အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟူရဲ့ဇနီး ဆာရာကို အစိုးရငွေများသုံးပြီး အစားအစာတွေ မှာယူခဲ့မှုအတွက် လိမ်လည်မှုဖြင့် စွဲချက်တင်လိုက်ကြောင်း တရားစီရင်ရေးဝန်ကြီးဌာနက ပြောပါတယ်။
(အစ္စရေးဝန်ကြီးချုပ်ရဲ့ဇနီး ဆာရာနက်တန်ယာဟူ)
ကြာသပတေးနေ့ (ဇွန်လ ၂၁ ရက်) မှာ အစ္စရေးဝန်ကြီးချုပ်ရဲ့ဇနီး ဆာရာကို စွဲချက်တင်ခဲ့တာဖြစ်ပြီး သူမက အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ ဖိုးရှိ ရာနဲ့ချီတဲ့ အစားအစာမျိုးစုံကို စားသောက်ဆိုင်တွေကနေ အိမ်အတွက်မှာယူခဲ့ရာမှာ အစိုးရငွေတွေသုံးစွဲခဲ့တယ်လို့ တရားရေးဌာနက ပြောထားပါတယ်။
ဆာရာနဲ့အတူ ဝန်ကြီးချုပ်ရုံး လက်ထောက် ညွန်ကြားရေးမှူးချုပ်ဟောင်း Ezra Seidoff ကိုလည်း စွဲချက်တင်ခဲ့ကြောင်း သိရပါတယ်။ ဝန်ကြီးချုပ်ရဲ့ဇနီး ဆာရာဟာ လိမ်လည်မှုနဲ့ ယုံကြည်မှုကိုချိုးဖောက်ခဲ့ကြောင်း တရားစီရင်ရေးဝန်ကြီးဌာနက မီဒီယာများသို့ ထုတ်ပြန်ခဲ့တဲ့ စွဲချက်တင်မှုမှာ ဖော်ပြထားပါတယ်။
(နက်တန်ယာဟူရဲ့ဇနီး ဆာရာ)
၎င်းကိုယ်တိုင်လည်း အဂတိလိုက်စားကြောင်း စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်နေတဲ့ အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟူကတော့ ၎င်းရဲ့ဇနီးအပေါ် စွပ်စွဲမှုတွေဟာ ရယ်စရာကောင်းပြီး အခြေအမြစ်မရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းမှာ ဝန်ကြီးချုပ်နက်တန်ယာဟူကို အမှုဖွင့်စုံစမ်းစစ်ဆေးရန် အစ္စရေးရှေ့နေချုပ်က ညွှန်ကြားချက်ထုတ်ခဲ့ဖူးပါတယ်။
ဒါ့အပြင် ယခုနှစ် ဖေဖေါ်ဝါရီလအတွင်းကလည်း ဝန်ကြီးချုပ် နက်တန်ယာဟူကို လာဘ်ငွေရယူမှု၊ လိမ်လည်မှုနဲ့ ယုံကြည်မှုဖောက်ဖျက်မှုတို့ဖြင့် စွဲချက်တင်ရန် လုံလောက်တဲ့ အထောက်အထားများရှိပြီး အဂတိလိုက်စားမှုဖြင့် စွဲချက်တင်သင့်ကြောင်း အစ္စရေးရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။