AD
AD
AD

မြောက်ကိုရီးယားက နျူကလီးယားလက်နက်ဖျက်သိမ်းရေး လုပ်ဆောင်ပါက အမေရိကန်အနေနဲ့ ၎င်းတို့အတွက် ခိုင်မာတဲ့ လုံခြုံရေးအာမခံချက်များ ကမ်းလှမ်းသွားရန် ဆန္ဒရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်မ်ပီအိုက ပြောပါတယ်။

play
မြောက်ကိုရီးယားမှာ ကင်မ်ဂျုံအန်နှင့် တွေ့ဆုံခဲ့သည့် မိုက်ခ်ပွန်မ်ပီအို


မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ထံမှာ ၎င်းရဲ့နိုင်ငံ ငြိမ်းချမ်းရေးနဲ့ ချမ်းသာကြွယ်ဝရေးကို ဆောင်ကြဉ်းပေးနိုင်တဲ့ မကြုံစဖူး အခွင့်အရေးတစ်ရပ်ရှိတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယုံကြည်ကြောင်း မိုက်ခ်ပွန်မ်ပီအိုက ယနေ့ (ဇွန်လ ၁၁ ရက်) ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

"ကင်မ်ဂျုံအန့်ဆီမှာ ကျွန်တော်တို့နှစ်နိုင်ငံ ဆက်ဆံရေးလမ်းကြောင်း ပြောင်းလဲဖို့နဲ့ သူ့နိုင်ငံအတွက် ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေး ဖော်ဆောင်နိုင်တဲ့ မကြုံစဖူး အခွင့်အရေးရှိတယ်လို့ သမ္မတထရန့်က ယုံကြည်ပါတယ်" လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက စင်ကာပူရှိ JW Marriott ဟိုတယ်မှာ သတင်းထောက်တွေကို ပြောသွားခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံကသာ နျူကလီးယားလက်နက်တွေ စွန့်လွှတ်ဖျက်ဆီးခဲ့ပါက အမေရိကန်အနေနဲ့ ၎င်းတို့ကို ချမ်းသာကြွယ်ဝစေရန် ကူညီသွားမယ်လို့ မိုက်ခ်ပွန်မ်ပီအိုက အစောပိုင်းမှာလည်း ပြောခဲ့ဖူးပါတယ်။

play
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်မ်ပီအို


"ကျွန်တော်တို့ရဲ့ ခေါင်းဆောင်နှစ်ဦး မျက်နှာချင်းဆိုင် ဆွေးနွေးတဲ့ဖြစ်ရပ်က ကျွန်တော်တို့ ပြည်သူတွေနဲ့ တစ်ကမ္ဘာလုံးအတွက် အလွန့်အလွန်ကြီးမားတဲ့ အကျိုးကျေးဇူးဖြစ်စေနိုင်မယ့် အရေးပါတဲ့အရာကို အောင်မြင်ပြီးမြောက်ဖို့ အလားအလာကောင်းပါပဲ" လို့ မိုက်ခ်ပွန်မ်ပီအိုကဆိုပါတယ်။

စင်ကာပူမှာ ထရန်နဲ့ကင်မ် ထိပ်သီးတွေ့ဆုံပွဲအကြို ဆွေးနွေးမှုတွေဟာ မျှော်လင့်ထားတာထက်ပိုပြီး လျင်လျင်မြန်မြန် တိုးတက်နေခဲ့ကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မှတ်ချက်ပေးခဲ့ပါတယ်။

play
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း


ဇွန်လ ၁၂ ရက်မှာ ပြုလုပ်သွားမယ့် ထရန့်နဲ့ကင်မ် ထိပ်သီးဆွေးနွေးမှုဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်နဲ့ ဒုံးကျည်အစီအစဉ်တွေ အဆုံးသတ်ပြီး အပြန်အလှန်အားဖြင့် သံတမန်ဆက်ဆံရေးနဲ့ စီးပွားရေးအကူအညီများ ကမ်းလှမ်းသွားမယ်လို့ မျှော်လင့်ရပါတယ်။

သို့သော် မြောက်ကိုရီးယားက နျူကလီးယားလက်နက်ဖျက် အပြည့်အဝဖျက်သိမ်းပြီး အတည်ပြုနိုင်တဲ့အချိန်ထိ အမေရိကန်က မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ဆက်လက် ထားရှိသွားမယ်လို့လည်း မိုက်ခ်ပွန်မ်ပီအိုက ပြောခဲ့ပါတယ်။

play
မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအန်နှင့် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း


"အရေးယူပိတ်ဆို့မှုတွေကတော့ မြောက်ကိုရီးယားက သူ့ရဲ့ နျူကလီးယားလက်နက်တွေနဲ့ ဖျက်အားပြင်းတဲ့ ဒုံးကျည်အစီအစဉ်တွေကို အပြည့်အဝဖျက်သိမ်းပြီး အတည်ပြုနိုင်တဲ့အချိန်ထိ ဆက်လက်ထားရှိသွားမှာပါ၊

တစ်ကယ်လို့ သံတမန်ရေးရာက မှန်ကန်တဲ့လမ်းကြောင်းအတိုင်း မဖြစ်ခဲ့ရင်တော့ အရေးယူ ပိတ်ဆိုမှုတွေ ဆက်လုပ်သွားမှာဖြစ်ပြီး ပိုပြီးတော့လည်း တိုးမြှင့်သွားမှာဖြစ်ပါတယ်" လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

play
ထရန့်နဲ့ကင်မ် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်မယ့် Capella ဟိုတယ်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်မ်ပီအိုက ထရန့်နဲ့ကင်မ် ထိပ်သီးဆွေးနွေးပွဲကို အိမ်ရှအဖြစ် လက်ခံစီစဉ်ပေးခဲ့တဲ့ စင်ကာပူနိုင်ငံကို ကျေးဇူးတင်ကြောင်းလည်း ပြောကြားသွားခဲ့ပါတယ်။ ထရန်နဲ့ကင်မ် ထိပ်သီးဆွေးနွေးပွဲကို ဇွန်လ ၁၂ ရက်မှာ ဆန်တိုဆာကျွန်းပေါ်ရှိ Capella ဟိုတယ်မှာ ပြုလုပ်သွားစီစဉ်ထားပါတယ်။

ထရန်နဲ့ကင်မ် စင်ကာပူမှာ ထိပ်သီးတွေ့ဆုံဆွေးနွေးမှုဟာ တာဝန်ထမ်းဆောင်ဆဲ အမေရိကန်သမ္မတတစ်ဦးနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံမှုအဖြစ်လည်း သမိုင်းမှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD