AD
AD
AD

ကင်မ်ဂျုံအန်နဲ့ ထိပ်သီးဆွေးနွေးပွဲ သဘောတူညီချက်က မြောက်ကိုရီးယား နျူကလီးယားခြိမ်းခြောက်မှုကို အဆုံးသတ်စေခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဗုဒ္ဓဟူးနေ့ (ဇွန်လ ၁၃ ရက်) မှာ ဂုဏ်ယူဝင့်ကြွားစွာ ကြေညာလိုက်ပါတယ်။

play


သမ္မတထရန့်က ထိုသို့ ကြေညာပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်မ်ပီအိုကလည်း မြောက်ကိုရီးယားရဲ့ အရေးပါတဲ့ လက်နက်ဖျက်သိမ်းမှုကို လာမယ့် ၂၀၂၀ ခုနှစ်အကုန်မှာ အပြီးသတ် လုပ်ဆောင်မယ်လို့ မျှော်လင့်ကြောင်း မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။

ကင်မ်ဂျုံအန်နဲ့ ပူးတွဲသဘောတူညီချက်မှာ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေး အသေးစိတ်အစီအစဉ် မပါဝင်ခြင်းအပေါ် ဝေဖန်ပြောဆိုမှုတွေကို သမ္မတထရန့်က အရေးမပါတဲ့ အသံတွေလို့ တုံ့ပြန်ခဲ့ပါတယ်။

play


"မြောက်ကိုရီးယားထံကနေ နျူကလီးယားခြိမ်းခြောက်မှု နောက်ထပ် မရှိတော့ပါဘူး" လို့ ဇွန်လ ၁၃ ရက် မနက်ပိုင်း Twitter မှာ ဆက်တိုက် ထုတ်ပြန်ကြေညာမှုတွေ ရေးသားခဲ့ရာမှာ ထရန့်က ပြောထားပါတယ်။ "ကျွန်တော် အမေရိကန်သမ္မတအဖြစ် စပြီးတာဝန်ယူခဲ့တဲ့နေ့ကထက် အခု အများကြီး ဘေးကင်းလုံခြုံသွားပါပြီ၊ ဒီည ကောင်းကောင်းအိပ်နိုင်ပါပြီ" လို့လည်း သမ္မတထရန့်က ပြောထားပါသေးတယ်။

ထရန့်ကင်မ်တို့ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲကို ဇွန်လ ၁၂ ရက်က စင်ကာပူနိုင်ငံ ဆန်တိုဆာကျွန်းရှိ Capella ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။

play


ထိပ်သီးဆွေးနွေးပွဲမှာ နှစ်နိုင်ငံခေါင်းဆောင်တွေက ပူးတွဲသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ရာ ထိုသဘောတူညီချက်များအနက် ကင်မ်ဂျုံအန်က ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက် လုံးဝဖျက်သိမ်းရေး​ ၎င်းရဲ့ ကတိကဝတ်ကို အခိုင်အမာ ထပ်လောင်း ဖော်ပြထားကြောင်း သိရပါတယ်။

မြောက်ကိုရီးယားနဲ့ ထိပ်သီးဆွေးနွေးပွဲပြီးနောက် အမေရိကန်က တောင်ကိုရီးယားနဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်တော့မှာမဟုတ်ကြောင်းလည်း အစောပိုင်းမှာ ပြောထားခဲ့ပါတယ်။

ထရန့်နဲ့ကင်မ် လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီမှုမှ အဓိက အချက်များ

- အမေရိကန်နဲ့ မြောက်ကိုရီးယားတို့က နှစ်နိုင်ငံပြည်သူတွေရဲ့ ငြိမ်းချမ်းရေးနဲ့သာယာဝပြောရေး လိုအင်ဆန္ဒနဲ့အတူ အမေရိကန်-မြောက်ကိုရီးယား ဆက်ဆံရေးကဏ္ဍသစ် တည်ထောင်သွားရန် ကတိပြုပါတယ်။

- ကိုရီးယားကျွန်းဆွယ်မှာ ရေရှည်တည်တံပြီး တည်ငြိမ်မှုရှိတဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရန် နှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင်သွားပါမယ်။

- ဧပြီ ၂၇ ရက်၊ ၂၀၁၈ ခုနှစ် Panmunjom ကြေညာချက်မှာ ဖော်ပြထားခဲ့တဲ့အတိုင်း မြောက်ကိုရီးယားက ကိုရီးယားကျွန်းဆွယ်မှ နျူကလီးယားလက်နက် လုံးဝဖျက်သိမ်းရေး ကတိကဝတ်ကို အခိုင်အမာ ထပ်လောင်း အတည်ပြုပါတယ်။

- ကျန်ရှိနေသေးတဲ့ စစ်ပွဲကာလ အကျဉ်းသားတွေကို သတ်မှတ်အတည်ပြုရန်နဲ့ ယခင်ကတည်းက သတ်မှတ်အတည်ပြုပြီးသား စစ်ပွဲကာလ အကျဉ်းသားတွေကို ၎င်းတို့ နိုင်ငံများသို့ ချက်ချင်း ပြန်လည်ပို့ဆောင်ရန် အမေရိကန်နဲ့ မြောက်ကိုရီးယားက ကတိပြုကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD