AD
AD
AD

စင်ကာပူမှာပြုလုပ်ခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ ထိပ်သီးဆွေးနွေးပွဲမှ ရုပ်မြင်သံကြားမှတ်တမ်း ပုံရိပ်တစ်ခုကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ဝေဖန်ခံနေရတယ်လို့ ဆိုပါတယ်။

play
ဒေါ်နယ်ထရန့် ဝေဖန်ခံနေရသည့် ရုပ်သံမှတ်တမ်းပုံရိပ်


ဇွန်လ ၁၄ မှာ ထွက်ပေါ်လာခဲ့တဲ့ အဆိုပါ ရုပ်သံမှတ်တမ်းမှာ သမ္မတထရန့်က မြောက်ကိုရီးယား ဗိုလ်ချုပ်ကြီးတစ်ဦးကို အလေးပြုနေပြီး အာဏာရှင် ကွန်မြူနစ်နိုင်ငံရဲ့ ခေါင်းဆောင်ကင်မ်ဂျုံအန်က ကြည့်နေတာကို တွေ့ရပါတယ်။

တစ်မူထူးခြားနေတဲ့ အဆိုပါ အခိုက်အတန့်ကို မြောက်ကိုရီးယားအစိုးရ ရုပ်မြင်သံကြားသတင်းက ယမန်နေ့မှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။ ကင်မ်ဂျုံအန်က ထရန့်ကို ၎င်းရဲ့ ဗိုလ်ချုပ်ကြီးနဲ့ မိတ်ဆက်ပေးခဲ့တဲ့ မြင်ကွင်းကို မှတ်တမ်းတင်ထားတာလည်း ဖြစ်ပါတယ်။

play
စင်ကာပူမှာ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည့် ထရန်နဲ့ကင်မ်


ပုံမှန်အားဖြင့် ကင်မ်ဂျုံအန်က မိတ်ဆက်ပေးစဉ်မှာ မြောက်ကိုရီးယား ဗိုလ်ချုပ်ကြီးက ၎င်းကိုအလေးပြုတာမျိုး ဖြစ်သင့်ပေမဲ့ သမ္မတထရန့် ဗိုလ်ချုပ်ကြီးကို လက်မြှောက်အလေးပြုခဲ့တာ တွေ့ရပါတယ်။ ထိုမြင်ကွင်းကြောင့် ယခင်ကတည်းက ကင်မ်ဂျုံအန်နဲ့ ၎င်းရဲ့ အာဏာရှင်အစိုးရကို အလွန်အမင်း လိုက်လျောခဲ့ကြောင်း ထရန့်ကို ဝေဖန်နေကြသူတွေကြား ပြောစရာဖြစ်လာခဲ့ပါတယ်။

play
ဒီမိုကရက်တစ် လွှတ်တော်အမတ်က Twitter မှာ ရေးသားထားမှု


မြောက်ကိုရီးယားအစိုးရဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ များစွာကျူးလွန်ထားကြောင်း စွပ်စွဲခံထားရပါတယ်။ 'မြောက်ကိုရီးယားက ကျုပ်တို့သမ္မတကို သူတို့ရဲ့ ဝါဒဖြန့်မှုအတွက် အသုံးချခဲ့တာပဲ' လို့ ဒီမိုကရက်တစ် လွှတ်တော်အမတ် ခရစ်ဗန်ဟောလင်းက Twitter မှာ ပြောခဲ့ပါတယ်။

'ကင်မ်ဂျုံအန်က လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ကတိကဝတ်တွေ အကောင်အထည် မဖော်သေးပဲနဲ့ကို လိုက်လျောပေးမှု အထူးအခွင့်အရေးတွေ ရသွားခဲ့တယ်' လို့လည်း လွှတ်တော်အမတ်က ဝေဖန်ခဲ့ပါတယ်။

ဒ့ါအပြင် 'ကနေဒါ G7 ထိပ်သီးအစည်းအဝေးမှာတော့ ကျုပ်တို့ရဲ့ မဟာမိတ်တွေကို ခပ်တင်းတင်း ဆက်ဆံခဲ့တဲ့ ထရန့်က ကင်မ်ဂျုံအန်ကိုချီးမွှမ်းပြီး သူ့ဗိုလ်ချုပ်ကြီးတွေကို အလေးပြုနေတာ သိရမြင်ရတာ အော်ဂလီဆန်စရာပါပဲဗျာ' လို့လည်း ဒီမိုကရက်တစ် လွှတ်တော်အမတ်ခရစ်က ဝေဖန်ခဲ့ပါတယ်။

play
G7 ထိပ်သီးအစည်းအဝေး


ထရန့်ကိုဝေဖန်မှုတွေ ထွက်ပေါ်လာတာမှုအပေါ် အိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီး ဆာရာစန်ဒါးစ်ကတော့ 'သမ္မတထရန့်က ယဉ်ကျေးမှုအရ ထိုသို့ ပြုမူခဲ့ရုံမျှသာ ဖြစ်တယ်လို့' တုံ့ပြန်ခဲ့ပါတယ်။ 'ဒါက သာမန် လောကဝတ်တစ်ခုပါပဲ၊ အခြား နိုင်ငံက စစ်ဘက်အရာရှိတစ်ဦးက အလေးပြုတဲ့အခါ ပြန်ပြီး အလေးပြုရတာပဲပေါ့' လို့ ဆာရာက ပြောခဲ့ပါတယ်။

play
အိုဘားမားက ဂျပန်ဧကရာဇ်ကို ဦးညွတ်ဂါရဝပြုခဲ့စဉ်


ဒီမိုကရက်တစ် တစ်ဦးဖြစ်တဲ့ သမ္မတဟောင်း ဘာရတ်အိုဘားမားကိုလည်း ၂၀၀၉ ခုနှစ်က ဂျပန်ဧကရာဇ် အကီဟီတိုနဲ့တွေ့ဆုံစဉ် ဦးညွှတ်ဂါရဝပြုခဲ့တာကြောင့် အတိုက်အခံ ရီပတ်ဘလစ်ကင်တွေက ဝေဖန်ခဲ့ကြဖူးပါတယ်။ ထိုနှစ်အတွင်းမှာပင် အိုဘားမားက ဆော်ဒီဘုရင် အဗ္ဗဒူလာကို ဦးညွှတ်ဂါရဝပြုခဲ့ရာ ရှေးရိုးစွဲဝါဒီတွေက မီဒီယာမှာ ပြောဆိုဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

play
မရိန်းတပ်သားနှစ်ဦးကို ကော်ဖီခွက် ကိုင်ထားပြီး အလေးပြုခဲ့သည့် အိုဘားမား


ထို့နောက် ၂၀၁၄ ခုနှစ်အတွင်းမှာတော့ အိုဘားမားက Marine One ရဟတ်ယာဉ်ပေါ်မှဆင်းလာစဉ် မရိန်းတပ်ဖွဲ့ဝင်နှစ်ဦးက အလေးပြုခဲ့ရာမှာ ၎င်းက ကော်ဖီခွက်ကိုင်ထားတဲ့ လက်ကိုမြှောက်ပြီး ပြန်အလေးပြုခဲ့မှုကို အပြင်းအထန် ဝေဖန်ခဲ့ကြကြောင်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News


AD