AD
AD
AD

ထိုင်းနိုင်ငံမှာ ၂၀၀၉ ခုနှစ်နောက်ပိုင်း သေဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသားကို ပထမဆုံးအကြိမ် ကွပ်မျက်မှုပြုလုပ်ခဲ့ကြောင်း အကျဉ်းဦးစီးဌာနက ပြောပါတယ်။ လူသတ်လုယက်မှုကျူးလွန်ခဲ့သူ အသက် ၂၆ နှစ်အရွယ် သေဒဏ်ကျ အကျဉ်းသားကို ယမန်နေ့ (ဇွန်လ ၁၈ ရက်) မှာ ကွပ်မျက်ခဲ့တာ ဖြစ်ပါတယ်။

play


သီရာဆက်ခ်လောင်ဂျီ အမည်ရှိ လူသတ်တရားခံ အမျိုးသားကို ပြစ်မှုကျူးလွန်ခဲ့ပြီးနောက် ခြောက်နှစ်အကြာမှာ ဆေးထိုးကွပ်မျက်ခဲ့ကြောင်း ထိုင်းနိုင်ငံ အကျဉ်းဦးစီးဌာနက ဆိုပါတယ်။ အကျဉ်းသားကိုကွပ်မျက်မှုဟာ ထိုင်းစစ်တပ် အာဏာသိမ်းခေါင်းဆောင်နဲ့ လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံများသို့ ခရီးစဉ်သွားရောက်ရန် ပြင်ဆင်နေချိန်မှာလည်း ဖြစ်ပါတယ်။

play


ဝန်ကြီးချုပ်ပရာယွတ် အနေနဲ့ ထိုခရီးစဉ်အတွင်း သေဒဏ်စီရင်မှု အပါအဝင် ၂၀၁၄ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ထိုင်းနိုင်ငံရဲ့ လူ့အခွင့်အရေးကိစ္စတွေကို မေးခွန်းထုတ်ခံရဖွယ် ရှိနေကြောင်းလည်း ခန့်မှန်းကြပါတယ်။

"ကျွန်တော်တို့ သေဒဏ်စီရင်မှု ကျင့်သုံးနေဆဲပါ၊ ဒါကို ကျွန်တော်တို့ မပယ်ဖျက်သေးပါဘူး" တရားစီရင်ရေး ဝန်ကြီးဌာနမှ လက်ထောက် အမြဲတမ်းအတွင်းဝန် Tawatchai Thaikaew က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။ ဇွန်လ ၁၈ ရက်မှာ ပြုလုပ်ခဲ့တဲ့ ကွပ်မျက်မှုဟာ တရားဥပဒေအရ ဆောင်ရွက်မှုသာ ဖြစ်တယ်လို့လည်း ၎င်းက ဖြည့်စွက်ပြောပါတယ်။

play


ထိုင်းနိုင်ငံဟာ ကမ္ဘာမှာ အကျဉ်းသားဦးရေ အများဆုံးနိုင်ငံတွေအနက် ပါဝင်နေပါတယ်။ ၁၉၃၅ ခုနှစ်မှစပြီး အကျဉ်းသား ၃၂၅ ဦးကို ကွပ်မျက်ခဲ့ကြောင်းနဲ့ အများစုကို သေနတ်ဖြင့်ပစ်ခတ် ကွပ်မျက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ထို့နောက် ၂၀၀၃ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှာ သေဒဏ်စီရင်မှုကို ရပ်ဆိုင်းခဲ့ပါတယ်။

သို့သော် ၂၀၀၃ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ်ကြားမှာတော့ နောက်ထပ် အကျဉ်းသားခြောက်ဦးကို ဆေးထိုးကွပ်မျက်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဇွန်လ ၁၈ ရက် ကွပ်မျက်မှုဟာ ရာဇဝတ်ပြစ်မှုကြီးတွေ ကျူးလွန်လိုသူတွေနဲ့ ဥပဒေချိုးဖောက်သူတွေကို သင်ခန်းစာတစ်ခုအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းလည်း အကျဉ်းဦးစီးဌာနက ပြောပါတယ်။

play


ယခု ကွပ်မျက်ခံရတဲ့ အကျဉ်းသားဟာ မိုဘိုင်းဖုန်းနဲ့ပိုက်ဆံအိတ်ကို လုယူခြင်းမပြုမီ အသတ်ခံရသူကို ဓားဖြင့် ၂၄ ချက်ထိုးခဲ့ကြောင်း အကျဉ်းဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Amnesty International အပါအဝင် လူ့အခွင့်အရေးအုပ်စုတွေ့တော့ ထိုင်းနိုင်ငံမှာ သေဒဏ်စီရင်မှုတွေကို ကန့်ကွက်ကြပါတယ်။

တရားရေးဝန်ကြီးဌာနက Amnesty International ကို ပေးအပ်ခဲ့တဲ့ စာရင်းတွေအရ အမျိုးသမီး ၉၄ ဦး အပါအဝင် လူ ၅၁၀ ကို ယမန်နှစ် နှစ်ကုန်ပိုင်းမှာ သေဒဏ်ချမှတ်ခဲ့ကြောင်း သိရပါတယ်။ ၎င်းတို့အနက် ၂၀၀ နီးပါးဟာ နောက်ဆုံးအယူခံ မအောင်မြင်ခဲ့ကြဘူးလို့လည်း ဆိုပါတယ်။

အဆိုပါ သေဒဏ်ချမှတ်ခံရသူတွေအနက် ထက်ဝက်ကျော်ဟာ မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်နေတဲ့ ပြစ်မှုတွေကြောင့် ဖြစ်ပါတယ်။ သေဒဏ်ချမှတ်မှုကို အာရှဒေသရှိ စင်ကာပူ၊ အင်ဒိုနီးရှားနဲ့ တရုတ် အပါအဝင် နိုင်ငံအချို့မှာ ကျင့်သုံးနေဆဲဖြစ်ပြီး ကမ္ဘာပေါ်မှာ ကွပ်မျက်မှုအများဆုံးအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD