AD
AD
AD

ဆယ်စုနှစ်နဲ့ချီ ရန်လိုမှုတွေရှိခဲ့ကြပြီးနောက် အမေရိကန်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေးမှာ ကဏ္ဍာသစ်ရေးထိုးရန် အသင့်ဖြစ်နေပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ ယနေ့ (ဇွန်လ ၁၂ ရက်) ပြုလုပ်ခဲ့တဲ့ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲအပြီးမှာ ပြောကြားလိုက်ပါတယ်။

play


စင်ကာပူမှာ ပြုလုပ်ခဲ့တဲ့ ထရန့်နဲ့ကင်မ် ထိပ်သီးဆွေးနွေးပွဲမှာ မြောက်ကိုရီးယားခေါင်းဆောင်က ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက် လုံးဝဖျက်သိမ်းရေးကို အာမခံခဲ့ကြောင်း သိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ကြီးကျယ်တဲ့ နေရာကောင်းတစ်ခုဖြစ်လာရန် အလားအလာကောင်းရှိနေပြီလို့ သမ္မတထရန့်ကဆိုပါတယ်။

play


ဒါ့အပြင် နျူကလီးယားလက်နက်တွေဖျက်သိမ်းပြီး စီးပွားရေးပြန်လည်တည်ဆောက်ပါက မြောက်ကိုရီးယား ရရှိလာမယ့် အောင်မြင်မှုက အကန့်အသတ်မရှိကြောင်းလည်း ထရန့်က ဖြည့်စွက်ပြောခဲ့ပါတယ်။ သမ္မတထရန့်က ကင်မ်ဂျုံအန်နဲ့ ထိပ်သီးဆွေးနွေးပွဲအပြီး စင်ကာပူမှာ ပြန်လည်မထွက်ခွာမီ တစ်နာရီကျော်ကြာတဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ထိုသို့ ပြောခဲ့တာဖြစ်ပါတယ်။

play


ထရန့်နဲ့ကင်မ် ထိပ်သီးဆွေးနွေးပွဲမှာ နှစ်နိုင်ငံခေါင်းဆောင်တွေက ပူးတွဲသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ရာ ထိုသဘောတူညီချက်များအနက် ကင်မ်ဂျုံအန်က ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက် လုံးဝဖျက်သိမ်းရေး​ ၎င်းရဲ့ ကတိကဝတ်ကို အခိုင်အမာ ထပ်လောင်း ဖော်ပြထားပါတယ်။

play


ကင်မ်ဂျုံအန်က "ကျွန်တော်တို့ သမိုင်းဝင်တဲ့ ဆွေးနွေးမှုပြုလုပ်ခဲ့ကြပါတယ်၊ အတိတ်ကို နောက်မှပဲချန်ထားခဲ့ကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်၊ ကမ္ဘာက ကြီးမားတဲ့ အပြောင်းအလဲတစ်ခုကို မြင်တွေ့ရမှာပါ၊ ထိပ်သီးဆွေးနွေးပွဲ အောင်မြင်ဖြစ်မြောက်တဲ့အတွက်လည်း သမ္မတဒေါ်နယ်ထရန့်ကို ကျွန်တော် ကျေးဇူးတင်ပါတယ်" လို့ ပြောခဲ့ပါတယ်။

play


သမ္မတထရန့်ကလည်း မြောက်ကိုရီးယားကို လုံခြုံရေးအာမခံချက်ရှိစေရန် ကူညီထောက်ပံ့သွားမယ်လို့ ကတိပြုခဲ့ပြီး မည်သည့် လုံခြုံရေးအာမခံချက်များဖြစ်ကြောင်းကိုတော့ မဖော်ပြထားပါဘူး။ နှစ်နိုင်ငံခေါင်းဆောင်တွေက ကိုရီးယားကျွန်းဆွယ်မှာ ရေရှည်တည်တံပြီး တည်ငြိမ်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရန် ပူးပေါင်း လုပ်ဆောင်သွားမယ်လို့လည်း ပြောခဲ့ပါတယ်။

play


ကင်မ်ဂျုံအန်နဲ့ ဆွေးနွေးမှုတွေဟာ ပွင့်လင်းမှု၊ တိုက်ရိုက်ဖြစ်မှုနဲ့ အကျိုးရှိထိရောက်ခဲ့ကြောင်း ထရန့်ကဆိုပါတယ်။ "ကျွန်တော်တို့ သမိုင်းသစ် စတင်နိုင်ဖို့ ပြင်ဆင်ခဲ့ကြပါပြီ၊ ကျွန်တော်တို့ နှစ်နိုင်ငံကြား ကဏ္ဍသစ်ရေးထိုးနိုင်ဖို့ အသင့်ပါပဲ" လို့ သမ္မတထရန့်က ပြောခဲ့ပါတယ်။

ထရန့်ကင်မ်တို့ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲကို စင်ကာပူနိုင်ငံ ဆန်တိုဆာကျွန်းရှိ Capella ဟိုတယ်မှာ ယနေ့ မနက်ပိုင်းမှစပြီး နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့တွေနဲ့အတူ နာရီနဲ့ချီ ပြုလုပ်ခဲ့ကြပါတယ်။

play


နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့တွေ ပါဝင်တဲ့ ဆွေးနွေးမှုတွေမတိုင်မီမှာ ထရန့်နဲ့ကင်မ်က ဘာသာပြန်များသာ ပါဝင်ကြတဲ့ သီးသန့်ဆွေးနွေးမှုကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ ထိပ်သီးဆွေးနွေးပွဲပြီးနောက် ထရန့်နဲ့ ကင်မ်ဂျုံအန်တို့က ယနေ့ညပိုင်းတို့မှာ စင်ကာပူမှ အသီးသီး ပြန်လည်ထွက်ခွာသွားကြောင်း သိရပါတယ်။

ထရန့်နဲ့ကင်မ် လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီမှုမှ အဓိက အချက်များ

- အမေရိကန်နဲ့ မြောက်ကိုရီးယားတို့က နှစ်နိုင်ငံပြည်သူတွေရဲ့ ငြိမ်းချမ်းရေးနဲ့သာယာဝပြောရေး လိုအင်ဆန္ဒနဲ့အတူ အမေရိကန်-မြောက်ကိုရီးယား ဆက်ဆံရေးကဏ္ဍသစ် တည်ထောင်သွားရန် ကတိပြုပါတယ်။

- ကိုရီးယားကျွန်းဆွယ်မှာ ရေရှည်တည်တံပြီး တည်ငြိမ်မှုရှိတဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရန် နှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင်သွားပါမယ်။

- ဧပြီ ၂၇ ရက်၊ ၂၀၁၈ ခုနှစ် Panmunjom ကြေညာချက်မှာ ဖော်ပြထားခဲ့တဲ့အတိုင်း မြောက်ကိုရီးယားက ကိုရီးယားကျွန်းဆွယ်မှ နျူကလီးယားလက်နက် လုံးဝဖျက်သိမ်းရေး ကတိကဝတ်ကို အခိုင်အမာ ထပ်လောင်း အတည်ပြုပါတယ်။

- ကျန်ရှိနေသေးတဲ့ စစ်ပွဲကာလ အကျဉ်းသားတွေကို သတ်မှတ်အတည်ပြုရန်နဲ့ ယခင်ကတည်းက သတ်မှတ်အတည်ပြုပြီးသား စစ်ပွဲကာလ အကျဉ်းသားတွေကို ၎င်းတို့ နိုင်ငံများသို့ ချက်ချင်း ပြန်လည်ပို့ဆောင်ရန် အမေရိကန်နဲ့ မြောက်ကိုရီးယားက ကတိပြုကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD