အရပ်သားလေးဦး သေဆုံးခဲ့တဲ့ ဂျကာတာ အကြမ်းဖက်တိုက်ခိုက်မှုကို စီစဉ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၆ ခုနှစ်အတွင်း ဂျကာတာမြို့မှာ အကြမ်းဖက်တိုက်ခိုက်မှုကို နောက်ကွယ်မှ ကြိုးကိုင်စီစဉ်ခဲ့မှုဖြင့် ဘာသာရေးဆရာ အဘူရာဟ်မန်ကို အင်ဒိုနီးရှားအစိုးရက သေဒဏ်ချမှတ်လိုက်ပါတယ်။

အဘူရာဟ်မန်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စောင့်ကြပ်ခေါ်ဆောင်လာစဉ်



ယနေ့ (ဇွန်လ ၂၂ ရက်) သေဒဏ်ချမှတ်လိုက်တဲ့ အဘူရာဟ်မန်ဟာ အရပ်သားလေးဦးနဲ့ တိုက်ခိုက်သူလေးဦး သေဆုံးခဲ့ပြီး အခြား ၂၄ ဦး ဒဏ်ရာရခဲ့တဲ့ ဂျကာတာ အကြမ်းဖက်တိုက်ခိုက်မှုကို စီစဉ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က ဂျကာတာမြို့လယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုမှာ အကြမ်းဖက်သမားတွေက သေနတ်ဖြင့်ပစ်ခတ်မှုနဲ့ Starbucks ကော်ဖီဆိုင်တစ်ဆိုင်မှာ အသေခံဗုံးခွဲမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလမှာ ဖြစပ်ွားခဲ့သည့် ဂျကာတာမြို့ အကြမ်းဖက်တိုက်ခိုက်မှု



အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုကို ၎င်းတို့ လုပ်ဆောင်ခဲ့ကြောင်း အိုင်အက်စ်အကြမ်းဖက်အဖွဲ့က ပြောခဲ့ပါတယ်။ ယနေ့ သေဒဏ်ချမှတ်ခံရတဲ့ အသက် ၄၆ နှစ်အရွယ် ဘာသာရေးဆရာ အဘူရာဟ်မန်ဟာ အိုင်အက်စ်အဖွဲ့ကို အားပေးထောက်ခံကြောင်း ကြေညာထားသူဖြစ်ပြီး အင်ဒိုနီးရှားအခြေစိုက် အစွန်းရောက်အုပ်စုတစ်ခုရဲ့ ခေါင်းဆောင်လည်းဖြစ်ပါတယ်။

အဘူရာဟ်မန်ဟာ ၂၀၁၀ ခုနှစ်ကတည်းက ထောင်ဒဏ်ကျခံနေရသူဖြစ်ပေမဲ့ ၂၀၁၆ ဂျကာတာ အကြမ်းဖက်တိုက်ခိုက်မှုကို ၎င်းက အကျဉ်းထောင်ထဲကနေ စီစဉ်ခဲ့ကြောင်း တရားရုံးကြားနာစစ်ဆေးမှုမှာ တွေ့ရှိခဲ့ရပါတယ်။ ဂျကာတာမြို့လယ် အကြမ်းဖက်တိုက်ခိုက်မှုမှာ Starbucks ကော်ဖီဆိုင်နဲ့ ရဲတပ်ဖွဲ့ စစ်ဆေးရေးဂိတ်နေရာတို့မှာလည်း ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။

၂၀၁၆ ဂျကာတာမြို့လယ် အကြမ်းဖက်တိုက်ခိုက်မှု မြင်ကွင်း



အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့နေရာဟာ ဂျကာတာမြို့လယ်ရှိ အရောင်းအဝယ်နဲ့ စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံခြားသံရုံးများနဲ့ ကုလသမဂ္ဂရုံးတို့နဲ့ နီးကပ်ကြောင်းလည်း သိရပါတယ်။ အကြမ်းဖက်သမားတွေက Starbucks ကော်ဖီဆိုင်ဖွင့်ထားတဲ့ အဆောက်အအုံထဲကို ဝင်ရောက်ပုန်းအောင်းခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာချိန်မှာ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်မှုအတွင်း အကြမ်းဖက်သမားနှစ်ဦး သေဆုံးခဲ့ပြီး အခြားနှစ်ဦးက အသေခံဗုံးခွဲသွားခဲ့ကြောင်း သိရပါတယ်။ အဘူရာဟ်မန်ကို ယနေ့ သေဒဏ်ချမှတ်ရာမှာ တရားသူကြီးတွေက ၎င်းဟာ အကြမ်းဖက်တိုက်ခိုက်မှုကို စီစဉ်လုပ်ဆောင်ခဲ့မှုအတွက် ပြစ်မှုထင်ရှားတယ်လို့ ပြောခဲ့ပါတယ်။

အဘူရာဟ်မန်ကို တရားခွင်မှာ တွေ့ရစဉ်



သေဒဏ်ချမှတ်ခံရတဲ့ အဘူရာဟ်မန်ကတော့ ဂျကာတာ အကြမ်းဖက်တိုက်ခိုက်မှုအတွက် ၎င်းမှာ အပြစ်မရှိကြောင်း၊ ၎င်းရဲ့နောက်လိုက်တွေကို ဆီးရီးယားသို့သွားရောက်ပြီး အိုင်အက်စ်နဲ့အတူ ပါဝင်တိုက်ခိုက်ကြရန်သာ လှုံ့ဆော်ပြောကြားခဲ့ကြောင်းနဲ့ အင်ဒိုနီးရှားမှာ တိုက်ခိုက်မှုပြုလုပ်ရန် စီစဉ်ညွှန်ကြားခဲ့ခြင်းမရှိကြောင်း လျှောက်လဲထွက်ဆိုခဲ့ပါတယ်။

အဘူရာဟ်မန်ဟာ အင်ဒိုနီးရှားအခြေစိုက် Jemaah Ansharut Daulah (JAD) အစွန်းရောက်အုပ်စုကို ဦးဆောင်သူဖြစ်ပြီး ထိုအုပ်စုက အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို သစ္စာခံကြောင်း ပြောထားပါတယ်။

မွတ်စလင်မ်အများစု နေထိုင်ကြတဲ့ အင်ဒိုနီးရှားမှာ အစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုတွေ ယခင်ကတည်းက ရှိခဲ့ဖူးပေမဲ့ ဂျကာတာမြို့လယ်ဖြစ်ရပ်မှာ အိုင်အက်စ်အဖွဲ့ရဲ့ ပထမဆုံး အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ခဲ့ပါတယ်။

ဆူရာဘာယာမြို့ရှိ ခရစ်ယာန် ဘုရားကျောင်းမှာ အသေခံဗုံးပေါက်ကွဲမှု



ယခုနှစ် မေလ ၁၃ ရက်နဲ့ ၁၄ ရက်တို့မှာလည်း အင်ဒိုနီးရှားရဲ့ ဒုတိယအကြီးဆုံးမြို့ ဆူရာဘာယာရှိ ခရစ်ယာယန်ဘုရားကျောင်းသုံးခုနဲ့ ရဲစခန်းတစ်ခုတို့ကို အသက် ၉ နှစ်နဲ့ ၁၂ နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦး အပါအဝင် မိသားစုနှစ်ခုက မိသားစုလိုက် အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဆူရာဘာယာ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေဟာ ၂၀၀၅ ခုနှစ် ဘာလီကျွန်း အကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်း အင်ဒိုနီးရှားမှာ လူသေဆုံးမှုအများဆုံးလည်း ဖြစ်လာခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်က ဘာလီကျွန်းမှာ ဖြစ်ပွားခဲ့တဲ့ အသေခံ ဗုံးခွဲမှုတွေကြောင့် လူ ၂၀ သေဆုံးခဲ့ပါတယ်။

ဆူရာဘာယာမြို့မှာ ဗုံးပေါက်ကွဲခဲ့သည့် နေရာကို သမ္မတဂျိုကိုဝီ (အင်္ကျီအဖြူ) လာရောက်ကြည့်ရှုစဉ်



အင်ဒိုနီးရှားမှာ လူသေဆုံးမှုအများဆုံး အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် ကကကကက၂၀၀၂ ခုနှစ်က ဘာလီကျွန်းမှာ ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး နိုင်ငံခြားသား အများအပြား အပါအဝင် လူ ၂၀၂ ဦး သေဆုံးခဲ့ပါတယ်။

အစ္စလာမ်မစ်အစွန်းရောက်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ကာရှည်ကြာ ရုန်းကန်နေရတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ဆူရာဘာယာမြို့ အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် မေလ ၂၅ ရက်မှာတော့ ပိုမိုပြင်းထန်တဲ့ အကြမ်းဖက်မှုဆိုင်ရာ ဥပဒေသစ်ကို လွှတ်တော်က အတည်ပြု ပြဌာန်းလိုက်ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က