကြည့်ရှုနေသည့် ကင်မ်ဂျုံအန်


သို့သော် တောင်ကိုရီးယားနဲ့ ဆွေးနွေးညှိနှိုင်းရန် အသင့်ရှိနေကြောင်း၊ နျူကလီးယားလက်နက်ကို ခြိမ်းခြောက်ခံရမှုတွေ ရှိလာမှသာ အသုံးပြုသွားမယ်လို့လည်း ကင်မ်ဂျုံအန်က ပြောခဲ့ပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးတင်းမားမှုတွေ လျှော့ချရန်နဲ့ တောင်ကိုရီးယားနဲ့ ဆက်ဆံရေး တိုးတက်စေရန် လုပ်ဆောင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

တောင်ကိုရီးယားမှာ ကျင်းပပြုလုပ်မယ့် ဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲ (Winter Olympic Games) ကိုလည်း မြောက်ကိုရီးယား အားကစားအဖွဲ့စေလွှတ်သွားဖွယ်ရှိနေကြောင်း ကင်မ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။ ကင်မ်ဂျုံအန်ရဲ့ နှစ်သက်ကူးမိန့်ခွန်းမှာ ပြောဆိုမှုအပေါ် အမေရိကန်သမ္မတထရန့်ကလည်း ၎င်းထံမှာ ကင်မ်ဂျုံအန် ပိုင်ဆိုင်ထားတာထက် ပိုကြီးတဲ့ နျူကလီယားခလုတ်ရှိကြောင်း တုံ့ပြန်လှောင်ပြောင် ပြောကြားခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးမှုနဲ့ ငြိမ်းချမ်းရေးလမ်းစ အိုလံပစ်

ကင်မ်ဂျုံအန်က နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောကြားခဲ့တဲ့အတိုင်း တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲသို့ မြောက်ကိုရီးယားကိုယ်စားပြုအဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။ အိုလံပစ်ဖွင့်ပွဲ အခမ်းအနားကို ကင်မ်ဂျုံအန်ရဲ့ညီမ ကင်မ်ယိုဂျောင်းပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့က တက်ရောက်ခဲ့ပြီး မြောက်ကိုရီးယား အားကစားသမားတွေနဲ့ ဖျော်ဖြေရေးအဖွဲ့တွေလည်း ပါဝင်ခဲ့ပါတယ်။

play
ကင်မ်ဂျုံအန်ရဲ့ညီမ ကင်မ်ယိုဂျောင်းနှင့် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း တွေ့ဆုံစဉ်


အိုလံပစ်ဖွင့်ပွဲ တက်ရောက်လာတဲ့ ကင်မ်ဂျုံအန်ရဲ့ညီမက တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ ထိုသို့ တွေ့ဆုံစဉ်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ ဖြစ်နိုင်သမျှ အမြန်ဆုံးတွေ့လိုကြောင်း ညီမဖြစ်သူ ကင်မ်ယိုဂျောင်းမှတစ်ဆင့် အမှာစကားပါးခဲ့ပါတယ်။

play
အိုလံပစ်ပွဲမှာ ကိုရီးယားနှစ်နိုင်ငံ အားကစားသမားများ ပူးတွဲချီတက်မှု


အိုလံပစ်ပိတ်ပွဲအခမ်းအနားကိုလည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ရဲ့ ညာလက်ရုံး ဗိုလ်ချုပ်ကြီးကင်မ်ယောင်ချိုလ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။ အိုလံပစ်ပွဲအပြီးမှာတော့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ၎င်းရဲ့ အထူးသံတမန်ကို မြောက်ကိုရီးယားသို့စေလွှတ်ပြီး တွေ့ဆုံဆွေးနွေးမှုအတွက် ပြင်ဆင်လာခဲ့ပါတယ်။

ထို့နောက် မတ်လအတွင်းမှာ တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံ အဆင့်မြင့်ကိုယ်စားလှယ်များ နယ်စပ်မှာ ဆွေးနွေးခဲ့ကြပြီးနောက် ကင်မ်ဂျုံအန်နဲ့ မွန်ဂျေအင်း သမိုင်းဝင် ထိပ်သီးတွေ့ဆုံပွဲရက်ကို အတည်ပြု သတ်မှတ်ကြေညာနိုင်ခဲ့ပါတယ်။

ဧပြီ ၂၇ ရက် တောင်နဲ့မြောက် ထိပ်သီးဆွေးနွေးပွဲ

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ရဲ့ သမိုင်းဝင် ထိပ်သီးတွေ့ဆုံပွဲကို ဧပြီ ၂၇ ရက်မှာ နှစ်နိုင်ငံနယ်စပ်ရှိ တောင်ကိုရီးယားပိုင်နက်အတွင်း ပြုလုပ်နိုင်ခဲ့ပါတယ်။ ကိုရီးယားနှစ်နိုင်ငံခေါင်းဆောင်များ ထိပ်သီးတွေ့ဆုံမှုဟာ ၁၉၅၀-၅၃ ခုနှစ် ကိုရီးယားစစ်ပွဲကို အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ရပ်ဆိုင်းခဲ့ပြီးနောက်ပိုင်း တတိယအကြိမ် တွေ့ဆုံမှုလည်း ဖြစ်လာပါတယ်။

play
ကင်မ်ဂျုံအန်နဲ့ မွန်ဂျေအင်း ထိပ်သီးတွေ့ဆုံမှု


ယခင် ၂၀၀၀ ခုနှစ်နဲ့ ၂၀၀၇ ခုနှစ်မှာ ကင်မ်ဂျုံအန်ရဲ့ဖခင် ကင်မ်ဂျုံအီလ်နဲ့ တောင်ကိုရီးယားသမ္မတ ကင်မ်ဒေဂျွန်း၊ ရိုမိုဟွန်းတို့ ထိပ်သီးတွေ့ဆုံဆွေးနွေးမှု နှစ်ကြိမ်ကို မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့မှာ ပြုလုပ်ခဲ့ဖူးပါတယ်။

ယခုတစ်ကြိမ် ထိပ်သီးတွေ့ဆုံမှုကိုတော့ တောင်ကိုရီးယားဘက်မှာ ပြုလုပ်ခဲ့မှုနဲ့အတူ ကင်မ်ဂျုံအန်ဟာ ၁၉၅၃ ခုနှစ်မှာ ကိုရီးယားစစ်ပွဲ အပစ်အခတ်ရပ်စဲခဲ့ပြီးနောက်ပိုင်း နယ်စပ်ကိုဖြတ်ကျော်ပြီး တောင်ကိုရီးယားနိုင်ငံဘက်ကို ရောက်ရှိလာတဲ့ ပထမဆုံး မြောက်ကိုရီးယားခေါင်းဆောင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

play
ဇနီးဖြစ်သူတွေနဲ့အတူ တွေ့ရသည့် ကင်မ်ဂျုံအန်နဲ့ မွန်ဂျေအင်း


သမိုင်းဝင် ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲအပြီးမှာ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက် ဖျက်သိမ်းရေး လုပ်ဆောင်သွားရန်၊ ကိုရီးယားကျွန်းဆွယ်မှာ ခိုင်မာတဲ့ ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရန်အတွက် ၁၉၅၃ ခုနှစ် စစ်ပွဲရပ်ဆိုင်းတဲ့ သဘောတူညီချက်ကို ငြိမ်းချမ်းရေးစာချုပ်အဖြစ် ယခုနှစ်အတွင်း ပြောင်းလဲချုပ်ဆိုရေး တွန်းအားပေးဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြပါတယ်။

play
အထိမ်းအမှတ်သစ်ပင် အတူစိုက်ခဲ့ကြသည့် ကင်မ်ဂျုံအန်နှင့် မွန်ဂျေအင်း


ဒါ့အပြင် စစ်လက်နက်များလျှော့ချရေး၊ ရန်လိုတဲ့ ပြုမူဆောင်ရွက်မှုများ ရပ်စဲရေး၊ တပ်ဖွဲ့ဝင်များဖြင့် အခိုင်အမာ တပ်စွဲစောင့်ကြပ်ထားတဲ့ နယ်စပ်ဒေသကို ငြိမ်းချမ်းရေးဇုန်တစ်ခုအဖြစ် ပြောင်းလဲဖော်ဆောင်ရန်၊ အမေရိကန်နဲ့ တရုတ်နိုင်ငံပါဝင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားရန်၊ ကိုရီးယားစစ်ပွဲကြောင့် ကွဲကွာနေခဲ့ကြတဲ့ မိသားစုများ ပြန်လည်ပေါင်းစည်းနိုင်ရေး၊ ခေတ်မီ ရထားလမ်းနဲ့ ကားလမ်းများဖြင့် နှစ်နိုင်ငံနယ်စပ်ကို ဖြတ်သန်းဆက်သွယ်ရေး၊ ယခုနှစ် အာရှအားကစားပြိုင်ပွဲ (Asian Games) အပါအဝင် အားကစားပြိုင်ပွဲတွေမှာ ပူးတွဲ ပါဝင်ယှဉ်ပြိုင်ရေးတို့ကိုလည်း သဘောတူညီခဲ့ကြကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အမေရိကန်နဲ့ဆွေးနွေးရန် တိုက်ရိုက်ကမ်းလှမ်းလာတဲ့ မြောက်ကိုရီးယား

ဧပြီလအစောပိုင်းမှာ မြောက်ကိုရီးယားနိုင်ငံက ၎င်းရဲ့ နျူကလီးယားလက်နက်များ ဖျက်သိမ်းရေး ဆွေးနွေးသွားရန် အသင့်ရှိကြောင်း ကတိပြုပြောကြားခဲ့တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

play
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျူံအန်


အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ ထိပ်သီးတွေ့ဆုံမှုအတွက် ကြိုတင်ပြင်ဆင် ညှိနှိုင်းနေစဉ်အတွင်း မြောက်ကိုရီးယားဘက်က နျူကလီးယားလက်နက်အရေး ထိုသို့ ကတိပြု ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ နျူကလီးယားလက်နက်ကိစ္စနဲ့ ပတ်သက်ပြီး ယခင်က တောင်ကိုရီးယား သံတမန်အဖွဲ့မှတစ်ဆင့်သာ အမေရိကန်ကို ကမ်းလှမ်းခဲ့ခြင်း ဖြစ်ပါတယ်။

ယခုအခါမှာတော့ နျူကလီးယားလက်နက်အရေး ဆွေးနွေးမယ်လို့ ပထမဆုံးအကြိမ် အမေရိကန်ကို တိုက်ရိုက် ကမ်းလှမ်းလာခဲ့ပါတယ်။ ထရန့်နဲ့ကင်မ်ဂျုံအန် ထိပ်သီးတွေ့ဆုံပွဲအတွက် အမေရိကန်နဲ့ မြောက်ကိုရီးယား ထောက်လှမ်းရေးအရာရှိတွေဟာ တတိယနိုင်ငံတစ်ခုမှာ တွေ့ဆုံကြပြီး အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။

ကင်မ်ဂျုံအန်ရဲ့ အံ့အားသင့်ဖွယ် ကမ်းလှမ်းမှု

ဆောင်းရာသီ အိုလံပစ်ပွဲအပြီးမှာ တောင်ကိုရီးယားသမ္မတရဲ့ အထူးသံတမန်အဖွဲ့က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ထိုသို့ တွေ့ဆုံခဲ့ပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က အမေရိကန်သမ္မတထရန့်ကို တောင်ကိုရီးယား သံတမန်အဖွဲ့မှတစ်ဆင့် တွေ့ဆုံဆွေးနွေးရန် အံ့အားသင့်ဖွယ် ဖိတ်ကြားခဲ့ရာ သမ္မတထရန့်ကလည်း လက်ခံသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

play
တောင်ကိုရီးယားသံတမန်အဖွဲ့ကို တွေ့ဆုံခဲ့သည့် ကင်မ်ဂျုံအန်

 
စကားလုံးတိုက်ပွဲများနဲ့အတူ ဆက်ဆံရေးတင်းမာနေခဲ့တဲ့ အမေရိကန်နဲ့ မြောက်ကိုရီးယား ထိပ်သီးနှစ်ဦး တွေ့ဆုံကြမယ့် အစီအစဉ်ကို မတ်လ ၉ ရက်မှာ  တောင်ကိုရီးယားသံတမန်အဖွဲ့က စတင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။  မြောက်ကိုရီးယားကို သွားရောက်ခဲ့တဲ့ အဆိုပါ တောင်ကိုရီးယားသံတမန်အဖွဲ့က ကင်မ်ဂျုံအန်ထံမှ စာတစ်စောင်ကိုလည်း အမေရိကန်သမ္မတထရန့်ကို ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ခြိမ်းခြောက်မှုကနေ သံတမန်ဆက်ဆံရေးဘက်လှည့်လာတဲ့ မြောက်ကိုရီးယား

အိမ်နီးချင်းနိုင်ငံတွေနဲ့ အမေရိကန်ကို ခြိမ်းခြောက်ရန်လိုမှုတွေ ရှိနေခဲ့တဲ့ မြောက်ကိုရီးယားက ဆောင်းရာသီ အိုလံပစ်ပွဲနောက်ပိုင်းမှာ သံတမန်ဆက်ဆံရေးကို ပိုမိုအာရုံစိုက်လာတာ တွေ့ရပါတယ်။ ကင်မ်ဂျုံအန်က အဓိက မဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံသို့ မတ်လကုန်ပိုင်းမှာ သွားရောက်ခဲ့ပြီး သမ္မတရှီကျင်းပင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

play
တရုတ်သမ္မတရှီကျင်းပင်နှင့် တွေ့ဆုံခဲ့သည့် ကင်မ်ဂျုံအန်


တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ ကင်မ်ဂျုံအန်တို့ ထိပ်သီးဆွေးနွေးပွဲကိုလည်း ဧပြီ ၂၇ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။ ကင်မ်ဂျုံအန်က မေလအတွင်းမှာလည်း တရုတ်နိုင်ငံသို့ နောက်တစ်ကြိမ်သွားရောက်ကာ သမ္မတရှီကျင်းပင်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

ထရန့်နဲ့ကင်မ် သမိုင်းဝင် ထိပ်သီးတွေ့ဆုံပွဲရက် ကြေညာမှု

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ သမိုင်းဝင် ထိပ်သီးတွေ့ဆုံပွဲကို စင်ကာပူနိုင်ငံမှာ လာမယ့် ဇွန်လ ၁၂ ရက်မှာ ပြုလုပ်သွားမယ်လို့ မေလ ၁၀ ရက်မှာ အမေရိကန်သမ္မတထရန့်က စတင်ထုတ်ဖော်ကြေညာခဲ့ပါတယ်။ "ကျွန်တော်တို့နှစ်ယောက်လုံး ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အရမ်းကို ထူးခြားတဲ့အခိုက်အတန့်ဖြစ်အောင် ကြိုးပမ်းသွားကြမှာပါ" လို့ ထရန့်က ပြောခဲ့ပါတယ်။

play
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်မ်ပီအိုက ထရန့်နဲ့ကင်မ် ထိပ်သီးတွေ့ဆုံပွဲအတွက် ကြိုတင်ပြင်ဆင်ရန် ပြုံယမ်းသို့သွားရောက်နေစဉ် တွေ့ဆုံပွဲရက်နဲ့နေရာကို ထရန့်က ကြေညာလိုက်တာလည်းဖြစ်ပါတယ်။

ထိပ်သီးဆွေးနွေးပွဲ ပျက်ပြယ်မယ့် အခြေအနေဖြစ်သွားခဲ့မှု

ထရန့်နဲ့ကင်မ် ထိပ်သီးဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေနဲ့ ညှိနှိုင်းမှုတွေ လုပ်ဆောင်နေကြဆဲမှာပင် နှစ်နိုင်ငံ အပြန်အလှန် ပြောဆိုမှုတွေကြောင် အစီအစဉ်ပျက်ပြယ်မယ့် အခြေအနေ ဖြစ်ခဲ့ပါသေးတယ်။ မေလ ၂၄ ရက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ စင်ကာပူနိုင်ငံမှာ ပြုလုပ်ရန်စီစဉ်ထားတဲ့ ထိပ်သီးဆွေးနွေးပွဲကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။

play
ကင်မ်ဂျုံအန်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်မ်ပီအို


မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်တဲ့ ဥမင်လှိုဏ်ခေါင်းတွေကို ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ပြောကြားခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ အမေရိကန်သမ္မတရဲ့ ထိပ်သီးဆွေးနွေးပွဲ ဖျက်သိမ်းလိုက်ကြောင်း ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။

ထိပ်သီးဆွေးနွေးပွဲ ဖျက်သိမ်းရခြင်းဟာ မြောက်ကိုရီးယားနိုင်ငံက လတ်တလော ထုတ်ပြန်မှုတစ်ခုမှာ ဒေါသတကြီးနဲ့ ပြောင်ပြောင်တင်းတင်း ရန်လိုမှုတို့ ပါဝင်နေခဲ့တာကြောင့် ဖြစ်တယ်လို့ အမေရိကန်သမ္မတထရန့်က ဆိုပါတယ်။

play
မြောက်ကိုရီးယား နျူကလီးယားစမ်းသပ်ရာ ဥမင်ကို ဖောက်ခွဲဖျက်ဆီးခဲ့စဉ်


မြောက်ကိုရီးယားဘက်ကလည်း အမေရိကန်က နျူကလီးယားလက်နက်ဖျက်သိမ်းရေးကိုသာ တစ်ဖတ်သက် တောင်းဆိုနေပါက ထိပ်သီးဆွေးနွေးပွဲကို ဖျက်သိမ်းသွားနိုင်ကြောင်း အစောပိုင်းမှာ ပြောထားခဲ့တာဖြစ်ပါတယ်။

မေလ ဒုတိယပတ်အတွင်း မြောက်ကိုရီးယားကိုသွားရောက်ပြီး ကင်မ်ဂျုံအန်နဲ့ တွေ့ဆုံခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်မ်ပီအိုရဲ့ ပြောကြားမှုနဲ့ အမေရိကန်ဒုတိယသမ္မတ မိုက်ခ်ပင့်စ်ရဲ့ ပြောကြားမှုတွေကို မြောက်ကိုရီးယားဘက်က မကျေမနပ်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

play
ပြုံယမ်းမြို့တစ်နေရာ မြင်ကွင်း


မိုက်ခ်ပွန်မ်ပီအိုက ကင်မ်ဂျုံအန်ကသာ နျူကလီးယားလက်နက်တွေကို စွန့်လွှတ်ဖျက်ဆီးခဲ့ပါက အမေရိကန်အနေနဲ့ မြောက်ကိုရီးယားရဲ့ ချွတ်ခြုံကျနေတဲ့ စီးပွားရေးကို ပြန်လည်ကောင်းမွန်လာစေရန် အကူအညီပေးပြီး ချမ်းသာကြွယ်ဝလာစေမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ အမေရိကန်ဒုတိယသမ္မတ မိုက်ခ်ပင့်စ်က မြောက်ကိုရီးယားဟာ လစ်ဗျားနိုင်ငံကဲ့သို့ အဆုံးသတ်သွားနိုင်ဖွယ်ရှိတယ်လို့ ဝေဖန်ခဲ့ပါတယ်။

အပြောင်းအလဲ အချိုးအကွေ့တွေနဲ့ ထိပ်သီးဆွေးနွေးပွဲ

အမေရိကန်သမ္မတထရန့်က ထိပ်သီးဆွေးနွေးပွဲ အစီအစဉ် ဖျက်သိမ်းကြောင်း ပြောကြားခဲ့ပြီးနောက်တစ်ရက်မှာတော့ မြောက်ကိုရီးယားက ထိပ်သီးဆွေးနွေးပွဲ ပျက်ပြယ်ရမှုကို အလွန်ဝမ်းနည်းမိကြောင်းနဲ့ အမေရိကန်နဲ့ အချိန်မရွေး တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း ပြောခဲ့ပါတယ်။

ထိုနေ့မှာပင် သမ္မတထရန့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ စင်ကာပူမှာ ထိပ်သီးတွေ့ဆုံပွဲဟာ မူလက စီစဉ်ထားတဲ့အတိုင်း ဖြစ်မြောက်လာနိုင်သေးတယ်လို့ ပြောလာခဲ့ပြန်ပါတယ်။

play
ဆွေးနွေးပွဲဖျက်သိမ်းမှုနဲ့ ပတ်သက်ပြီး ထရန့်က ကင်မ်ဂျုံအန်ထံ ပေးပို့သည့်စာ


မေလ ၂၅ ရက်မှာတော့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ကြိုတင်ကြေညာထားခြင်းမရှိဘဲ နယ်စပ်ဒေသ မြောက်ကိုရီးယားဘက်ကို ဖြတ်ကျော်သွားရောက်ပြီး ကင်မ်ဂျုံအန်နဲ့တွေ့ဆုံကာ ထရန့်-ကင်မ် ထိပ်သီးတွေ့ဆုံပွဲ စီစဉ်ထားခဲ့တဲ့အတိုင်း ဖြစ်မြောက်နိုင်ရန် ဆွေးနွေးခဲ့ပါတယ်။ ထို့နောက်မှာတော့ ထိပ်သီးဆွေးနွေးပွဲ အစီအစဉ်က ဖြစ်မြောက်နိုင်မယ့် အခြေအနေကို ပြန်လည် ဦးတည်လာခဲ့ပါတယ်။

ညာလက်ရုံးကို အမေရိကန် လွှတ်လိုက်တဲ့ ကင်မ်ဂျုံအန်

ထရန့်နဲ့ကင်မ် ထိပ်သီးဆွေးနွေးပွဲ ဖြစ်မြောက်နိုင်တဲ့ အခြေအနေကို ဦးတည်လာခဲ့ပြီးနောက် မေလကုန်ပိုင်းမှာ ကင်မ်ဂျုံအန်က ၎င်းရဲ့ညာလက်ရုံး ဗိုလ်ချုပ်ကြီးကင်မ်ယောင်ချိုလ်ကို အမေရိကန်သို့ စေလွှတ်ခဲ့ပါတယ်။ ကင်မ်ယောင်ချိုလ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်မ်ပီအိုနဲ့ ဆွေးနွေးခဲ့ပြီးနောက် ဇွန်လ ၁ ရက်မှာ အိမ်ဖြူတော်သို့သွားရောက်ကာ သမ္မတထရန့်နဲ့ တွေ့ဆုံခဲ့ပါတယ်။

play
ကင်မ်ဂျုံအန်ရဲ့ညာလက်ရုံး ကင်မ်ယောင်ချိုလ်နဲ့ ထရန့် တွေ့ဆုံစဉ်


ကင်မ်ယောင်ချိုလ်နဲ့ တွေ့ဆုံပြီးနောက် သမ္မတထရန့်က ဇွန်လ ၁၂ ရက်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ စင်ကာပူနိုင်ငံမှာ တွေ့ဆုံသွားမယ်လို့ အတည်ပြု ပြောခဲ့ပါတယ်။ ကင်မ်ယောင်ချိုလ်က သမ္မတထရန့်နဲ့ တွေ့ဆုံစဉ်မှာ ကင်မ်ဂျုံအန်ထံမှ ပေးပို့လိုက်တဲ့ ကြီးမားတဲ့စာအိတ်ကြီးတစ်ခုကိုလည်း ပေးအပ်ခဲ့တာတွေ့ရပါတယ်။

ကင်မ်ဂျုံအန်ရဲ့စာက အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ အစီအစဉ်ကို အဆုံးအဖြတ် ပေးနိုင်ကြောင်းလည်း ထရန့်က ပြောခဲ့ပါတယ်။ အမေရိကန်ကို မေလ ၃၀ ရက်မှာ ရောက်ရှိလာခဲ့တဲ့ မြောက်ကိုရီးယား စစ်ဘက်ထောက်လှမ်းရေး အကြီးအကဲဟောင်း ကင်မ်ယောင်ချိုလ်ဟာ နှစ်ပေါင်း ၂၀ အတွင်း အမေရိကန်ကို ပထမဆုံးရောက်ရှိလာတဲ့ မြောက်ကိုရီးယားရဲ့ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်လာပါတယ်။

စောင့်ကြည့်ရမယ့် ဇွန် ၁၂ ရက်၊ မနက် ၉ နာရီ

ကမ္ဘာက စိတ်ဝင်တစား စောင့်ကြည့်ကြမယ့် အမေရိကန်နဲ့မြောက်ကိုရီးယား သို့မဟုတ် ထရန့်နဲ့ကင်မ် ထိပ်သီးဆွေးနွေးပွဲကို စင်ကာပူနိုင်ငံ စန်တိုဆာကျွန်း (Sensota) ရှိ ကြယ်ငါးပွင့်အဆင့် Capella ဟိုတယ်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲကို စင်ကာပူဒေသစံတော်ချိန် ဇွန်လ ၁၂ ရက်၊ ဒေသစံတော်ချိန် မနက် ၉ နာရီမှာ စတင်မယ်လို့ ထုတ်ပြန်ပါတယ်။

play
ထရန့်နဲ့ကင်မ် သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်မည့် ဟိုတယ်


ထရန့်နဲ့ကင်မ် ထိပ်သီးတွေ့ဆုံမှုအတွင်း ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက်ဖျက်သိမ်းရေး၊ အပြန်အလှန်အားဖြင့် အမေရိကန်က စီးပွားအရေး အကူအညီပေးမှုနဲ့ ဆက်ဆံရေးတင်းမာမှုလျှော့ချရေးတို့ကို အဓိကထား ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။

ထရန့်နဲ့ကင်မ် ထိပ်သီးဆွေးနွေးပွဲဟာ မြောက်ကိုရီးယားခေါင်းဆောင်တစ်ဦးနဲ့ တာဝန်ထမ်းဆောင်နေဆဲ အမေရိကန် သမ္မတတစ်ဦးတို့ ပထမဆုံး မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှုအဖြစ်လည်း သမိုင်းမှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။

ယခု သမိုင်းဝင် ထိပ်သီးတွေ့ဆုံဆွေးနွေးမှုကနေ ကိုရီးယားကျွန်းဆွယ်နဲ့ ကမ္ဘာကြီး ငြိမ်းချမ်းရေးကိုဦးတည်တဲ့ ရလဒ်ကောင်းတွေ ထွက်ပေါ်လာနိုင်မည်လား စောင့်ကြည့်ကြရမှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD