AD
AD
AD

အမေရိကန်နိုင်ငံက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်အဖြစ်မှ ဇွန်လ ၁၉ ရက်မှာ နုတ်ထွက်သွားကြောင်း သိရပါတယ်။ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်တွေဟာ သူတော်ကောင်းယောင်ဆောင်ထားကြောင်းနဲ့ အစ္စရေးနိုင်ငံကိစ္စမှာ နိုင်ငံရေးအရ ဘက်လိုက်မှုတွေရှိခဲ့ကြောင်းလည်း အမေရိကန်က ဝေဖန်ရှုတ်ချလိုက်ပါတယ်။

play
လုံခြုံရေးကောင်စီမှ အမေရိကန် နုတ်ထွက်ကြောင်း ကြေညာခဲ့သည့် နစ်ကီဟာလေးနှင့် မိုက်ခ်ပွန်မ်ပီအို


ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေးက ဝါရှင်တန်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်မ်ပီအိုနဲ့အတူ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန် နုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။

မက္ကစီနိုင်ငံဘက်ကနေ ရွှေ့ပြောင်းခိုလှုံလာတဲ့ မိဘနဲ့ကလေးတွေ သီးခြားခွဲထားမှုအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးတန်းအရာရှိတစ်ဦးက အမေရိကန်အစိုးရကို ဝေဖန်ပြေဆိုခဲ့ပြီးနောက် လူ့အခွင့်အရေးကောင်စီကနေ နုတ်ထွက်ကြောင်း အမေရိကန်ရဲ့ ကြေညာချက်ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

play
သမ္မတထရန့်နှင့် နစ်ကီဟာလေး


လူ့အခွင့်အရေးကောင်စီကို ပြုပြင်ပြောင်းလဲရန်နဲ့ ၎င်းတို့ကိုယ်တိုင် လူ့အခွင့်အရေးချိုးဖောက်နေတဲ့ အဖွဲ့ဝင် နိုင်ငံတွေကိုဖယ်ရှားရန် တစ်နှစ်ကြာ အားထုတ်ကြိုးပမ်းခဲ့ပြီးနောက် အမေရိကန်က ယခုလို ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

"ကောင်စီအနေနဲ့ လူ့အခွင့်အရေးကို အမှန်တစ်ကယ် အားပေးဆောင်ရွက်ဖို့အတွက် ဒီအပြောင်းအလဲတွေက လိုအပ်ပါတယ်" လို့ အမေရိကန်သံအမတ် ဟာလေးကဆိုပါတယ်။

play
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေး


"လူ့အခွင့်အရေးကောင်စီက လူ့အခွင့်အရေးချိုးဖောက်သူတွေကို အကာအကွယ်ပေးနေခဲ့တာ တော်တော်ကြာခဲ့ပြီး နိုင်ငံရေးအရ ဘက်လိုက်မှုတွေလည်းရှိခဲ့တယ်၊ အခုတော့ ကောင်စီပြုပြင်ပြောင်းလဲရေးအတွက် ကျွန်မတို့ တောင်းဆိုမှုကို ဂရုမပြုဘူးဆိုတာ ရှင်းသွားပါပြီ" လို့လည်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်က ပြောခဲ့ပါတယ်။

play
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ အယ်လ်ဟူစိန်


၂၀၀၆ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ဂျနီဗာမြို့အခြေစိုက် လူ့အခွင့်အရေးကောင်စီဟာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာဖြစ်နေတဲ့ နိုင်ငံတွေကို အဖွဲ့ဝင်အဖြစ် လက်ခံမှုအပေါ် ဝေဖန်ခံခဲ့ရပါတယ်။

အမေရိကန်က လူ့အခွင့်အရေးကောင်စီကနေ နုတ်ထွက်သွားခြင်းဟာ ကမ္ဘာတစ်ဝှမ်း လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး စောင့်ကြည့်ပြောဆိုနေတဲ့ ဆောင်ရွက်မှုတွေကို ထိခိုက်နိုင်ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက သုံးသပ်ကြပါတယ်။

play
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရတ်စ်


ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရတ်စ်ကလည်း ၎င်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ်မှတစ်ဆင့် ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်စေခဲ့ရာမှာ 'အမေရိကန်ကို လူ့အခွင့်အရေးကောင်စီမှာ ဆက်ရှိနေစေလိုကြောင်း' ပြောထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ အယ်လ်ဟူစိန်ကလည်း လူ့အခွင့်အရေးကောင်စီကနေ အမေရိကန် နုတ်ထွက်သွားခြင်းကို စိတ်ပျက်မိကြောင်း ပြောခဲ့ပါတယ်။ အမေရိကန်ရဲ့မဟာမိတ် အစ္စရေးနိုင်ငံကတော့ လူ့အခွင့်အရေးကောင်စီကနေ နုတ်ထွက်လိုက်တဲ့ အမေရိကန်ရဲ့ဆုံးဖြတ်ချက်ကို ချီးမွှမ်းခဲ့တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD