မလေးရှားဝန်ကြီးချုပ်ဟောင်း နဂျစ်ရာဇက်ခ်နဲ့ ၎င်းရဲ့ဇနီး ရို့စ်မာမန်ဆာတို့နဲ့ ဆက်နွယ်နေတဲ့ နေရာများမှ သိမ်းဆည်းခဲ့တဲ့ လက်ဝတ်ရတနာများ၊ တန်ဖိုးကြီးလက်ကိုင်အိတ်များနဲ့ ငွေသားပမာဏဟာ အမေရိကန်ဒေါ်လာ ၂၇၃ သန်း (မလေးရှားရင်းဂစ်ငွေ ၁.၁ ဘီလီယံ) အထိ တန်းဖိုးရှိကြောင်း ရဲတပ်ဖွဲ့က ယနေ့ (ဇွန်လ ၂၇ ရက်) မှာ တရားဝင် ထုတ်ဖော်ပြောကြားပါတယ်။

(ဇွန်လ ၂၇ ရက်မှာ ပြုလုပ်သည့် CCID သတင်းစာရှင်းလင်းပွဲ)

နဂျစ်နဲ့ ဆက်နွယ်နေတဲ့ နေရာတွေကို စီးနင်းရှာဖွေမှုဟာ ၎င်းတည်ထောင်ခဲ့ပြီး ငွေကြေးအရှုပ်အထွေးများ ပေါ်ပေါက်ခဲ့တဲ့ 1Malaysia Development Berhad (1MDB) ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီနဲ့ ပတ်သက်နေကြောင်း သိရပါတယ်။ဝန်ကြီးချုပ်ဟောင်းနဂျစ်နဲ့ ဆက်နွယ်နေတဲ့ နေရာခြောက်ခုကို မေလအတွင်း စီးနင်းရှာဖွေခဲ့မှုအတွင်း မလေးရှားရင်းဂစ် သန်း ၉၀၀ မှ ၁.၁ ဘီလီယံကြား တန်ဖိုးရှိတဲ့ ငွေသားနဲ့ အဖိုးတန်ပစ္စည်းတွေကို သိမ်းဆည်းခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့ရဲ့ စီးပွားရေးရာဇဝတ်မှုဆိုင်ရာဌာန (Commercial Crime Investigation Department - CCID) မှ အကြီးအကဲ အေမာဆင်းဂ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

သိမ်းဆည်းခဲ့သည့် လက်ဝတ်ရတနာများ မှတ်တမ်းဓာတ်ပုံ



ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့စဉ်က နဂျစ်ရဲ့ တရားဝင်လစာဟာ အမေရိကန်ဒေါ်လာ ၅,၆၇၀ (မလေးရှားရင်းဂစ် ၂၂,၈၂၇) ဖြစ်တယ်လို့ ဆိုပါတယ်။ သိမ်းဆည်းခဲ့တဲ့ ငွေသားပမာဏဟာ ရင်းဂစ် ၁၁၆ သန်းဖြစ်ပြီး လက်ဝတ်ရတနာတွေကတော့ ရင်းဂစ် ၄၄၂ သန်း တန်ဖိုးရှိကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။လက်ရှိ ကာလပေါက်ဈေးအရ အဆိုပါ လက်ဝတ်ရတနာတွေရဲ့ တန်ဖိုးဟာ ရင်းဂစ် သန်း ၆၆၀ နဲ့ သန်း ၈၈၀ ကြားဖြစ်ကြောင်းလည်း မလေးရှားရဲတပ်ဖွဲ့က ဆိုပါတယ်။ သိမ်းဆည်းရမိခဲ့တဲ့ ငွေသားများအနက် မတူညီတဲ့ နိုင်ငံသုံးငွေ ၂၆ မျိုး ပါဝင်ကြောင်းလည်း သိရပါတယ်။

နဂျစ်နှင့် ဇနီး ရို့စ်မာမန်ဆာ



မလေးရှားအာဏာပိုင်တွေက အဆိုပါငွေများကို ရေတွက်ရန်အတွက် Bank Negara မှ ဝန်ထမ်း ၂၂ ဦးနဲ့ ငွေရေစက်ခြောက်ခု အသုံးပြုပြီး သုံးရက်ကြာရေတွက်ခဲ့ရပါတယ်။ ဝန်ကြီးချုပ်ဟောင်းနဂျစ်နဲ့ ဆက်နွယ်နေတဲ့ နေရာတွေကို စီးနင်းရှာဖွေမှုအတွင်း လက်ဝတ်ရတနာ ၁၂,၀၀၀ ကို သိမ်းဆည်းခဲ့ကြောင်းလည်း မလေးရှားရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲမှာတွေ့ရသည့် CCID အကြီးအကဲ အေမာဆင်းဂ်



သိမ်းဆည်းခဲ့တဲ့ လက်ဝတ်ရတနာတွေအနက် ဆွဲကြိုး ၁,၄၀၀၊ လက်စွပ် ၂,၂၀၀၊ နားကပ်အရံ ၂,၈၀၀၊ လက်ကောက် ၂,၁၀၀၊ ရင်ထိုး ၁,၆၀၀ နဲ့ သရဖူ ၁၄ ခု ပါဝင်ပါတယ်။ လက်ဝတ်ရတနာတွေအနက် တန်ဖိုးအကြီးဆုံးမှာ စိန်ပွင့်များဖြင့် အလှဆင်ထားတဲ့ ရွှေဆွဲကြိုးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁.၅ သန်း (မလေးရှားရင်းဂစ် ၆.၄ သန်း) တန်ဖိုးရှိကြောင်း သိရပါတယ်။

CCID သတင်းစာရှင်းလင်းပွဲ



မလေးရှားရဲတပ်ဖွဲ့က နဂျစ်နဲ့ဆက်နွယ်တဲ့ နေရာတွေကနေ လက်ကိုင်အိတ် ၅၆၇ လုံးကိုလည်း သိမ်းဆည်းခဲ့ပြီး ၎င်းတို့အနက် ၂၇၂ လုံးဟာ ကမ္ဘာကျော် တန်ဖိုးကြီး Hermes အမှတ်တံဆိပ်တွေဖြစ်ပါတယ်။ Hermes လက်ကိုင်အိတ်တစ်လုံးရဲ့ တန်ဖိုးဟာ ရင်းဂစ် ၅၁.၃ သန်းဖြစ်တယ်လို့ ဆိုပါတယ်။ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့တဲ့ လက်ကိုင်အိတ်တွေမှာ Prada, Chanel, Judith Leiber နဲ့ Kwanpen အပါအဝင် အမှတ်တံဆိပ် ၇၂ မျိုးကျော် ပါဝင်ကြောင်းလည်း သိရပါတယ်။ ဒါ့အပြင် Rolex နဲ့ Chopard အပါအဝင် အမျိုးအစား ၁၀၀ ကျော်ပါဝင်တဲ့ လက်ပတ်နာရီ ၄၂၃ လုံးကိုလည်း သိမ်းဆည်းခဲ့ပြီး ရင်းဂစ် ၇၈ သန်း တန်ဖိုးရှိကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။


နာရီများအနက် Rolex Paul Newman Daytona အမျိုးအစား နာရီဟာ တန်ဖိုးအကြီးဆုံးဖြစ်ပြီး ရင်းဂစ် ၃.၅ သန်း ဖြစ်တယ်လို့ CCID အကြီးအကဲ အေမာဆင်းဂ်က ဆိုပါတယ်။ အခြား Chopard အမှတ်တံဆိပ် နာရီသုံးလုံးမှာ ရင်းဂစ် ၂.၅ သန်း တန်ဖိုးရှိပြီး Richard Mille နာရီတစ်လုံးကတော့ ရင်းဂစ် ၁.၆ သန်းတန်တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့က စီးနင်းမှုအတွင်း အမှတ်တံဆိပ် ၃၄ မျိုးပါဝင်တဲ့ မျက်မှန် ၂၃၄ လက်ကိုလည်း သိမ်းဆည်းခဲ့ပြီး တန်ဖိုးအားဖြင့် ရင်းဂစ် ၃၇၄,၀၀၀ ဖြစ်တယ်လို့ဆိုပါတယ်။ သိမ်းဆည်းခဲ့တဲ့ ပစ္စည်းတွေအနက် အချို့ဟာ လက်ဆောင်ပေးခြင်းဖြစ်ပြီး မည်သူကပေးထားကြောင်း သိရှိရန်လိုအပ်ကြောင်းလည်း အေမာဆင်းဂ်က ပြောခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်းနဂျစ်က သိမ်းဆည်းခဲ့တဲ့ ငွေသားနဲ့ ပစ္စည်းတွေကို တန်ဖိုးသတ်မှတ်မှုဟာ နိုင်ငံရေးအရ တုံ့ပြန်မှုအဖြစ် အမှန်တစ်ကယ်ထက် ပိုသာစွာ သတ်မှတ်ထားခြင်းဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

နဂျစ်နဲ့ဆက်နွယ်တဲ့ ကွန်ဒိုတိုက်ခန်းမှ သိမ်းဆည်းခဲ့သည့် အိတ်များ



ဝန်ကြီးချုပ်ဟောင်းနဂျစ်ရဲ့ နေအိမ်နဲ့ ၎င်းနဲ့ဆက်နွယ်နေတဲ့ နေရာများမှ သိမ်းဆည်းခဲ့တဲ့ ငွေသားနဲ့ အဖိုးတန်ပစ္စည်းတွေကို ရေတွက်ခြင်းနဲ့ တန်ဖိုးသတ်မှတ်ခြင်းတို့ကို မေလ ၂၁ ရက်မှ ဇွန်လ ၂၅ ရက်အထိ ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ စီးနင်းမှုတွေကို မေလ ၁၆ ရက်ညပိုင်းကနေ ၁၇ ရက်နေ့အထိ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။နဂျစ်ဟာ 1MDB ရန်ပုံငွေ ဒေါ်လာ သန်း ၇၀၀ ကို အလွဲသုံးစားပြုခဲ့ကြောင်း စွပ်စွဲခံထားရပြီး မေလ ၉ ရက် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး အာဏာလက်လွှတ်ခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ တစ်ချိန်က နဂျစ်ရဲ့ဆရာတစ်ဆူဖြစ်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမဟာသီယာမိုဟာမက်က အနိုင်ရပြီး တစ်ကျော့ပြန် ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။

မလေးရှားဝန်ကြီးချုပ် မဟာသီယာ

မလေးရှားဝန်ကြီးချုပ် မဟာသီယာက နဂျစ်အစိုးရလက်ထက်မှာ အရှုပ်အထွေးဖြစ်ပြီး ပျောက်ဆုံးနေတဲ့ အစိုးရပိုင် 1MDB ရန်ပုံငွေတွေ ပြန်လည်ရရှိမယ်လို့ မျှော်လင့်ကြောင်း ပြောထားခဲ့ပါတယ်။ ယခင်ကလည်း မလေးရှားဝန်ကြီးချုပ်အဖြစ် နှစ် ၂၀ ကျော်ကြာ တာဝန်ယူခဲ့ဖူးသူ မဟာသီယာက အသက်အကြီးဆုံး ရွေးကောက်ခံခေါင်းဆောင်အဖြစ်လည်း မှတ်တတမ်းဝင်ခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က