AD
AD
AD

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ စင်ကာပူနိုင်ငံမှာ ပထဆုံးအကြိမ် လက်ဆွဲနှုတ်ဆက်ကြရင်း ထိပ်သီးဆွေးနွေးပွဲကို ယနေ့ (ဇွန်လ ၁၂ ရက်) မနက်ပိုင်းမှာ စတင်ခဲ့ကြပါတယ်။

play


ဒေါ်နယ်ထရန့်နဲ့ ကင်မ်ဂျုံအန်တို့က ကမ္ဘာ့မီဒီယာတွေရဲ့ ရှေ့မှောက်မှာ တစ်ဦးနဲ့တစ်ဦး လက်ဆွဲနှုတ်ဆက်ကြပြီး ဆယ်စုနှစ်တစ်ခုကြာ မဆုတ်သာမတိုးသာ ဖြစ်နေခဲ့တဲ့ ကိုရီးယားကျွန်းဆွယ်အရေး ဆွေးနွေးညှိနှိုင်းကြမှာလည်း ဖြစ်ပါတယ်။

ထရန့်နဲ့ကင်မ်တို့က ဆန်တိုဆာကျွန်းပေါ်ရှိ Capella ဟိုတယ်မှာ ပြင်ဆင်ထားတဲ့ မြောက်ကိုရီးယားနဲ့ အမေရိကန် အလံတွေရှေ့မှာ ဒေသစံတော်ချိန် မနက် ၉ နာရီ ၅ မိနစ်က သမိုင်းဝင်တဲ့ လက်ဆွဲနှုတ်ဆက် တွေ့ဆုံမှုနဲ့အတူ ထိပ်သီးဆွေးနွေးပွဲ အစီအစဉ်ကို စတင်လိုက်ပါတယ်။

play


ထရန်နဲ့ကင်မ် နှစ်ဦးလုံးက အပြန်အလှန် အပြုံးများနဲ့အတူ လက်ဆွဲနှုတ်ဆက်ကြပြီးနောက် မီဒီယာတွေအတွက် ဓာတ်ပုံအရိုက်ခံခဲ့ကြပါတယ်။ ထို့နောက် ၎င်းတို့က အစည်းအဝေးခန်းတစ်ခုသို့ ဝင်ရောက်သွားခဲ့ကြပြီး အပြန်အလှန် ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်သွားမှာဖြစ်ပါတယ်။

အမေရိကန်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ ပထမဆုံး သမိုင်းဝင် လက်ဆွဲနှုတ်ဆက် တွေ့ဆုံခဲ့ကြရာမှာ ထရန့်က "လေစားဂုဏ်ယူပါတယ်၊ ကျွန်တော်တို့ အံ့သြချီးမွမ်းဖွယ် နှစ်ဦးနှစ်ဖက် ဆက်ဆံရေးရှိလာမှာပါ၊ ကျွန်တော် သံသယမရှိပါဘူး" လို့ ပြောပါတယ်။

play


ကင်မ်ဂျုံအန်ကလည်း "ကျွန်တော် ဒီကိုရောက်ဖို့ မလွယ်ကူခဲ့ပါဘူး၊ ဟောင်းနွမ်းနေတဲ့ ထင်ရာမြင်ရာ ဆုံးဖြတ်မှုတွေနဲ့ အလေ့အထတွေက အတားအဆီးတွေ ဖြစ်ခဲ့တယ်လေ၊ ဒါပေမဲ့ ဒါတွေကို ကျွန်တော်တို့ ကျော်လွှားခဲ့ပြီး အခု ဒီနေ့ ကျွန်တော်တို့ ဒီမှာရှိနေခဲ့ကြပါပြီ" လို့ ပြောခဲ့ကြောင်း သိရပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်တွေဟာ ကြိုတင်စီစဉ်ထားတဲ့အတိုင်း ၎င်းတို့ရဲ့ ဘာသာပြန်များသာ ပါဝင်ကြမယ့် တစ်ဦးချင်း တွေ့ဆုံဆွေးနွေးမှုကို ဆက်လက် ပြုလုပ်သွားဖြစ်ပါတယ်။ ထို့နောက်မှာတော့ နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့တွေ ပါဝင်ကြတဲ့ ဆွေးနွေးမှုတွေမှာလည်း ခေါင်းဆောင်နှစ်ဦးက ပါဝင်သွားမယ်လို့ မျှော်လင့်ရပါတယ်။

play


ထရန့်နဲ့ကင်မ်ဂျုံအန်တို့က ဆွေးနွေးမှုများအပြီးမှာ နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့တွေနဲ့အတူ အလုပ်သဘော နေ့လယ်စာသုံးဆောင်ကြရန်လည်း စီစဉ်ထားပါတယ်။ ထရန့်နဲ့ကင်မ်တို့ဟာ ထိပ်သီးဆွေးနွေးပွဲအတွက် စင်ကာပူကို ဇွန်လ ၁၀ ရက်မှာ အသီးသီး ရောက်ရှိလာခဲ့ကြတာလည်း ဖြစ်ပါတယ်။

အမေရိကန်သမ္မတထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့က ယနေ့မနက် ဒေသစံတော်ချိန် ၈ နာရီကျော်မှာ ၎င်းတို့တည်းခိုရာ ဟိုတယ်အသီးအသီးကနေ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲ ကျင်းပပြုလုပ်မယ့် ဆန်တိုဆာကျွန်းကို ထွက်ခွာလာခဲ့ကြတာ ဖြစ်ပါတယ်။

play


လမ်းတစ်လျှောက်မှာ မီဒီယာတွေနဲ့ ကြည့်ရှုကြသူတွေ အများအပြားက နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ မော်တော်ယာဉ်းတန်ကို စောင့်ဆိုင်းကြည့်ရှုကာ ဓာတ်ပုံရိုက်ပြီး လက်ဝှေ့ယမ်းနှုတ်ဆက်ကြပါတယ်။ သမ္မတထရန့်က စင်ကာပူမြို့လယ်ရှိ Shangri-La ဟိုတယ်ကနေ မနက် ၈ နာရီ ၅ မိနစ်မှာ ထွက်ခွာလာခဲ့တယ်လို့ ဆိုပါတယ်။

play


မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကလည်း ၎င်းတည်းခိုနေထိုင်တဲ့ St. Regis ဟိုတယ်ကနေ မနက် ၈ နာရီ ၁၅ မိနစ်မှာ မော်တော်ယာဉ်တန်းဖြင့် ထွက်ခွာလာခဲ့ကြောင်း သိရပါတယ်။ ကင်မ်ဂျုံအန်ရဲ့ မော်တော်ယာဉ်တန်းမှာ လုံခြုံရေးများ၊ မြောက်ကိုရီးယား အစိုးရမီဒီယာနဲ့ တာဝန်ရှိသူတွေ လိုက်ပါကြတဲ့ မော်တော်ယာဉ်အစီးရေ ၂၀ ခန့် ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်က ထိပ်သီးဆွေးနွေးပွဲကို ၎င်းရဲ့ညီမ ကင်မ်ယိုဂျောင်းနဲ့ ၎င်း ယုံကြည်ရသူ လက်ထောက် ကင်မ်ချန်းဆွန်တို့နဲ့အတူ ရောက်ရှိလာခဲ့ပါတယ်။

play


ခေါင်းဆောင်နှစ်ဦး တွေ့ဆုံပြီးနောက် မနက် ၁၀ နာရီမှာတော့ နှစ်နိုင်ငံတာဝန်ရှိသူတွေ ပါဝင်ကြတဲ့ ဆွေးနွေးပွဲကို ဆက်လက် ပြုလုပ်သွားရန် စီစဉ်ထားပါတယ်။ ထို့နောက် မနက် ၁၁ နာရီခွဲမှာ ထရန်နဲ့ကင်မ်က နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့တွေနဲ့အတူ အလုပ်သဘော နေ့လယ်စာသုံးဆောင်ကြမယ်လို့ ဆိုပါတယ်။

ခေါင်းဆောင်နှစ်ဦး သီးသန့်တွေ့ဆုံပြီးနောက် နှစ်နိုင်ငံတာဝန်ရှိသူတွေ ဆွေးနွေးကြရာမှာ အမေရိကန်ဘက်မှ နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်မ်ပီအို၊ အိမ်ဖြူတော်အကြီးအကဲ ဂျွန်ကယ်လီနဲ့ နိုင်ငံတော်လုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဂျွန်ဘော်လ်တန်တို့ ပါဝင်ကြမယ်လို့ သိရပါတယ်။

play


ထို့နောက် အလုပ်သဘော နေ့လယ်စာစားပွဲမှာတော့ အမေရိကန်ဘက်မှ သမ္မတအိမ်ဖြူတော် သတင်းထုတ်ပြန်ရေး အကြီးအကဲ ဆာရာစန်းဒါစ်၊ သံအမတ်ဆောင်းကင်မ်နဲ့ နိုင်ငံတော်လုံခြုံရေးကောင်စီ အကြီးတန်းညွန်ကြားရေးမှူး (အာရှဒေသ) မတ်ပေါ့တင်ဂါတို့လည်း ပါဝင်ကြမယ်လို့ အိမ်ဖြူတော်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထိပ်သီးဆွေးနွေးပွဲအပြီးမှာ သမ္မတထရန့်က မီဒီယာတွေနဲ့ ဒေသစံတော်ချိန် ညနေ ၄ နာရီမှာ တွေ့ဆုံသွားမယ်လို့ဆိုပါတယ်။ ထို့နောက် သမ္မတထရန့်ဟာ Capella ဟိုတယ်ကနေ ညနေ ၆ နာရီခွဲမှာ ပြန်လည်ထွက်ခွာပြီး Paya Lebar လေတပ်စခန်းကိုသွားရောက်မှာ ဖြစ်ပါတယ်။

play


လေတပ်စခန်းမှ ဒေသစံတော်ချိန် ည ၇ နာရီမှာ သမ္မတထရန့်ရဲ့ Air Force One လေယာဉ် ထွက်ခွာမယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကတော့ စင်ကာပူနိုင်ငံမှ ဇွန်လ ၁၂ ရက် မွန်းလွဲပိုင်းမှာ ပြန်လည်ထွက်ခွာရန် စီစဉ်ထားကြောင်း သိရပါတယ်။

play


ထရန်နဲ့ကင်မ် စင်ကာပူမှာ ထိပ်သီးတွေ့ဆုံဆွေးနွေးမှုဟာ တာဝန်ထမ်းဆောင်ဆဲ အမေရိကန်သမ္မတတစ်ဦးနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံမှုအဖြစ်လည်း သမိုင်းမှတ်တမ်းဝင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှ လူပေါင်းသန်းနဲ့ချီ စောင့်ကြည့်ခဲ့ကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD