AD
AD
AD

မြောက်ကိုရီးယားက အဓိကကျတဲ့ လက်နက်ဖျက်သိမ်းမှုကို ၂ နှစ်ခွဲကာလအတွင်း အပြီးသတ်ဆောင်ရွက်ရန် အမေရိကန်က မျှော်လင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်မ်ပီအိုက ဗုဒ္ဓဟူးနေ့ (ဇွန်လ ၁၃ ရက်) မှာ ပြောကြားလိုက်ပါတယ်။

play
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်မ်ပီအို


သမ္မတဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ စင်ကာပူနိုင်ငံမှာ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး နောက်တစ်ရက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ယခုလိုပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

စင်ကာပူထိပ်သီးဆွေးနွေးပွဲ သဘောတူညီချက်များအနက် ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက် လုံးဝဖျက်သိမ်းရေး လုပ်ဆောင်သွားရန် မြောက်ကိုရီးယားက သဘောတူညီခဲ့ပါတယ်။

play
ထရန့်နဲ့ကင်မ် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့စဉ်


သို့သော် အဆိုပါ သဘောတူညီချက်မှာ မြောက်ကိုရီးယားက မည်သည့်အချိန် သို့မဟုတ် မည်သည့်ပုံစံဖြင့် ၎င်းရဲ့ လက်နက်တွေကိုဖျက်သိမ်းသွားမယ်ဆိုတဲ့ အသေးစိတ်တွေ မပါဝင်ခြင်းအပေါ် ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တောင်ကိုရီးယားကိုရောက်ရှိစဉ် အဆိုပါ သဘောတူညီချက်နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။

play
ဒုံးကျည်လက်နက် စစ်ဆေးကြည့်ရှုနေသည့် ကင်မ်ဂျုံအန်


"အရေးပါတဲ့ လက်နက်ဖျက်သိမ်းမှုကို ၂ နှစ်ခွဲအတွင်း ပြီးမြေက်နိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်" လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။ မြောက်ကိုရီးယားအစိုးရအနေနဲ့ ၎င်းရဲ့ နျူကလီးယားလက်နက် ဖျက်သိမ်းမှုကို စစ်ဆေးအတည်ပြုမှု လိုအပ်ကြောင်း နားလည်ထားတယ်လို့ ယုံကြည်ကြောင်းလည်း မိုက်ခ်ပွန်မ်ပီအိုက ပြောခဲ့ပါတယ်။

play
ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့သည့် Capella ဟိုတယ်မှာတွေ့ရသည့် ထရန့်နဲ့ကင်မ်


အမေရိကန်သမ္မတထရန့်က မြောက်ကိုရီးယားရဲ့ နျူကလီးယားခြိမ်းခြောက်မှု မရှိတော့ကြောင်းနဲ့ လူတိုင်းအတွက် ယခင်ကထက် များစွာပိုမို ဘေးကင်းလုံခြုံသွားပြီလို့ ကြေညာခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ယခုမှတ်ချက် ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားနဲ့ ထိပ်သီးဆွေးနွေးပွဲပြီးနောက် အမေရိကန်က တောင်ကိုရီးယားနဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်တော့မှာမဟုတ်ကြောင်းလည်း အစောပိုင်းမှာ ပြောထားခဲ့ပါတယ်။

ထရန့်နဲ့ကင်မ် ထိပ်သီးဆွေးနွေးပွဲမှာ ပူးတွဲသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ရာ ထိုသဘောတူညီချက်များအနက် ကင်မ်ဂျုံအန်က ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက် လုံးဝဖျက်သိမ်းရေး​ ၎င်းရဲ့ ကတိကဝတ်ကို အခိုင်အမာ ထပ်လောင်း ဖော်ပြထားကြောင်း သိရပါတယ်။

ထရန့်နဲ့ကင်မ် လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီမှုမှ အဓိက အချက်များ

- အမေရိကန်နဲ့ မြောက်ကိုရီးယားတို့က နှစ်နိုင်ငံပြည်သူတွေရဲ့ ငြိမ်းချမ်းရေးနဲ့သာယာဝပြောရေး လိုအင်ဆန္ဒနဲ့အတူ အမေရိကန်-မြောက်ကိုရီးယား ဆက်ဆံရေးကဏ္ဍသစ် တည်ထောင်သွားရန် ကတိပြုပါတယ်။

- ကိုရီးယားကျွန်းဆွယ်မှာ ရေရှည်တည်တံပြီး တည်ငြိမ်မှုရှိတဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရန် နှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင်သွားပါမယ်။

- ဧပြီ ၂၇ ရက်၊ ၂၀၁၈ ခုနှစ် Panmunjom ကြေညာချက်မှာ ဖော်ပြထားခဲ့တဲ့အတိုင်း မြောက်ကိုရီးယားက ကိုရီးယားကျွန်းဆွယ်မှ နျူကလီးယားလက်နက် လုံးဝဖျက်သိမ်းရေး ကတိကဝတ်ကို အခိုင်အမာ ထပ်လောင်း အတည်ပြုပါတယ်။

- ကျန်ရှိနေသေးတဲ့ စစ်ပွဲကာလ အကျဉ်းသားတွေကို သတ်မှတ်အတည်ပြုရန်နဲ့ ယခင်ကတည်းက သတ်မှတ်အတည်ပြုပြီးသား စစ်ပွဲကာလ အကျဉ်းသားတွေကို ၎င်းတို့ နိုင်ငံများသို့ ချက်ချင်း ပြန်လည်ပို့ဆောင်ရန် အမေရိကန်နဲ့ မြောက်ကိုရီးယားက ကတိပြုကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD