AD
AD
AD

စင်ကာပူမှာပြုလုပ်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲနဲ့အတူ ကင်မ်ဂျုံအန်ရဲ့ ပြောစမှတ်ပြုစရာ သက်တော်စောင့်အုပ်စုကို နောက်တစ်ကြိမ် ပြန်လည်တွေ့ရပြန်ပါတယ်။

play
တောင်နဲ့မြောက် ထိပ်သီးဆွေးနွေးပွဲမှာ ကင်မ်ဂျုံအန်ကို ကာကွယ်စောင့်ရှောက်မှု


ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်မှာ ပြုလုပ်ခဲ့တဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ ကင်မ်ဂျုံအန်တို့ ထိပ်သီးဆွေးနွေးပွဲမှာ ကင်မ်ဂျုံအန်ရဲ့ သက်တော်စောင့်တွေက ၎င်းတို့ခေါင်းဆောင်ကို စောင့်ရှောက်ကြပုံကို ကမ္ဘာက မြင်တွေ့ခဲ့ရပါတယ်။ ထိုစဉ်က တောင်နဲ့မြောက် ထိပ်သီးဆွေးပွဲကို တောင်ကိုရီးယားဘက်မှာ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

play
တောင်ကိုရီယားဘက်မှ ပြန်ထွက်လာတဲ့ ကင်မ်ရဲ့ကားကို လိုက်ပါခြံရံစောင့်ရှောက်မှု


မနက်ပိုင်း ဆွေးနွေးမှုအပြီးမှာ ကင်မ်ဂျုံအန်က မြောက်ကိုရီးယားဘက်ကို နေ့လယ်စာစားရန် ခေတ္တပြန်သွားပါတယ်။ ကင်မ်ဂျုံအန် မြောက်ကိုရီးယားဘက်ကို ပြန်လည်ထွက်ခွာရာမှာ ၎င်းရဲ့ မာစီဒီးစ် ဇိမ်ခံကားစီးပြီး ပြန်သွားခဲ့ရာမှာ သက်တော်စောင့် ၁၂ ဦးက ဇိမ်ခံကားကို အပြေးလိုက်ပါပြီး ခြံရံစောင့်ရှောက်ခဲ့ကြတာကို သတင်းဗီဒီယိုတွေမှာ တွေ့ခဲ့ကြရပြီး အွန်လိုင်းမှာ လူပြောများခဲ့ပါတယ်။

ကင်မ်ဂျုံအန်ရဲ့ သက်တော်စောင့် ၁၂ ဦးက ကားရဲ့ဘေးတစ်ဘက်စီမှာ ၅ ဦးစီနဲ့ ကားနောက်ကနေ ၂ ဦးက အပြေးလိုက်ပါကာ အင်္ဂလိပ်အက္ခရာ U ပုံစံအတိုင်းခြံရံပြီး ခေါင်းဆောင်ဖြစ်သူကို စောင့်ရှောက်ခဲ့ကြတာ ဖြစ်ပါတယ်။

play
စင်ကာပူရှိ St. Regis ဟိုတယ်မှာ ကင်မ်ရဲ့ကားကို ခြံရံစောင့်ရှောက်သည့် သက်တော်စောင့်များ


ယခုတစ်ကြိမ်မှာလည်း ကင်မ်ဂျုံအန်က အမေရိကန်သမ္မတထရန့်နဲ့ ထိပ်သီးဆွေးနွေးပွဲအတွက် စင်ကာပူကိုလာရောက်ခဲ့ပြီး မြို့လယ်ပိုင်းရှိ St. Regis ဟိုတယ်ကို ၎င်းရဲ့ကား ရောက်ရှိလာချိန်မှာ သက်တော်စောင့်တွေက တောင်ကိုရီးယားမှာကဲ့သို့ပင် ကားရဲ့အနောက်ဘက်နဲ့ ဘယ်ညာနှစ်ဖက်တို့မှ ခြံရံလိုက်ပါစောင့်ရှောက်ခဲ့ကြတာ တွေ့ခဲ့ပါတယ်။

ဒါ့အပြင် ဇွန်လ ၁၁ ရက် ညပိုင်းမှာ ကင်မ်ဂျုံအန်က စင်ကာပူမြို့တွင်း အလည်အပတ်ထွက်ခဲ့ရာမှာလည်း သက်တော်စောင့် အများအပြားက ၎င်းတို့ခေါင်းဆောင်ကို ရှေ့နောက် ဘယ်ညာမှ လိုက်ပါခြံရံ စောင့်ရှောက်ခဲ့ကြပါတယ်။ ကင်မ်ဂျုံအန်ရဲ့ သက်တော်စောင့်တွေရဲ့ ယခုလို ခြံရံစောင့်ရှောက်မှုကို အကောင်းအဆိုး ဝေဖန်မှုတွေလည်းရှိခဲ့ပါတယ်။

play
စင်ကာပူမှာ ညဘက် အလည်ထွက်သည့် ကင်မ်ဂျုံအန်ကို ကာကွယ်စောင့်ရှောက်မှု


မည်သို့ပင်ဖြစ်စေ မိမိတို့ခေါင်းဆောင် ဘေးကင်းလုံခြုံရေးအတွက် တာဝန်ကျေပွန်စွာ အပြည့်အဝ စောင့်ရှောက်ခဲ့ကြတဲ့ မြောက်ကိုရီးယား သက်တော်စောင့်အုပ်စုက စိတ်ဝင်စားစရာကောင်းနေပါတယ်။

တစ်ကယ်တမ်းမှာ ကင်မ်ဂျုံအန်ကို အနီးကပ် စောင့်ရှောက်ခွင့်ရတဲ့ သက်တော်စောင့်တစ်ဦးဖြစ်လာရန် မလွယ်ကူလှပါဘူး။ သူတို့က ဘယ်သူတွေလဲ? သူတို့ကို သက်တော်စောင့်အဖြစ် ဘယ်လိုရွေးချယ်ခဲ့လဲ? သူတို့ရဲ့ တာဝန်တွေက ဘာတွေလဲ? စတဲ့ စိတ်ဝင်စားစရာအချို့ကို ကောက်နုတ်ဖော်ပြထားပါတယ်။

ဘယ်သူတွေလဲ?

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ရဲ့ ဇိမ်ခံမှန်လုံကားကြီးနဲ့ယှဉ်လျက် အနောက်ဘက်နဲ့ ဘေးတစ်ဖက်တစ်ချက်စီကနေ အပြေးလိုက်ပါခြံရံပြီး ကင်မ်ဂျုံအန်နဲ့အနီးကပ်ဆုံးမှာ စောင့်ရှောက်နေကြတဲ့ သက်တော်စောင့်တွေဟာ မြောက်ကိုရီးယားရဲ့ Centeral Party Office #6 သို့မဟုတ် Main Office of Adjutants လက်အောက်မှ ဖြစ်ပါတယ်။

play
စင်ကာပူကိုရောက်လာကြသည့် ကင်မ်ဂျုံအန်ရဲ့ လုံခြုံရေးများ


ကင်မ်ဂျုံအန်ရဲ့ လုံခြုံရေးကိုတာဝန်ယူထားတဲ့ Main Office of Adjutants မှာ အမှုထမ်း ၂၀၀ မှ ၃၀၀ ကြားရှိကြောင်း ခန့်မှန်းရပြီး ၎င်းတို့အထက် တစ်ဝက်ကျော်က သက်တော်စောင့်တွေ ဖြစ်ကြပါတယ်။ ကျန်ရှိတဲ့ အမှုထမ်းတွေကတော့ ကားမောင်းသမားတွေနဲ့ နည်းပညာဆိုင်ရာ ဝန်ထမ်းတွေဖြစ်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ သက်တော်စောင့်အချို့ဟာ နှစ်ကာလရှည်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး အများစုကတော့ ၁၀ နှစ်ကြာ တာဝန်ထမ်းဆောင်ကြတယ်လို့ ဆိုပါတယ်။

ဘယ်လို ရွေးချယ်လေ့ကျင့်ထားလဲ?

ကမ်ဂျုံအန်ရဲ့ပတ်လည်မှာ ခြံရံစောင့်ရှောက်ကြတဲ့ သက်တော်စောင့်တွေကို မြောက်ကိုရီးယားစစ်တပ် (Korean People's Army - KPA) မှ ရွေးချယ်ခေါ်ယူခဲ့ပါတယ်။ ထိုသို့ ရွေးချယ်ရာမှာ အရပ်အမြင့် လိုအပ်ချက်အပါအဝင် အရည်အချင်းတွေ သတ်မှတ်ထားပါတယ်။

သက်တော်စောင့်တွေရဲ့ အရပ်အမြင့်ဟာ ခေါင်းဆောင်ကင်မ်ဂျုံအန်နဲ့ တူညီရန်လိုအပ်ပါတယ်။ ၎င်းတို့ဟာ အမြင်အာရုံကောင်းမွန်သူတွေ ဖြစ်ရပါတယ်။ သက်တော်စောင့်တွေဟာ ပင်ကိုယ်စွမ်းရည်မြင့်မားပြီး သေနတ်ပစ်ကျွမ်းကျင်သူနဲ့ အတိုက်အခိုက်ကောင်းတဲ့ ကိုယ်ခံပညာရပ် ကျွမ်းကျင်သူတွေဖြစ်ရန် သတ်မှတ်ထားပါတယ်။

play
ကင်မ်ဂျုံအန်ရဲ့ လုံခြုံရေးအဖွဲ့ဝင်တစ်ဦး


သက်တော်စောင့်တစ်ဦးရဲ့ နောက်ကြောင်းရာဇဝင်ကိုလည်း ၎င်းရဲ့အထက် မျိုးရိုးအစဉ်အဆက် ၂ ဆက်အထိ စုံစမ်းစစ်ဆေးလေ့ရှိပါတယ်။ သက်တော်စောင့်တွေရွေးချယ်မှုနဲ့ ကွပ်ကွဲမှုတွေကို ဆောင်ရွက်နေတဲ့ Main Office of Adjutants မှ အမှုထမ်းအများအပြားဟာ ကင်မ်ဂျုံအန်ရဲ့မိသားစုနဲ့ ဆက်နွယ်နေသူတွေ သို့မဟုတ် အခြား မြောက်ကိုရီးယား ထိပ်တန်းခေါင်းဆောင် မိသားစုတွေနဲ့ ဆက်နွယ်နေသူတွေ ဖြစ်ကြပါတယ်။

သက်တော်စောင့်အဖြစ် ရွေးချယ်ခံရပါက ပြင်းထန်တဲ့ လေ့ကျင့်ရေးအစီအစဉ်ကို လုပ်ဆောင်ရပါတယ်။ သက်တော်စောင့်အဖြစ် ကမ်းလှမ်းခံရပါက ငြင်းဆန်ခွင့်မရှိဘူးလို့လည်း ဆိုပါတယ်။ ကင်မ်ဂျုံအန်ရဲ့ သက်တော်စောင့်တွေဟာ KPA ရဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေ (Special Operation Froces) လေ့ကျင့်မှုနည်းလမ်းအတိုင်း လေ့ကျင့်ကြရပါတယ်။

play
စင်ကာပူမှာ တွေ့ရသည့် ကင်မ်ဂျုံအန်ရဲ့ သက်တော်စောင့်အဖွဲ့ဝင်အချို့


ထိုလေ့ကျင့်မှုများအနက် သေနတ်အတိုများ အသုံးပြုမှု၊ တိုက်ခိုက်မှုကြုံပါက ခေါင်းဆောင်ကိုအန္တရယ်ကင်းစွာ ခေါ်ထုတ်ရှောင်ထွက်မှုနည်းလမ်းများနဲ့ ကိုယ်ခံပညာရပ်မျိုးစုံ ပါဝင်ပါတယ်။ သက်တော်စောင့်တွေဟာ ခန္ဓာကိုယ်ကြံ့ခိုင်မှု၊ အပြူအမူနဲ့ ရုပ်ပိုင်းဆိုင်ရာ ခံနိုင်ရလည်လေ့ကျင့်မှုတွေလည်း ပြုလုပ်ကြရပါတယ်။

ကင်မ်ဂျုံအန်ကို ဘယ်လိုစောင့်ရှောက်ကြလဲ?

ကင်မ်ဂျုံအန်ရဲ့ အနီးကပ် သက်တော်စောင့်တွေဟာ ပတ်ဝန်းကျင်ရှိ လူတွေနဲ့ နေရာတွေကို ၃၆၀ ဒီဂရီ လှည့်ပတ်ကြည့်ရှုနိုင်တဲ့ အနေအထားဖြင့် ခြံရံစောင့်ရှောက်ကြပါတယ်။ ကင်မ်ဂျုံအန် လမ်းလျှောက်နေစဉ်၊ ကားစီးနေစဉ် သို့မဟုတ် ၎င်းရဲ့အရှေ့မှ လိုက်ပါစောင့်ရှောက်ရာမှာ Main Office of Adjutants ညွန်ကြားရေးမှူး အပါအဝင် သက်တော်စောင့် သုံးဦးမှ ငါးဦး ပါဝင်လေ့ရှိပါတယ်။

play
စင်ကာပူမှာ အလည်အပတ်ထွက်သည့် ကင်မ်ဂျုံအန်အနီးမှ သက်တော်စောင့်များ


ကင်မ်ဂျုံအန်နဲ့ကပ်လျက် ခြံရံစောင့်ရှောက်တဲ့ သက်တော်စောင့်တွေကတော့ လေးဦးမှ ခြောက်ဦးဖြစ်ပြီး နှစ်ဦး သို့မဟုတ် သုံးဦးက ၎င်းရဲ့ ညာဘက်နဲ့ဘယ်ဘက်ကနေ လိုက်ပါကြပါတယ်။ ကင်မ်ဂျူံအန်ရဲ့ အနောက်မှာတော့ နောက်ထပ် သက်တော်စောင့် လေးဦးမှ ငါးဦး လိုက်ပါစောင့်ရှောက်ကြပါသေးတယ်။

အရေးကြုံပါက ကင်မ်ဂျုံအန်ကို ကာကွယ်ရမယ့် အစီအစဉ်

သက်တော်စောင့်တွေဟာ နိုင်ငံ့ခေါင်းဆောင်ကင်မ်ဂျုံအန်ရဲ့ဘေးမှာရှိနေပြီး သေနတ်ကိုင်ဆောင်ခွင့်ရတဲ့ လူနည်းစု မြောက်ကိုရီးယားနိုင်ငံသားတွေလို့လည်း ဆိုနိုင်ပါတယ်။ ၎င်းတို့ဟာ ပုံမှန်အားဖြင့် semi-automatic သေနတ်အတိုနဲ့ အရံအဖြစ် လက်နက်တစ်ခု ကိုင်ဆောင်ထားလေ့ရှိပါတယ်။

play
တောင်နဲ့မြောက် ထိပ်သီးဆွေးနွေးပွဲမှာ ကင်မ်ဂျုံအန်ရဲ့ကားကို ခြံရံစောင့်ရှောက်စဉ်


သက်တော်စောင့်တွေဟာ လက်နက်ကိုင်ဆောင်ထားပေမဲ့ ၎င်းတို့ရဲ့ ကင်မ်ဂျုံအန်ကို အဓိက ကာကွယ်မှုဟာ ၎င်းရဲ့အနီးရှိ လူတွေနဲ့ ပတ်ဝန်းကျင် အဆောက်အအုံနေရာတွေကို စောင့်ကြည့်ခြင်းဖြစ်ပါတယ်။ ခေါင်းဆောင်ဖြစ်သူကို ခြိမ်းခြောက်မှုဖြစ်နိုင်ကြောင်း သတိပြုမိပါက ၎င်းတို့ရဲ့ လက်ဗလာနဲ့ ခန္ဓာကိုယ်ဖြင့် ကြားဝင်ကာကွယ်ရပါတယ်။

တိုက်ခိုက်မှုကြုံရပြီး ကင်မ်ဂျုံအန် အသက်ရှင်လျက်ရှိပါက သက်တော်စောင့်တစ်ဦးကို ထိပ်တန်းအရာရှိနှစ်ဦးဖြင့် ကင်မ်ဂျုံအန်နဲ့အတူ လိုက်ပါရမှာဖြစ်ပါတယ်။ ကင်မ်ဂျုံအန်ရဲ့ပတ်လည်မှာ သက်တော်စောင့်တွေ အများအပြား မြင်တွေ့နေရပေမဲ့ ထိုအရေအတွက်ဟာ ၎င်းရဲ့ဖခင်တုန်းကထက် လျော့နည်းကြောင်းနဲ့ သက်တော်စောင့်တွေကို မြင်တွေ့ရမှုဟာလည်း ဖခင်ဖြစ်သူလက်ထက်ကထက် နည်းပါးတယ်လို့ဆိုပါတယ်။

သက်တော်စောင့်တွေရဲ့ဝတ်စုံနဲ့ ဆက်သွယ်ရေးစနစ်

ကင်မ်ဂျုံအန်ရဲ့ သက်တော်စောင့်တွေဟာ ပုံမှန်အားဖြင့် အနောက်တိုင်းဝတ်စုံ ဝတ်ဆင်လေ့ရှိပါတယ်။ အနောက်တိုင်းဝတ်စုံ မဟုတ်ပါက မော်စီတုန်းဝတ်စုံခေါ် Zhongshan ဝတ်စုံကို ဝတ်ဆင်လေ့ရှိကြပါတယ်။ ကင်မ်ဂျုံအန်ရဲ့ကားကို မောင်းနှင်သူဟာ စတီယာရင်ကို ကိုင်တွယ်ရန်အတွက် ချည်သားလက်အိတ် သို့မဟုတ် သားရေလက်အိတ်ကို အမြဲတမ်းဝတ်ကို ဝတ်ဆင်ရပါတယ်။

play
စင်ကာပူမှာတွေ့ရသည့် ကင်မ်ဂျုံအန်ရဲ့ သက်တော်စောင့်များ


သက်တော်စောင့်တွေဟာ ရေဒီယိုဆက်သွယ်ရေးစနစ်သုံးပြီး ၎င်းတို့ထံမှာ နားကြပ်များတပ်ဆင်ထားပါတယ်။ သို့သော် ကင်မ်ဂျုံအန်ရဲ့ သက်တော်စောင့်တွေက ၎င်းတို့အချင်းချင်းကြား မည်သူမှန်သိနိုင်အောင် တံဆိပ်နဲ့ရင်ထိုးတွေကို အဝတ်အထည်ပေါ်မှာ တပ်ဆင်ထားပြီး စကားဝှက်တွေကိုလည်း အသုံးပြုကြပါသေးတယ်။

ကင်မ်ဂျုံအန်ရဲ့ လုံခြုံရေးအတွက် နောက်ထပ်အဖွဲ့အစည်း

ကင်မ်ဂျုံအန်ရဲ့ လုံခြုံရေးကိုတာဝန်ယူထားတဲ့ နောက်ထပ် အဖွဲ့အစည်းကတော့ Guard Command (GC) ဖြစ်ပြီး ၎င်းရဲ့ပတ်လည် ဒုတိယနဲ့ တတိယစည်းမှာ စောင့်ကြပ်ကြပါတယ်။ GC အဖွဲ့က ကင်မ်ဂျုံအန်ရဲ့ ရုံးခန်း၊ နေအိမ် သို့မဟုတ် ၎င်း သွားရောက်တဲ့ ပြည်တွင်းနဲ့ နိုင်ငံရပ်ခြားမှ အဆောက်အအုံတေ လုံခြုံရေးကို တာဝန်ယူထားပါတယ်။

ဒါ့အပြင် GC အဖွဲ့က ကင်မ်ဂျုံအန်ရဲ့ အလုပ်ကိစ္စတွေအတွက် လိုအပ်တဲ့ ထောက်ပံ့ပို့ဆောင်ရေးနဲ့ နည်းပညာကိစ္စရပ်တွေကိုလည်း ဆောင်ရွက်ပေးရပါတယ်။ GC အဖွဲ့ဝင်တွေကုလည်း ကင်မ်ဂျုံအန်ရဲ့ သက်တော်စောင့်တွေကဲ့သို့ပင် Main Office of Adjutants က ရွေးချယ်လေ့ကျင့်ပေးပါတယ်။

play
စင်ကာပူကိုရောက်ရှိလာသည့် ကင်မ်ဂျုံအန်ရဲ့ သက်တော်စောင့်များ


သက်တော်စောင့်အများစုဟာလည်း နောက်ပိုင်းမှာ GC အဖွဲ့ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ကြလေ့ရှိပါတယ်။ GC အဖွဲ့ဝင်တွေက ခေါင်းဆောင်ကင်မ်ဂျုံအန် အသုံးပြုတဲ့ တယ်လီဖုန်းလိုင်း လုံခြုံစိတ်ချရမှု၊ ကွန်ပျူတာအသုံးပြုမှုနဲ့ အိုင်တီလုံခြုံရေးကိစ္စ လိုအပ်တာတွေကို တာဝန်ယူဆောင်ရွက်ပေးပါတယ်။

ကင်မ်ဂျုံအန်အတွက် အစားအသောက်တွေကို စစ်ဆေးရ

ဒါ့အပြင် အရက်၊ အစားအစာနဲ့ စီးကရက် အပါအဝင် ကင်မ်ဂျုံအန်ကို တည်ခင်းတဲ့အရာမှန်သမျှကိုလည်း ကင်မ်ဂျုံအန် မသုံးဆောင်မီ GC အဖွဲ့က ဘေးအန္တရာယ်ရှိ မရှိ ဦးစွာ စစ်ဆေးအတည်ပြုပါတယ်။ GC အဖွဲ့မှာ ဆေးဘက်ဆိုင်ရာဌာနလည်းရှိပြီး ဆရာဝန်တွေနဲ့ ဆေးဘက်ဝန်ထမ်းတွေ ပါဝင်ဖွဲ့စည်းထားပါတယ်။

play
စင်ကာပူ St. Regis ဟိုတယ်ကို ရောက်လာသည့် ကင်မ်ဂျုံအန်ရဲ့ သက်တော်စောင့်များ


မြောက်ကိုရီးယာခေါင်းဆောင် ကင်မ်ဂျုံအန်ကို ခြံရံစောင့်ရှောက်ကြတဲ့ သက်တော်စောင့်တွေရဲ့မြင်ကွင်းက မြင်တွေ့ရသူတွေအဖို့ ပြုံးချင်စရာ၊ ဝေဖန်ပြေဆိုချင်စရာ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့လည်း ၎င်းတို့ဟာ ပေးအပ်ထားတဲ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေကြတဲ့ အမှုထမ်းကောင်းတွေလို့ ဆိုရမှာပဲဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD