ဥရောပသမဂ္ဂက အခွန်ကောက်ခံမယ့် အမေရိကန်ထုတ်ကုန်တွေအနက် ဝီစကီနဲ့ ဆိုင်ကယ်များ ပါဝင်ပါတယ်။

ဥရောပသမဂ္ဂက သမ္မတဒေါ်နယ်ထရန့်ရဲ့ ကုန်သွယ်ရေးမူဝါဒကို တုံ့ပြန်တဲ့အနေဖြင့် အမေရိကန်ထုတ်ကုန်တွေကို သွင်းကုန်အခွန် စည်းကြပ်ကောက်ခံမှု စတင်သက်ဝင်ခဲ့ပြီလို့ သိရပါတယ်။

ဥရောပသမဂ္ဂဥက္ကဋ္ဌနှင့် ဒေါ်နယ်ထရန့်



ယူရို ၂.၈ ဘီလီယံ (ဒေါ်လာ ၂.၄ ဘီလီယံ) တန်ဖိုးရှိတဲ့ အမေရိကန်ထုတ်ကုန်တွေကို သွင်းကုန်အခွန် စည်းကြပ်ကောက်ခံမှု ယနေ့ (ဇွန်လ ၂၂ ရက်) မှာ စတင်သက်ရောက်ခဲ့ပါတယ်။

ဥရောပသမဂ္ဂက အခွန်ကောက်ခံမယ့် အမေရိကန်ထုတ်ကုန်တွေအနက် Bourbon ဝီစကီအရက်၊ Harley Davidson မော်တော်ဆိုင်ကယ်များနဲ့ လိမ္မော်ရည်ကဲ့သို့ ထုတ်ကုန်တွေပါဝင်ပါတယ်။

အမေရိကန်က ဥရောပသမဂ္ဂမှ တင်းသွင်းလာတဲ့ သံမဏိတွေကို ၂၅ ရာခိုင်နှုန်းနဲ့ အလူမီနီယံကို ၁၀ ရာခိုင်နှုန်း သွင်းကုန်အခွန်ကောက်ခံမှုအား ပြီးခဲ့တဲ့ မတ်လမှာ ကြေညာခဲ့ပါတယ်။

အမေရိကန်ထုတ် Harley Davidson မော်တော်ဆိုင်ကယ်များ



ထို့နောက် ဇွန်လ ၁ ရက်မှစပြီး ဥရေပသမဂ္ဂ၊ ကနေဒါ၊ မက္ကစီကိုနဲ့ အခြား အမေရိကန်ရဲ့ အနီးကပ်မဟာမိတ်တွေထံမှ တင်သွင်းတဲ့ သံမဏိနဲ့ အလူမီနီယံ သွင်းကုန်တွေကို အခွန်စည်းကြပ်ကောက်ခံမှု စတင်ခဲ့ကြောင်းသိရပါတယ်။

အမေရိကန်ရဲ့ သွင်းကုန်အခွန်ကောက်ခံမှုဟာ ဖြစ်သင့်မှုအားလုံးနဲ့ သမိုင်းကိုဆန့်ကျင်ရာရောက်ကြောင်း ဥရောပသမဂ္ဂဥက္ကဋ္ဌ ဂျိမ်းကလော်ဒီ ဂျန်ကာက ပြောခဲ့ပါတယ်။

ယနေ့ စတင်သက်ရောက်တဲ့ ဥရောပသမဂ္ဂက သွင်းကုန်အခွန်ကောက်ခံမယ့် အစီအစဉ်အရ အမေရိကန်ထုတ် Harley Davison မော်တော်ဆိုင်ကယ်များ၊ ဘယ်ရီသီးများနဲ့ မြေပဲထောပတ်တို့ကို သွင်းကုန်အခွန် ၂၅ ရာခိုင်နှုန်း သတ်မှတ်ကောက်ခံမှာ ဖြစ်ပါတယ်။

အမေရိကန် ဝီစကီအရက်များ



ဖိနပ်၊ အဝတ်အထည် အမျိုးအစားအချို့နဲ့ အဝတ်လျှော်စက်များကဲ့သို့ အမေရိကန်ထုတ်ကုန်တွေကိုတော့ ဥရောပသမဂ္ဂက ၅၀ ရာခိုင်နှုန်း သွင်းကုန်အခွန်ကောက်ခံမယ်လို့ ဆိုပါတယ်။

အမေရိကန်နဲ့ တရုတ်နိုင်ငံကြားမှာလည်း သွင်းကုန်အခွန်များ အပြန်အလှန် ကောက်ခံမှုတွေရှိနေပြီး ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုများ မြင့်တက်နေစဉ်မှာ ဥရောပသမဂ္ဂရဲ့ အမေရိကန်ထုတ်ကုန်တွေကို အခွန်စည်းကြပ်ကောက်ခံမှု စတင်သက်ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။

အမေရိကန်က ဒေါ်လာ ၅၀ ဘီလီယံ တန်ဖိုးရှိတဲ့ တရုတ်နိုင်ငံမှ တင်သွင်းကုန်တွေအပေါ် ၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ်ကောက်ခံမယ်လို့ ကြေညာထားပြီး တရုတ်က ဉာဏမူပိုင်ခွင့်တွေကို ခိုးယူနေကြောင်းလည်း စွပ်စွဲပြောကြားခဲ့ပါတယ်။

အမေရိကန်နဲ့ ဥရောပသမဂ္ဂ ကုန်သွယ်မှု



အမေရိကန်ကို တင်သွင်းနေတဲ့ တရုတ်ကုန်ပစ္စည်းအမျိုးအစား ၈၁၈ မျိုးကို လာမယ့် ဇူလိုင် ၆ ရက်မှစပြီး အခွန်ကောက်ခံသွားမယ်လို့ သိရပါတယ်။ အိမ်ဖြူတော်က သတင်းထုတ်ပြန်မှုအရ ဒေါ်လာ ၁၆ ဘီလီယံ တန်ဖိုးရှိတဲ့ အခြား တရုတ်ကုန်ပစ္စည်း ၂၈၄ မျိုးကိုလည်း အခွန်ကောက်ခံရန် စီစဉ်နေပြီး နောက်ပိုင်းမှာ အကောင်အထည်ဖော်သွားမယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံလည်း အမေရိကန်ကို တုံ့ပြန်မှုအဖြစ် ဒေါ်လာ ၅၀ ဘီလီယံ တန်ဖိုးရှိတဲ့ အမေရိကန်ထုတ်ကုန် ၆၅၉ မျိုးကို သွင်းကုန်စည်းကြပ် ကောက်ခံသွားမယ်လို့ ကြေညာထားပါတယ်။

တရုတ်သမ္မတရှီကျင်းပင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်



တရုတ်က ထိုသို့ တုံ့ပြန်မှုအပေါ် အမေရိကန်သမ္မတထရန့်က ဒေါ်လာ ၂၀၀ ဘီလီယံ တန်ဖိုးရှိတဲ့ တရုတ်ကုန်ပစ္စည်းတွေကို ၁၀ ရာခိုင်နှုန်း သွင်းကုန်အခွန် ကောက်ခံသွားမယ်လို့ ဇွန်လ ၁၈ ရက်မှာ  ခြိမ်းခြောက်လိုက်ပါတယ်။

လက်ရှိမှာ အမေရိကန်နဲ့ တရုတ်တို့ဟာ သွင်းကုန်အခွန်ကောက်ခံမှုတွေ အပြန်အလှန် သတ်မှတ် လုပ်ဆောင်နေကြပြီး ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နှစ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

 

Share

Loading Next Article...
က္က