ရာနဲ့ချီတဲ့ ကယ်ဆယ်ရေးသမားတွေက ရှာဖွေကယ်ဆယ်နိုင်ရန် ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့နယ်စပ်အနီး ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ဂူတစ်ခုအတွင်း ပိတ်မိပျောက်ဆုံးနေတဲ့ ဆယ်ကျော်သက်လူငယ် ၁၂ ဦးနဲ့ ၎င်းတို့ရဲ့ ဘောလုံးအသင်းနည်းပြတို့ကို ရာနဲ့ချီတဲ့ ကယ်ဆယ်ရေးသမားတွေက ယနေ့ (ဇွန်လ ၂၆ ရက်) မှာလည်း ရှာဖွေကယ်ဆယ်နိုင်ရန် ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။



အဆိုပါ လူငယ်အုပ်စုဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းဒေသ မယ်ဆိုင်မြို့ရှိ ဒွိုင်းနန်းနွန်းတောင်ခြေအနီး ဂူတစ်ခုအတွင်းမှာ ဇွန်လ ၂၃ ရက်ကတည်းက ပိတ်မိနေခဲ့ကြတယ်လို့ ဆိုပါတယ်။ ၎င်းတို့ ဂူအတွင်းပိတ်မိခဲ့စဉ်မှာ မိုးသည်းထန်စွာ ရွာသွန်းနေခဲ့ချိန်လည်း ဖြစ်တယ်လို့ သိရပါတယ်။


 ဂူအတွင်း ရေများဝင်ရောက်မှုကြောင့် ပိတ်မိနေသူတွေရဲ့ အခြေအနေကို စိုးရိမ်မှုတွေရှိလာခဲ့ပါတယ်။ မယ်ဆိုင်ဂူအတွင်း ပိတ်မိနေခဲ့တဲ့ လူငယ်များဟာ အသက် ၁၁ နှစ်နဲ့ ၁၆ နှစ်ကြားအရွယ်တွေဖြစ်ပြီး ၎င်းတို့ရဲ့ အသက် ၂၅ နှစ်အရွယ် ဘောလုံးနည်းပြနဲ့အတူ Tham Luang Nang Non ဂူထဲကိုဝင်ရောက်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။


ကယ်ဆယ်ရေးသမားတွေက ၃ မိုင်မှ ၆ မိုင်အထိရှည်လျားတဲ့ ဂူအတွင်း ဝင်ရောက်ရှာဖွေခဲ့ကြရာ စက်ဘီးများ၊ ဖိနပ်များနဲ့ ခြေရာများကို တွေ့ခဲ့ရတယ်လို့ အာဏာပိုင်တစ်ဦးက AFP သတင်းဌာနကို ပြောပါတယ်။ အဆိုပါအုပ်စုဟာ ဂူအတွင်းရောက်ရှိနေစဉ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဂူပေါက်ဝမှာ ရေလွှမ်းမိုးသွားခဲ့ရာက ဂူအတွင်းပိတ်မိနေခဲ့ကြတယ်လို့ ကယ်ဆယ်ရေးသမားတွေက ယူဆထားပါတယ်။


"ကျွန်တော်တို့ ဒီတောင်တစ်ဝိုက် နေရာတွေကို လေ့လာနေပြီး သူတို့ပိတ်မိနေတဲ့ဂူမှာ နောက်ထပ် ထွက်ပေါက် သို့မဟုတ် ဝင်ပေါက်ရှာဖွေဖို့ ကြိုးစားသွားမှာပါ" လို့ ချင်းရိုင်းဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Narongsak Osottanakorn က ပြောပါတယ်။

သို့သော် Tham Luang Nang Non ဂူနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ ခြောက်နှစ်ကြာ လေ့လာခဲ့ဖူးတဲ့ ကျွမ်းကျင်သူတစ်ဦးကတော့ အဆိုပါဂူမှာ လက်ရှိ ရေလွှမ်းမိုးနေတဲ့ ဝင်ပေါက်တစ်ခုတည်းသာရှိကြောင်း ပြောခဲ့ပါတယ်။



လူငယ် ၁၂ ဦးနဲ့ ဘောလုံးနည်းပြတို့ဟာ ဇွန်လ ၂၃ ရက်က ဘောလုံးလေ့ကျင့်ပြီးနောက် အဆိုပါဂူအတွင်းကို ဝင်ရောက်သွားခဲ့ကြတာ ဖြစ်ပါတယ်။ လူငယ်တစ်ဦးရဲ့ မိခင်က သားဖြစ်သူ အိမ်ပြန်မလာကြောင်း စတင်ပြောခဲ့ရာမှာ အုပ်စုလိုက်ပျောက်ဆုံးနေကြောင်း သိရှိခဲ့ကြပါတယ်။

Tham Luang Nang Non ဂူဟာ ကမ္ဘာလှည့်ခရီးသည်လာရောက်မှုများပြားသလို ပြည်တွင်းနေသူတွေလည်း ဂူအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များကို လာရောက်ဖူးမြှော်လေ့ရှိကြောင်း သိရပါတယ်။ အဆိုပါဂူဟာ မိုးရာသီမှာ ၁၆ ပေအထိ ရေကြီးမှုဖြစ်နိုင်ကြောင်းလည်း ရဲအရာရှိ Komsan Saardluan က ဆိုပါတယ်။

Share

က္က