AD
AD
AD

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲအတွက် စင်ကာပူနိုင်ငံကို ဇွန်လ ၁၀ ရက်မှာ လာရောက်ခဲ့ရာမှာ တရုတ်လေကြောင်းလိုင်း (Air China) စာတန်းနဲ့ တရုတ်နိုင်ငံအလံ ရိုက်နှိပ်ထားတဲ့ လေယာဉ်ကြီးကို အသုံးပြုခဲ့ပါတယ်။

play


တရုတ်အစိုးရက အမေရိကန်လုပ် Boeing 747 လေယာဉ်ကို ကင်မ်ဂျုံအန်ရဲ့ မိုင်ပေါင်း ၃,၀၀၀ စင်ကာပူခရီးစဉ်အတွက် ကူညီထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။ တရုတ်လေယာဉ်ကြီးပေါ်ကနေဆင်းလာတဲ့ ကင်မ်ဂျုံအန်ရဲ့ ဓာတ်ပုံတွေကို မြင်တွေ့ရပြီးနောက် မြောက်ကိုရီးယားဟာ ၎င်းထက်ပိုကြီးပြီး ပိုချမ်းသာတဲ့ အိမ်နီးချင်းကို မှီခိုနေရကြောင်း အရွှန်းဖောက် ဝေဖန်ပြောဆိုမှုတွေ ချက်ချင်း ထွက်ပေါ်လာခဲ့ပါတယ်။

play
တရုတ်လေယာဉ်ဖြင့် စင်ကာပူကို ရောက်လာခဲ့သည့် ကင်မ်ဂျုံအန်


ဂျော့ဂ်ျတောင်းတက္ကသိုလ် (Georgetown University) မှ မြောက်ကိုရီးယားအရေး ကျွမ်းကျင်သူ ဗစ်တာချာက တရုတ်နိုင်ငံရဲ့ပြည်နယ်သစ်လို့ Twitter မှာ မြောက်ကိုရီးယားကို ရည်ညွှန်းရေးသားထားခဲ့ပါတယ်။ ၎င်းဟာ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် လျာထားခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။

တရုတ်လေကြောင်းလိုင်းမှ Boeing 747 လေယာဉ်ကြီးဟာ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ ကိုယ်စားလှယ်အဖွဲ့ရဲ့ စင်ကာပူခရီးစဉ်မှာပါဝင်တဲ့ လေယာဉ်သုံးစီးပါအုပ်မှာ ပါဝင်ခဲ့ပါတယ်။

ကင်မ်ဂျုံအန်ရဲ့ စင်ကာပူခရီးစဉ်မှာ ပါဝင်လာတဲ့ အခြား လေယာဉ်နှစ်စီးကတော့ ရုရှားနိုင်ငံလုပ် လေယာဉ်တွေဖြစ်ပြီး မြောက်ကိုရီးယား အစိုးရလေကြောင်းလိုင်း Air Koryo မှ ဖြစ်ပါတယ်။

play
တရုတ်အစိုးရပိုင် လေယာဉ်ဖြင့် စင်ကာပူကို ရောက်လာသည့် ကင်မ်ဂျုံအန်


ထိုလေယာဉ်နှစ်စီးအနက် တစ်စီးမှာ မြောက်ကိုရီးယာခေါင်းဆောင် ကင်မ်ဂျုံအန်ရဲ့ညီမနဲ့ အနီးကပ် အကြံပေးဖြစ်သူ ကင်မ်ယိုဂျောင်း လိုက်ပါလာခဲ့ပါတယ်။ နောက်တစ်စီးကတော့ ကုန်တင်လေယာဉ်ဖြစ်ပြီး ကင်မ်ဂျုံအန်ရဲ့ ကျည်ကာဇိမ်ခံကားကို တင်ဆောင်လာခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်က တရုတ်လေကြောင်းလိုင် လေယာဉ်ကို ပိုမိုယုံကြည်စိတ်ချရမှုကြောင့် ရွေးချယ်ခဲ့ခြင်းဖြစ်နိုင်တယ်လို့ တရုတ်လေကြောင်းပျံသန်းမှု ကျွမ်းကျင်သူတွေက ပြောပါတယ်။ ကင်မ်ဂျုံအန်ကို ငှားရမ်းခဲ့တဲ့ လေယာဉ်ကြီးဟာ Boeing 747-4J6 အမျိုးအစားဖြစ်ပြီး လိုအပ်တဲ့ပစ္စည်း အစုံအလင်ပါရှိပါတယ်။

play
တရုတ်အစိုးရက ကင်မ်ဂျုံအန်ကို ငှားရမ်းခဲ့သည့် Boeing 747-4J6 လေယာဉ်


ထိုလေယာဉ်ကြီးကို လွန်ခဲ့တဲသုံးနှစ်အထိ တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်တွေနဲ့ ကွန်မြူန်ပါတီခေါင်းဆောင်တွေရဲ့ အတွင်းစည်းမှ သြဇာအာဏာရှိသူတွေရဲ့ ခရီးစဉ်များအတွက် အသုံးပြုခဲ့တယ်လို့ဆိုပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ရဲ့ ကိုယ်ပိုင်လေယာဉ်ကတော့ သက်တမ်း ၃၈ နှစ်ရှိပြီဖြစ်တဲ့ ဆိုဗီယက်ခေတ် Ilyushin Il-62 လေယာဉ်ဖြစ်တယ်လို့ တရုတ်လေကြောင်းပျံသန်းမှုဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောခဲ့ပါတယ်။

play
ကင်မ်ဂျုံအန်၏ ဆိုဗီယက်ခေတ် Ilyushin Il-62 လေယာဉ်ကို တွေ့ရစဉ်


"ရုရှားလေယာဉ်ကတော့ တရုတ်က ပိုင်ဆိုင်ထားတဲ့ Boeing 747-4J6 နဲ့ လုံခြုံစိတ်ချရမှုနဲ့ သက်သောင့်သက်သာရှိမှုက မယှဉ်နိုင်ပါဘူး" လို့ လေကြောင်းပျံသန်းမှုဆိုင်ရာ အကြောင်းအရာများ ရေးသားဖော်ပြနေတဲ့ လစဉ်ထုတ် Aerospace Knowledge မဂ္ဂဇင်းမှ ဆောင်းပါးရှင် Gao Zhuo က ဆိုပါတယ်။

Ilyushin Il-62 အမျိုးအစားလေယာဉ်တွေကို ထပ်မံ ထုတ်လုပ်ခြင်းမရှိတော့ဘဲ အပိုပစ္စည်း ရှားပါးကြောင်းလည်း သိရပါတယ်။ ကင်မ်ဂျုံအန်က ၎င်းရဲ့ လေယာဉ်ကိုသုံးပါက စက်ပိုင်းဆိုင်ရာချွတ်ယွင်းမှုဖြစ်မှာ စိုးရိမ်ပုံရတာကြောင့် တရုတ်အစိုးရထံမှ လေယာဉ်ငှားရမ်း အသုံးပြုခဲ့ပုံရတယ်လို့ ဆိုပါတယ်။

play
တရုတ်သမ္မတရှီကျင်းပင်နှင့် ကင်မ်ဂျုံအန်


တရုတ်အစိုးရက ကင်မ်ဂျုံအန်အတွက် တရုတ်လေကြောင်းလိုင်း လေယာဉ်ကို အခကြေးငွေမယူဘဲ ရင်းနှီးနွေးထွေးတဲ့ သံတမန်ဆက်ဆံရေးအရ ငှားရမ်းခဲ့ခြင်းဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးမူဝါဒ ကျွမ်းကျင်သူတွေက ပြောခဲ့ပါတယ်။ မြောက်ကိုရီးယားက လေယာဉ်ငှားရမ်းအသုံးပြုခွင့်ပေးရန် ပန်ကြားခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကဆိုပါတယ်။

ကင်မ်ဂျုံအန်ကို ပို့ဆောင်ပေးတဲ့လေယာဉ်ကို စင်ကာပူသို့ပျံသန်းနေစဉ်အတွင်း အွန်လိုင်းကနေ စောင့်ကြည့်နိုင်ပါတယ်။ ကင်မ်ဂျုံအန်က စင်ကာပူကိုသွားရောက်ခဲ့ရာမှာ ပုံမှန်လေယာဉ်ပျံသန်းတဲ့ လမ်းကြောင်းကိုမသုံးခဲ့ဘဲ တရုတ်လေပိုင်နက်ကို ဖြတ်သန်းသွားခဲ့ပါတယ်။

play


ထိုအချက်အရ ကင်မ်ဂျုံအန်ရဲ့လေယာဉ်ကို တရုတ်လေတပ်မှ တိုက်လေယာဉ်တွေက လိုက်ပါ စောင့်ရှောက်ပေးခဲ့ပုံရကြောင်း ဆောင်းပါးရှင် Gao Zhuo က ပြောခဲ့ပါတယ်။ ကင်မ်ဂျုံအန်ကို ငှားရမ်းခဲ့တဲ့ Boeing လေယာဉ်ကြီးကို တည်ဆောက်ခဲ့စဉ်က လေယာဉ်အတွင်းပိုင်းမှာ လိုအပ်တဲ့ပစ္စည်းတွေနဲ့ ပြင်ဆင်မှုတွေကို တရုတ်အစိုးရက ထည့်သွင်းတပ်ဆင်ခဲ့ပါတယ်။

၂၀၀၁ ခုနှစ်မှာ သမ္မတကျန်ဇီမင်း အသုံးပြုတဲ့ Boeing 767 လေယာဉ်ကို ကုမ္ပဏီက လွှဲပြောင်းပေးခဲ့စဉ် လေယာဉ်အတွင်း အသံတွေကို ခိုးနားထောင်နိုင်တဲ့ ကိရိယာများ တပ်ဆင်ထားမှု ဖော်ထုတ်တွေ့ရှိခဲ့ရပြီးနောက်ပိုင်း တရုတ်အစိုးရက နိုင်ငံခေါင်းဆောင်တွေအတွက် လေယာဉ်မှာယူရာမှာ ၎င်းတို့ကိုယ်တိုင် အတွင်းပိုင်ပြင်ဆင်မှုတွေ လုပ်ဆောင်လာခဲ့တာလည်း ဖြစ်ပါတယ်။

play


တရုတ်ခေါင်းဆောင်တွေ အသုံးပြုတဲ့ လေယာဉ်တွေမှာ အလွန်အမင်း ထူးကဲသာလွန်တဲ့ အကောင်းစားပစ္စည်းများ ထည့်သွင်းတပ်ဆင်ထားလေ့မရှိဘူးလို့ ဆိုပါတယ်။ လက်ရှိသမ္မတ ရှီကျင်းပင် အသုံးပြုနေတဲ့ လေယာဉ်အတွင်းပိုင်း ဓာတ်ပုံတွေအရ စားပွဲနဲ့ထိုင်ခုံတွေဟာ စီးပွားဖြစ်လေကြောင်းလိုင်း လေယာဉ်တွေမှာထက် ပိုပြီး သက်သောင့်သက်သာ​​ရှိပုံရပေမဲ့လည်း အကောင်းစား ဇိမ်ခံပစ္စည်းအမျိုးအစားတွေ မဟုတ်ကြောင်းလည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD