အာကာသပြိုင်ပွဲမှာ အမေရိကန်က အသာရနေစေရမယ်လို့ ထရန့်က ကြုံးဝါးလိုက်ပါတယ်။

သမ္မတဒေါ်နယ်ထရန့်က အမေရိကန်အာကာသလုပ်ငန်းတွေကို ပိုမိုတိုးမြှင့်လုပ်ဆောင်ကာ လနဲ့အင်္ဂါဂြိုဟ် အပါအဝင် အနာဂတ် အာကာသပြိုင်ပွဲမှာ အမေရိကန်က အသာရနေစေရမယ်လို့ ကြုံးဝါးလိုက်ပြီး ပင်တဂွန်စစ်ဌာနချုပ်ကိုလည်း အာကာသတပ်ဖွဲ့တစ်ဖွဲ့ အသစ်ဖွဲ့စည်းရန် ညွှန်ကြားလိုက်ကြောင်း သိရပါတယ်။



ထရန့်က "အမေရိကဟာ အာကာသနဲ့ပတ်သက်လို့ အမြဲတမ်း ပထမဆုံးဖြစ်နေမယ်" လို့ ဇွန်လ ၁၈ ရက်က အိမ်ဖြူတော်မိန့်ခွန်းတစ်ရပ်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ အိမ်ဖြူတော်ရှိ National Space Council မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးနဲ့ အာကာသမူဝါဒဆိုင်ရာညွန်ကြားချက် လက်မှတ်ရေးထိုးခဲ့စဉ် သမ္မတထရန့်က ပြောခဲ့တာဖြစ်ပါတယ်။

"ကျွန်တော်တို့ကို တရုတ်၊ ရုရှားနဲ့ အခြားနိုင်ငံတွေက ဦးဆောင်နေတာ မလိုချင်ပါဘူး၊ ကျွန်တော်တို့ကပဲ အမြဲဦးဆောင်ခဲ့ပါတယ်၊ ကျွန်တော့် အစိုးရအဖွဲ့က အမေရိကဟာ ကမ္ဘာပေါ်မှာ အာကာသနဲ့ပတ်သက်လို့ အတိုးတက်ဆုံး နိုင်ငံဆိုတဲ့ ဂုဏ်ပုဒ်အမွေကို ပြန်လည်ရယူသွားမှာပါ" လို့ သမ္မတထရန့်က ပြောခဲ့ပါတယ်။



တစ်ဆက်တည်းမှာပင် ထရန့်က ပင်တဂွန်စစ်ဌာနချုပ်ကိုလည်း အာကာသတပ်ဖွဲ့ အသစ်ဖွဲ့စည်းရန် ညွှန်ကြားလိုက်ပြီး ထိုတပ်ဖွဲ့ဟာ အမေရိကန်စစ်တပ်ရဲ့ ဆဌမမြောက်တပ်ဖွဲ့ ဖြစ်လာမယ်လို့ဆိုပါတယ်။ သို့သော် ထိုသို့ အာကာသတပ်ဖွဲ့ လက်တွေ့အကောင်အထည်ဖော် ဖွဲ့စည်းရန်အတွက် လွှတ်တော်ရဲ့အတည်ပြုချက် လိုအပ်မှာလည်းဖြစ်ပါတယ်။

အာကာသတပ်ဖွဲ့ စိတ်ကူးကို သမ္မတထရန့်က အစောပိုင်းမှာကတည်းကပင် ပြောဆိုမှုရှိခဲ့ပြီး ပင်တဂွန်စစ်ဌာနချုပ်မှာနဲ့ လွှတ်တော်အမတ်များကြားမှာ အငြင်းပွားစရာ ဖြစ်စေခဲ့တယ်လို့ဆိုပါတယ်။ ထရန့်ကတော့ "ကျွန်တော်တို့ လေတပ်ရှိတယ်၊ ပြီးတော့ ကျွန်တော်တို့ အာကာသတပ်လည်း ရှိမယ်လေ၊ သီးခြားစီးတော့ဖြစ်ပေမဲ့ အတူတူပဲပေါ့" လို့ ထရန့်ကပြောပါတယ်။



ပင်တဂွန်စစ်ဌာနချုပ်မှ ပြောခွင့်ရအမျိုးသမီး ဒန်နာဝှိုက်ကလည်း ၎င်းတို့အနေနဲ့ အာကာသတပ်ဖွဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးပြင်ဆင်မှုတွေ စတင်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ "လွှတ်တော်နဲ့ လုပ်ရမယ့်အပိုင်းကတော့ ဖြည်းဖြည်းချင်းသွားရမှာဖြစ်ပြီး အရေးပါသူတွေထံက သဘောတူညီမှုတွေနဲ့ပေါ့" လို့ ပင်တဂွန်ပြောခွင့်ရ အမျိုးသမီးက ပြောခဲ့ပါတယ်။

Share

Loading Next Article...
က္က