စာမေးပွဲဖြေဆိုရာမှာ မသမာတဲ့နည်းလမ်း အသုံးမပြုနိုင်စေရန် အင်တာနက်စနစ်ကို ဖြတ်တောက်ထားပါတယ်။

အယ်လ်ဂျီးရီးယားမှာ နိုင်ငံတစ်ဝှမ်း အထက်တန်းစာမေးပွဲများ ဖြေဆိုနေစဉ်အတွင်း မသမာတဲ့နည်းလမ်း အသုံးမပြုနိုင်စေရန် အင်တာနက်စနစ်ကို ဖြတ်တောက်ထားတယ်လို့ ဆိုပါတယ်။

အယ်လ်ဂျီးရီးယား ပညာရေးဝန်ကြီး နူရီယာဘင်ဂ်ဟာဘရစ်တ်



မိုဘိုင်းနဲ့ နေရာအရောက်တပ်ဆင်ထားတဲ့ အင်တာနက်ဝန်ဆောင်မှု နှစ်ခုလုံးကို စားမေးပွဲစတင်ပြီး တစ်နာရီကြာတဲ့အထိ ဖြတ်တောက်ထားမယ်လို့ သိရပါတယ်။ ထိုသို့ အင်တာနက်ဖြတ်တောက်မှုကို အယ်လ်ဂျီးယားမှာ အထက်တန်းစာမေးပွဲများ စစ်ဆေးနေတဲ့ ဇွန်လ ၂၀ ရက်မှ ၂၅ ရက်အထိ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။



အယ်လ်ဂျီးရီးယားမှာ ၂၀၁၆ ခုနှစ် အထက်တန်းစာမေးပွဲများ စစ်ဆေးခဲ့စဉ်က စာမေးပွဲမတိုင်မီနဲ့ စာမေးပွဲဖြေဆိုနေစဉ်အတွင်း အွန်လိုင်းမှာ မေးခွန်းများပေါက်ကြား ပျံ့နှံ့ခဲ့ဖူးပြီးနောက် သက်ဆိုင်ရာ အာဏာပိုင်တွေက ယခုကဲ့သို့ ဆောင်ရွက်လာခြင်းဖြစ်ပါတယ်။

ယမန်နှစ်က အထက်တန်းစာမေးပွဲများ စစ်ဆေးချိန်မှာ ဆိုရှယ်မီဒီယာများ အသုံးမပြုနိုင်အောင် ပိတ်ပင်ခဲ့သေးပေမဲ့ မသမာတဲ့နည်းဖြင့် စာမေးပွဲဖြေဆိုမှုတွေကို လုံလောက်တဲ့ ဟန့်တားမှုမပြုနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ ထို့ကြောင့် ယခုနှစ် အထက်တန်းစာမေးပွဲများ ဖြေဆိုနေစဉ်အတွင်း အင်တာနက်ဖြတ်တောက်ထားရန် စီစဉ်လာခဲ့တာလည်း ဖြစ်ပါတယ်။

စာမေးပွဲရက်များအတွင်း Facebook ကို တစ်နိုင်ငံလုံး အသုံးမပြုနိုင်အောင် ပိတ်ပင်ထားမယ်လို့ အယ်လ်ဂျီးရီးယား ပညာရေးဝန်ကြီး နူရီယာဘင်ဂ်ဟာဘရစ်တ်က Annahar သတင်းစာကို ပြောခဲ့ပါတယ်။



စာမေးပွဲဖြေဆိုနေစဉ် ကျောင်းသူကျောင်းသားတွေနဲ့ စာသင်ကျောင်းဝန်ထမ်းတွေရဲ့ အင်တာနက်ချိတ်ဆက်နိုင်တဲ့ အီလက်ထရောနစ် အသုံးအဆောင်အားလုံးကိုလည်း အသုံးမပြုရန် ပိတ်ပင်ထားကြောင်း သိရပါတယ်။

အယ်လ်ဂျီးရီးယားရှိ အထက်တန်းစာမေးပွဲများ ဖြေဆိုကြတဲ့ စာစစ်ဌာန ၂,၀၀၀ ရဲ့ ဝင်ပေါက်တွေမှာလည်း သတ္တုရှာဖွေရေးကိရိယာများ တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စာမေးပွဲမေးခွန်းများရိုက်နှိပ်တဲ့ ပုံနှိပ်စက်များမှာ စောင့်ကြည့်ကင်မရာတွေနဲ့ မိုဘိုင်းဖုန်းလိုင်းဖြတ်တောက်တဲ့ ကိရိယာများလည်း တပ်ဆင်ထားခဲ့ကြောင်း ပညာရေးဝန်ကြီးက ပြောပါတယ်။

အယ်လ်ဂျီးရီးယားမှာ အထက်တန်းစာမေးပွဲကို ကျောင်းသူကျောင်းသား ၇၀၀,၀၀၀ ဝင်ရောက်ဖြေဆိုကြပြီး ဇူလိုင်လ ၂၂ ရက်မှာ အောင်စာရင်းထွက်မယ်လို့ မျှော်လင့်ရကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က