ပစ်ခတ်ခံရသူတွေဟာ အသက် ၆၀ နဲ့ ၈၀ နှစ်ကြားအရွယ် မောင်နှမလေးဦး ဖြစ်ပါတယ်။

ဟောင်ကောင်မှာ ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အသက်အရွယ်ကြီးသူ မောင်နှမလေးဦးအနက် တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရခဲ့ပါတယ်။ ဟောင်ကောင်ရှိ Quarry Bay ပန်းခြံမှာ ယနေ့ (ဇွန်လ ၂၆ ရက်) ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှ ကျူးလွန်ခဲ့သူ အမျိုးသမီးကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

ပစ်ခတ်မှုကျူးလွန်ခဲ့သည့် အမျိုးသမီးကို ဖမ်းဆီးလာစဉ်



South China Morning Post (SCMP) သတင်းမှာ ဖော်ပြထားမှုအရ Taikoo Shing အိမ်ယာအပြင်ဘက်ရှိ ပန်းခြံမှာ ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီဝန်းကျင်က ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အမျိုးသမီးတစ်ဦးက သေနတ်အတိုတစ်လက်ဖြင့် အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားနှစ်ဦးကို ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ပစ်ခတ်မှုကျူးလွန်ခဲ့တဲ့ အသက် ၄၄ နှစ်အရွယ် အမျိုးသမီးကို ပန်းခြံအနီးရှိ ရုံးခန်းနဲ့ ဈေးဆိုင်များပါဝင်တဲ့ Cityplaza မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ အခင်းဖြစ်နေရာမှာ သေနတ်အတိုတစ်လက်ကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

ဒဏ်ရာရခဲ့သူတစ်ဦးကို ဆေးရုံသို့ ပို့ဆောင်စဉ်



ယခုဖြစ်ရပ်ဟာ ကြုံရာလူကို ပစ်ခတ်ခဲ့မှု မဟုတ်ကြောင်းနဲ့ အကြမ်းဖက်တိုက်ခိုက်မှုလည်း မဟုတ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ရတဲ့ အကြောင်းရင်းကို ရှင်းလင်းစွာ မသိရသေးပေမဲ့ ပစ်ခတ်မှုကျူးလွန်တဲ့ အမျိုးသမီးဟာ သေနတ်ဒဏ်ရာရခဲ့သူတွေနဲ့ တူမ တော်စပ်ကြောင်း သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် Quarry Bay ပန်းခြံမှာ တွေ့ရသည့် ဟောင်ကောင်ရဲများ



ပစ်ခတ်ခံရသူတွေဟာ အသက် ၆၀ နဲ့ ၈၀ နှစ်ကြားအရွယ် မောင်နှမလေးဦး ဖြစ်ပါတယ်။ SCMP သတင်းမှာ ဖော်ပြထားမှုအရ အကြီးဆုံး အမဖြစ်သူဟာ ဦးခေါင်းကို ပစ်ခတ်ခံခဲ့ရပြီး မောင်ဖြစ်သူတစ်ဦးဟာလည်း ဦးခေါင်းမှာ သေနတ်ဒဏ်ရာရခဲ့ပါတယ်။

နောက်ထပ် မောင်ဖြစ်သူနဲ့ ညီမတို့ကတော့ ပခုံးနဲ့လက်တို့မှာ သေနတ်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ ဦးခေါင်းကို ပစ်ခတ်ခံခဲ့ရတဲ့ အသက် ၈၀ အရွယ် အကြီးဆုံ အမဖြစ်သူဟာ ဆေးရုံရောက်ပြီးနောက် သေနတ်ဒဏ်ရာကြောင့် သေဆုံးသွားခဲ့ပါတယ်။

ပစ်ခတ်မှုဖြစ်ပွားသည့်နေရာအနီး တွေ့ရသည့် အရေးပေါ်ကားများ



ဒဏ်ရာရခဲ့သူလေးဦးလုံးကို ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး သတိကောင်းစွာရှိနေတဲ့ အခြေအနေဖြစ်ကြောင်းလည်း သိရပါတယ်။ ဟောင်ကောင်မှာ ပစ်ခတ်မှုနဲ့ သေနတ်နဲ့ဆက်နွယ်တဲ့ ရာဇဝတ်မှုများ ဖြစ်ပွားလေ့မရှိဘဲ လမ်းမပေါ် ရာဇဝတ်မှုဖြစ်ပွားနှုန်းလည်း နည်းပါးပါတယ်။

၂၀၁၇ ခုနှစ်အတွင်း ဟောင်ကောင်မှာ လူ ၁၀၀,၀၀၀ လျှင် ရာဇဝတ်မှု ၇၅၈ မှုနှုန်းသာဖြစ်ခဲ့ပြီး လုံခြုံမှုရှိခဲ့ကြောင်း ဟောင်ကောင်ခေါင်းဆောင် Carrie Lam က ပြောပါတယ်။

ဟောင်ကောင်ခေါင်းဆောင် Carrie Lam



"သေနတ်ပစ်ခတ်မှုနဲ့ တိုက်ခိုက်မှုတွေက ဟောင်ကေင်မှာ အရမ်း အရမ်းကို ရှားပါးတဲ့ဖြစ်ရပ်ပါ၊ ဒါကြောင့် သေနတ်နဲ့ပစ်ပြီး ပြည်သူတွေ ထိခိုက်ဒဏ်ရာရစေခဲ့တဲ့ အခု အမှုကိစ္စကို ကျွန်မတို့ အလေးထား ကိုင်တွယ်ဆောင်ရွက်သွားမှာပါ" လို့ သူမက ဆိုပါတယ်။

ဟောင်ကောင်ဥပဒေအရ ခွင့်ပြုချက်မရှိဘဲ သို့မဟုတ် ရောင်းချသူရဲ့ လိုင်စင်မရှိဘဲ လက်နက်ကိုင်ဆောင်ခွင့် မပြုထားကြောင်း သိရပါတယ်။ ဟောင်ကောင်မှာ ယခုနှစ် မတ်လအတွင်းက အရက်မူးနေသူ အမျိုးသားတစ်ဦးက ရဲတပ်ဖွဲ့ဝင်တစ်ဦးထံမှ သေနတ်လုယူပြီး ပစ်ခတ်မှုကြောင့် ရဲအရာရှိနှစ်ဦး ဒဏ်ရာရခဲ့ဖူးကြောင်း SCMP သတင်းက ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က